Reviews by Benevolent
ရှေးဦး မြန်မာလူမျိုးပျူအနွယ်ဖွားတွေက ယောနယ်၊ တောင်သားလူမျိုးအဖြစ် အခုထိရပ်တည်နေကြတဲ့အကြောင်းဖတ်မိ၊ တွေ့မိတော့ ကျွန်တော် ပျူအကြောင်း အလွန်စိတ်ဝင်စားတဲ့ဓာတ်က ကြွလာတော့ ဒီစာအုပ်ကို ကိုင်ကြည့်မိခဲ့တယ်။ဒီစာအုပ်ထဲမှာ ဆရာကြီးဒေါက်တာသန်းထွန်းရဲ့ သုတေသနဇွဲ၊ သိစေချင်တဲ့စေတနာ ၊ကိုးကားညွန်းပြမှုအများကြီးတွေ့ရတယ်။
ပျူလူမျိုးတွေဟာ မြန်မာနိုင်ငံ အလယ်ပိုင်းကို ခရစ်နှစ်မတိုင်မီ ၅ ရာစု လောက်ကစတင်ဝင်ရောက်ပြီး ခရစ်နှစ် အစပိုင်းမှာ အင်အားကြီးထွားလာပြီး ခရစ်နှစ် ၄ ရာစု မှ ၉ ရာစုအထိကျယ်ပြန့်ခဲ့တဲ့ လူအဖွဲ့အစည်းဖြစ်တယ်။ပျူတွေဟာ ပြည်ထောင်စုနိုင်ငံကို ပထမဆုံးမြန်မာနိုင်ငံအတွင်း စတင်တည်ထောင်သော သူတွေဖြစ်တယ်။သရေခေတ္တရာ (ကျက်သရေရှိသောအရပ်) ကိုဘယ်မင်းဘယ်တုန်းကတည်ခဲ့သလဲ၊ ဘာကြောင့် ပျက်သလဲမေးရင် ရှေးကထားခဲ့တဲ့ ရာဇဝင်တွေမှာ အဖြေပြည့်ပြည့်စုံစုံပေးထားတယ်။ပျူလူမျိုးတွေဟာ တိဗက်-မြန်မာ နွယ်တွေဖြစ်တယ်။ ယွန်နန်နယ်စပ်မှမြန်မာနိုင်ငံအလယ်ပိုင်း ဧရာဝတီမြစ်ဝှမ်းတစ်လျောက် ခရစ်တော်မပေါ်မီ ၅ ရာစု ကတည်းက ဝင်ရောက်အခြေချခဲ့တဲ့ ပျူလူမျိုးတို့ အထင်ရှားရှိခဲ့တဲ့မြို့ကြီးတွေက ရွှေဘိုခရိုင် (ဟန်လင်းကြီး)၊ တောင်တွင်းကြီး (ဗိဿနိုး)၊ ပြည်မြို့(သရေခေတ္တရာ) တို့ဖြစ်တယ်။
ပျူမြို့တော် သရေခေတ္တရာမှာ စိုးစံသွားတဲ့မင်းတွေထဲက နောက်ဆုံးမင်းလို့ သိရတဲ့ သီဟဝိကြမ မင်းဟာ ခရစ်နှစ် ၇၁၈ ခုနှစ်က နတ်ရွာစံတယ်။ပျူလက်အောက်ခံ ၁၈ ပြည်ထောင် ရှိတယ်။ ပင်မမြို့ကြီးတွေကို လုံခြုံရေးခံတပ် ၉ မြို့နဲ့ ဝန်းရံထား။ပျူတို့ရဲ့ မြို့ပြတည်ထားခြင်းက စနစ်တကျ ရှိပုံတွေ၊ စစ်ရေးအတွက် ကြိုတင်တွက်ဆ ပုံတွေ၊ ထိုခေတ် ထိုအခါက ပျူ တွေဟာ လူနေအိမ်တွေကို အုတ်နဲ့ပဲ တည်ဆောက်ပုံ၊ အိုးလုပ်ငန်း နှင့် စဉ့်ထွင်းအိုးများ အဆင့်မြင့်မှုနဲ့ အုတ်ဖြင့်သာ မြို့ရိုးကိုတည်ဆောက်ခဲ့ကြတယ်။
လေးရာစုတွင် တောင်ပိုင်းအိန္ဒိယ စာရေးနည်းကိုသုံးပြီး ဗုဒ္ဓဝါဒ မဟာယာနဂိုဏ်း နှင့် ဟိနယာဂိုဏ်း နှစ်ဂိုဏ်းပေါ်လာပြီး ဟိနယာန ပို၍ထွန်းကားခဲ့ကြောင်း။ဗုဒ္ဓဘာသာ ကိုအများစု ကိုးကွယ်ပြီး မဟာယာန၊ ဟိနယာန၊ ဗြာဟ္မဏဝါဒ၊ နတ်ကိုးကွယ်မှု တွေလည်း ရှိခဲ့သလို ဗေဒင်ကိုလည်းယုံကြပြီး မြေပုံဘုရားတို့ကိုလည်း တည်ထားခဲ့ကြတယ်။မြို့ဟောင်း (မော်ဇာ) ဘုရားတောင်မှာ ၁၉၉၃ ကတွေ့ရှိခဲ့တဲ့ကျောက်အရိုးအိုးကျောက်စာတွေအပြင် အေဒီ ၁၁၁၂ ကရေးထိုးခဲ့သော ရာဇကုမာရ်ကျောက်စာ ၊ ပုဂံပျက်ပြီး တရုတ်တပ်များ ပုဂံမြို့တော်နေကြစဉ် ပုဂံနှင့်တကွ မြန်မာကိုသိမ်းပိုက်နိုင်ခဲ့ကြောင်း မှတ်တမ်းကျောက်စာတွင် တရုတ်၊ပျူ နှစ်ဘာသာဖြင့်ရေးထိုးထားသည်ကို တွေ့ရကြောင်း၊ အောက်ဘက် ဧရာဝတီ မြစ်ဝှမ်းတစ်လျောက် ပျူ တွေနေထိုင်ခဲ့တာ အထောက်အထား အခိုင်အမာနဲ့ မြေပုံကားချပ်၊ တွေ့ရှိသောအမှတ်အသား အချက်အလက်တွေကို ဒီစာအုပ်ထဲမှာ ပူးတွဲတင်ပြထားတယ်။
ပျူ တွေကို တရုတ်လူမျိုးတွေက "ဖျောက်" လိုခေါ်တယ်။ပျူ တွေက သူတို့ကိုယ် သူတို့ "ထုလောကျူ " လို့ခေါ်တယ်။မွန် လူမျိူးတွေက "တိရ်စုလ်" လို့ခေါ်တယ်။ပျူ တို့၏ စကားတွင် ဗျည်းမဲ့၍ အသံနေအသံထား ၈ ခုရှိတယ်ဆိုတယ်။ အသံ လေးအပေါ့ကို အစက်များနဲ့ ညွန်းတယ်လို့ ဆိုတယ်။ ပျူ သင်္ချိုင်းစာများ၊ ကျောက်အရိုးအိုးစာများအရ သိရတယ်။ပျူ လူမျိုး တို့သေလျှင် မီးသင်္ဂြိုဟ်တယ်၊ ပြာကို အိုးနဲ့ သိမ်းထည့်ပြီး မျိုးစဉ် မျိုးဆက်အတိုင်း တစ်နေရာတည်း မှာပဲ စုပြီးမြှုပ်လေ့ရှိတယ်။ သာမာန်အရပ်သားတွေက မြေအိုးနဲ့ပဲမြှုပ်တယ်၊ ချမ်းသာကြွယ်ဝသူတွေကတော့ ပြာအိုးကို ကြေးအိုး၊ ရှင်ဘုရင်၊မိဖုရားတွေအတွက် ကျောက်အိုးတွေသုံးပြီးမြှုပ်ကြတယ်။ ပြာအိုးတွေပေါ်မှာသေဆုံးသူအမည်၊ မွေးသက္ကရာဇ်၊ သေဆုံးရက်ကို
ဖော်ပြထားလေ့ရှိတယ်။
ဗိဿနိုးမှာ ရုပ်ထုမကိုးကွယ်တဲ့ ဗုဒ္ဓသာသနာဂိုဏ်းတစ်ရပ်ထွန်းကားခဲ့တယ်။ အထောက်အထားမခိုင်လုံသော ဗိဿနိုးကို ပျူမြို့(သို့) ပျူလူမျိုးများနေထိုင်ခဲ့တဲ့ဆိုတာ တိကျမှုမရှိ ကြောင်းကို စာရေးသူကရှင်းပြထားပြန်တယ်။
ပျူ မြို့တွေက လေးဒေါင့် မဟုတ်ရင် အဝိုင်းပုံ တည်၏။ထူးခြားမှုက ပျူ တွေဟာ ကျောက်ဆစ်ပညာ၊ ပုံသွန်းလုပ်မှုပညာ၊ ရုပ်ပြားရုပ်ကြွ အပြင် ပန်းထိမ် ပညာကိုပါကျွမ်းကျင် ကြောင်း အထောက်အထားများ သက်သေပြုထား။ရေထိန်သိမ်းနည်းနှင့် ဆည်မြောင်းအတတ်ပညာ ကိုလည်း တတ်သိနားလည်ခဲ့တယ်။ပျူ တွေမှာ ဝါဒအထွေထွေရောထွေးတဲ့ အတွေးအခေါ် တွေရှိတာတွေ့ရတယ်။
ဗုဒ္ဓရုပ်ပွားတော်တို့ကိုလွတ်လပ်စွာ သင့်သလိုတီထွင်ပြီးအနုပညာမြောက်စွာ ထုလုပ်ကိုးကွယ်ခဲ့ကြ။
အုတ်ခွက်ဘုရားများ လည်းသွန်းလုပ်ကြသည့်အပြင်
ဗုဒ္ဓဆင်းတုတော်တို့၏ မုဒြာလက်ဟန်အနေအထား၊
အာသန ခြေဟန်အနေအထား တို့ကိုလည်း အမျိုးမျိုး၊ထုလုပ်သုံးစွဲ ကိုးကွယ်ကြ၏။ တစ်ဦးနဲ့ တစ်ဦး နှုတ်ဆက်ရင် တစ်ယောက်လက်မောင်း တစ်ယောက်ကိုင်ပြီးတော့ ဦးညွတ်အရိုအသေပေးတယ်။ တရားစီရင်ရေးကို ဗုဒ္ဓရုပ်ပွားတော်တို့ ရှေ့မှောက်မှာ စစ်ဆေးပြီး စီရင်လေ့ရှိတယ်။ ဥပဒေမှာ ကြီးလေးတဲ့ အပြစ်မျိုးပေးလေ့မရှိတာတွေ့ရတယ်။ပြစ်မှုကြီးမရှိရတဲ့အကြောင်းရင်းတစ်ခုက သူတစ်ပါး အသက်ကို သက်ခြင်းမှ အထူး ရှောင်ကျဉ်ကြပြီး အသားကို အသေသားဘဲ စားသုံးကြတယ်လို့ပြဌာန်းထားတယ်။
ရှေးဟောင်းယဉ်ကျေးမှု ဆိုင်ရာ ထိုပျူ မြို့ များကိုကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်းအဖြစ်၂၀၁၁ နိုဝင်ဘာလ မှာ တင်သွင်းခဲ့ပြီး ၂၂ ရက်၊ ဇန်နဝါရီလ၊ ၂၀၁၄ ခုနှစ်တွင်ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းအဖြစ် သက်မှတ်ခြင်းခံခဲ့ရပါတယ်။ဖတ်ရတာအချက်အလက်များသောကြောင့် စာအုပ်အရွယ်အစားသေးပင်မဲ့ မှတ်ရတာများပါတယ်။ပျူတွေအကြောင်းကိုသီးသန့် အထူးပြုထားသလို သမိုင်းသုတေသီများကလည်းခိုင်မာခြင်းက ဖတ်ရှုသင့်တဲ့ စာအုပ်လို့ပြောရမယ်။အဖွဲ့အစည်းနှင့် ပျူ တို့၏ ယဉ်ကျေးမှုတို့သည် အဆင့်မြင့်သော စာပေပညာရပ်ရှိခြင်း၊ငွေဒင်္ဂါး သုံးစွဲမွု၊ သင်္ကေတများနှင့် ယုံကြည် ကိုးကွယ်မှုအဆောက်အဦးများ စသည် စသည် များကိုလေ့လာဖော်ပြထားသော စာအုပ်၊သမိုင်းသက်သေပြစာအုပ်ကောင်းတစ်အုပ်လို့ဘဲ ပြောပါရစေ။
Please YouTube ?
https://youtube.com/@ReviewsbyBenevolent?si=jXMFJ7sQmSqTSkV_
သမိုင်းဆိုတာ သင်ခန်းစာ၊ လူမျိုးအဆင့်အတန်းကို ပြလေ့ရှိတယ်။?
Benevolent Guy
Keep Reading