Author's Profile Photo

SarPhat Author

20/04/2024

ငါးစိမ်းသည်မ မိကျော့ (ရသဝတ္ထု အစအဆုံး)

8 mins read
Life Style
Art
ငါးစိမ်းသည်မ မိကျော့ (ရသဝတ္ထု အစအဆုံး)'s photo


ငါးစိမ်းသည်မ မိကျော့


ဈေးထဲတွင် ငါးရောင်းသူနှင့် ဟင်းရွက်ရောင်သူတို့ သတ်ပုတ်လုံးထွေးနေကြသည်။ ဈေးရောင်းသူအချို့နှင့် ဈေး၀ယ်သူအချို့ကလည်း ရပ်၍သာ ကြည့်နေကြသည်။ စည်ပင်၀တ်စုံ၀တ်ဈေးလူကြီးတစ်ဦးနှင့် ဈေးထဲမှလူကြီးတစ်ဦးတို့ လာရောက်ဖြန်ဖြေပေးကြသည်။

"တော်ကြတော့၊ မင်းတို့ကလည်းရပ်ကြည့်နေကြ၊ သွား၊ အားလုံးသွားကြတော့၊ မိကျော့၊ မတင်လှ နင်တို့မတော်ကြသေးဘူးလား"

ဈေးထဲမှ တာ၀န်ရှိ လူကြီးတစ်ဦးမှ အော်ပြောပြီး လူစုခွဲစေသည်။ ဈေးထဲက ယောက်ျားလေး ဈေးသည်အချို့က လုံးထွေးသတ်ပုတ်နေကြသော ငါးရောင်းသူမိကျော့နှင့် အသီးအရွက်ရောင်းသူ တင်လှ တို့ကို ဝိုင်းဆွဲကြသည်။

"ကောင်မ၊ ငါ့လာမစမ်းနဲ့။ ငါ့များဘာမှတ်နေလဲ၊ မိကျော့တဲ့ တစ်ကျော့ပဲရှိတယ်။ မိကျော့ကို နှစ်ကြော့လာကြော့ လို့မရဘူး"
"နှစ်ကျော့လာကြော့တော့ ဘာဖြစ်လဲ ကောင်မရဲ့၊ ငါးစိမ်းသည်မကများ ငါ့ကို ထွီ"
"သိချင်ရင် လာစမ်းကြည့်လေ၊ အဖေတို့အမရဲ့ ၊ ငါ့ကိုအရင်လာမစမ်းနဲ့ ငါ့အမေအမွေပေးထားတဲ့ ငါ့ညီမလေးကို အရင်လာစမ်းဟဲ့၊ ကောင်မရဲ့"
‌"ဟဲ့... ဖေတစ်ရာ*#@*#@ @#*@#*"

ယောကျာ်းသားတွေ စွဲထားရာကနေ အမျိုးသမီးနှစ်ဦးက မှီရာ လှမ်းစွဲကြပြန်ပါသည်။

"ဟဲ့၊ ဟဲ့!!!!! ၊ မိကျော့၊ မိကျော့!!!!! တော်တော့‌လို့ငါပြောနေတယ်။ နင်တို့တွေ ရဲစခန်းအထိ သွားချင်လို့လား"

မတင်လှက ထိုအမေးကို လျှင်မြန်စွာဖြေရင်း မိကျော့ဆံပင်အား ဆွဲထားသောလက်ကို လွှတ်လိုက်သည်။ မတင်လှ လွှတ်လိုက်သောကြောင့် မိကျော့ကလဲ မတင်လှခေါင်းကို ချုပ်ကိုင်ထားသော လက်နှစ်စလုံး လွှတ်လိုက်သည်။

"မသွားချင်ပါဘူး ဦးကြီး။"
"မသွားချင်ရင်လာ.....၊ ညည်းတို့နှစ်ယောက်လုံး ဈေးရုံးကို လိုက်ခဲ့"

မကျော့နှင့် မတင်လှတို့ စောင်းကြချိတ်ကြသော အမူအရာများ တစ်ယောက်ကို တစ်ယောက် လုပ်ရင်း ဈေးရုံးသို့ လိုက်ပါသွားကြသည်။

############

မိကျော့သည် မိဘမဲ့ တစ်ဦးဖြစ်သည်။ မိကျော့ လူမှန်းသိတတ်စ အရွယ်ထဲက ကျူးကျော်တဲလေးတွေထဲမှ ငါးရောင်းတဲ့လင်မယားက ခေါ်ယူမွေးစားထားကြသည်။ ကျူးကျော်ရပ်ကွက်ထဲမှ ပြောကြသည်များကတော့ မိကျော့ကို ကျူးကျော် ရပ်ကွက်ထိပ်က အမှိုက်ပုံမှာ လာပစ်သွားတာဖြစ်သည့်အတွက် ငါးရောင်းကြတဲ့ လင်မယားက ကောက်ယူမွေးစားကြသည်တဲ့။

မိကျော့ ဘာလို့ ရိုင်းရသည်၊ ဘာကြောင့် မိကျော့ဟု ခေါ်သည်ဆိုသည်က သူမနေထိုင်ရာ ပတ်၀န်းကျင်သည် ကျူးကျော်နေရာလည်း ဖြစ်သည်၊ လူပေါင်းစုံ စရိုက်ပေါင်းစုံနှင့် စကားကြမ်းကြမ်းများကို အများဆုံးသုံးနှုံးပြောကြသည့်အတွက် မိကျော့သည် မသင်ရပဲ နားရည်၀ကာ တတ်မြောက်လာသည်။ နာမည်မှာ ကောက်ယူမွေးစားသည့် အချိန်ထဲက မသိရ၊ သို့ပေမယ့် မိကျော့ကို လှလှပပလေး ပြင်ပေးလိုက်လျှင် ကျော့ကျော့မော့မော့လေးနှင့် ချစ်စရာကောင်းလှသောကြောင့် မိကျော့ဟု ရပ်ကွက်က ခေါ်ကြရင်း တွင်သွားခြင်းဖြစ်သည်။

မိကျော့သည် ပညာရေးမှာ ကံမကောင်းပါ၊ မိကျော့ကို ကျူးကျော်ရပ်ကွက်နေသူများက ကျောင်းထားရန် ဝိုင်းပြောကြသောကြောင့် သုံးတန်းအထိ ကျောင်းနေခဲ့ရသည်။ နောက်ပိုင်းတွင် မွေးစားမိဘများက ကျောင်းဆက်မထားကြတော့ပဲ မိကျော့ကို ဈေးရောင်းချသောနေရာသို့ နေ့စဉ်ခေါ်သွားတော့သည်။ ထိုအခါ မိကျော့သည် ဈေးရောင်းချခြင်းကို တတ်မြောက်လာသည်။ မိကျော့သည် စာမတတ်ပေမယ့် ဂဏန်းသခ်ျာတွင်တော့ လျင်မြန်ဖျတ်လတ်စွာ တတ်လေသည်။

မိကျော့သည် အသက် ၃၂ အရွယ် သန်တုန်း၊ မြန်တုန်း၊ ဖျက်လတ်တုန်း ဖြစ်သည်။ မိကျော့သည် အသက်သာ သုံးဆယ်ကျော်ပေမယ့် ပုရိသတို့ ငေးလောက်သည့် ကိုယ်လုံးကိုယ်ပေါက်ရှိသည်။ မိကျော့ရဲ့ အိမ်ထောင်ရေးသည် ယခင်တုန်းကတော့ ကံမကောင်းပါ။ အသက် ၁၂ အရွယ်မှာ မွေးစားမိဘတွေက မိကျော့ကို ကိုယ်ပိုင် ဆိုင်တစ်ခု ခွဲထွက်စေသည်။ ထိုသို့ ခွဲထွက်ပြီး လပိုင်းတွင်ပင် ဈေးရောင်းချရာအနီးက အရက်ဆိုင်ပိုင်ရှင်ရဲ့သား အသက် ၂၀ အရွယ် ကောင်လေးနဲ့ အိမ်ထောင်ကျလေသည်။ မွေးစားမိဘများကလည်း မိကျော့အိမ်ထောင်ကျပြီဖြစ်သည့်အတွက် မိကျော့ကို အိမ်ခွဲနေစေသည်။ မိကျော့ယောက်ျားသည် သူမနှင့် ရပြီးထဲက အိမ်ထောင့်တာ၀န်မကျေပွန်ပဲ အရက်သာ သောက်နေသည်။ မိကျော့နှင့်လည်း အရက်ဖိုးတောင်းသည့် ရက်တိုင်း ရန်ဖြစ် စကားများသည်ချည်း။ တစ်နေ့မှာ မိကျော့တို့ လင်မယား အကြီးအကျယ်ရန်ဖြစ်လေသည်။ မိကျော့သည် သူ့ယောက်ျား အရက်သမားကိုတော့ သူချစ်သည်။ ဘာမှ ပြန်မလုပ်။ သူ့ယောက်ျားကသာ သူမကို ပါးတွေရိုက်၊ ခြေထောက်နဲ့ ကန်၊ နောက်ဆုံး မိကျော့ သည်းမခံနိုင်တော့သည့်အဆုံးမှ နီးစပ်ရာ အရက်ပုလင်းအခွံနှင့် ကောက်ပြီးထုခဲ့သည်။ ခေါင်းကွဲရုံကလွဲ၍ ဒဏ်ရာအပြင်းအထန်မရချေ။ ပြီးနောက် မိကျော့ သူ၏ယောက်ျားကို လုံး၀လှည့်မကြည့်တော့ပဲ ပစ်ထားခဲ့ကာ တစ်ခုလတ်ဘ၀သို့ ရောက်ခဲ့ရလေသည်။ ပထမအိမ်ထောင်ရေး ကာလသည် လပိုင်းမျှသာ ကြာခဲ့သည်။ ဤတွင် မိကျော့၏ ပထမအိမ်ထောင်ရေးဇာတ်လမ်း ပြီး၏။

မိကျော့သည် ယခုယူထားသော ယောက်ျားနှင့်ဆိုလျှင် သုံးယောက်ရှိပြီဖြစ်သည်။ မိကျော့
သည် မဟုတ်မခံ၊ လူပေါ်လူကြောမခံသူ၊ စိတ်ဓာတ်မာသူတစ်ဦးဖြစ်သည်။ မိကျော့သည် အသားလည်းမဖြူ၊ အသားလည်းမညို၊ အသားလတ်သည်။

မိကျော့၏ ဒုတိယယောက်ျားကိုတော့ ဖဲဝိုင်းမှာ စုံခြင်းဖြစ်သည်။ မိကျော့နှင့် တစ်ဝိုင်းထဲ အတူတူဖဲရိုက်ကြရင်း တစ်ခြားသူက ဖဲလိမ်ရိုက်သည်ကို တွေ့ပြီး မိကျော့ဝုန်းဒိုင်းကြဲရာမှ ဒုတိယယောက်ျားဖြစ်မည့်သူက ဝိုင်းဖျန်ဖြေပေးရင်း နောက်ပိုင်းအချိန်ပြည့် ဖဲဝိုင်းမှာတွေ့ဖြစ်ကြသည်။ ဖဲဝိုင်းကလူတွေ ဝိုင်းပြောကြသည့်အတွက် ဖဲဝိုင်းမှာပဲ လက်ထပ်ဖြစ်ကြသည်။

သူမ၏ ဒုတိယယောက်ျားသည်လည်း ဘာအလုပ်မှမလုပ်၊ ဖဲဝိုင်းရှိသော အရပ်တွင်သာ အချိန်ကုန်သည်က များသည်။ မိကျော့ ဒုတိယယောက်ျားရချိန်တွင် အသက် ၁၅ နှစ်ရှိပြီဖြစ်သည်။ ဒုတိယယောက်ျား၏ အသက်သည် သုံးဆယ်ကျော် ဖြစ်သည်။ မိကျော့ထက်အသက်ကြီးသည်။

မနက်တစ်ကြိမ် ညနေတစ်ကြိမ် ပျံကျ ငါးရောင်းရသည်။ ယောကျာ်းဖြစ်သူကတော့ သူမ၏ ဈေးဗန်းအနားတောင် မကပ်၊ ထို့ကြောင့်နေ့လည်ပိုင်း ဈေးနားသည့်အချိန်တွင် ယောက်ျားရှိရာ ဖဲဝိုင်းကို ထမင်းနှင့်ဟင်းများ ၀ယ်သွားကာ ရှာပုံတော်ဖွင့်ရသည်။

တစ်နေ့တော့ မိကျော့ယောက်ျား ဖဲအရှုံးကြီး ရှုံးလေသည်။ ထိုအခါ မိကျော့၏ စုဆောင်းထားသော ငွေအချို့ကို ခိုးယူလေတော့သည်။ မိကျော့ထိုနေ့က ဈေးမထွက်ဖြစ်၊ ထို့ကြောင့် လင်မယားနှစ်ယောက် ပက်ပင်းတိုးလေသည်။ လိုလေသေးမရှိရအောင် မိကျော့ကထားပေမယ့် ယခုလိုခိုးသည်ကိုတော့ မိကျော့လုံး၀မကြိုက်၊ မိကျော့က ပညာမတတ်သူမို့ သူ့ငွေကို ခိုးရကောင်းလားဆိုပြီး ဆဲဆိုရန်လုပ်တော့သည်။ ထိုအခါ ငွေခိုးခြင်းမှ အစပြုပြီး အကြီးအကျယ် ရန်ဖြစ်တော့၏။ နောက်တော့လည်း ဒုတိယယောက်ျားနှင့် ကွဲရ ကွာရ ပြန်ပါသည်။ ဒုတိယယောက်ျားနှင့် တစ်နှစ်ကျော်ကြာ ပေါင်းသင်းခဲ့ရသည်။

ယခုလက်ရှိ မိကျော့ယူထားသော သုံးယောက်မြောက် ယောက်ျားသည် ဆိုက္ကားသမားတစ်ဦးဖြစ်ပြီး မုဆိုးဖိုလည်းဖြစ်သည်။ မိကျော့သည် အသက် နှစ်ဆယ်ကျော်၊ သူမ၏ယောက်ျားသည် သုံးဆယ်ကျော် ဖြစ်ပြီး သမီးတစ်ယောက် ပါသည်။ မိကျော့၏ယောက်ျားနှင့် သမီးတို့သည် မိကျော့ကို ချစ်ကြသည်။ ဆိုက္ကားသမားကိုမြတ်ကျော်နှင့် မိကျော့တို့ ဈေးရောင်းရန် ဆိုက္ကားနှင့် ပစ္စည်းများသည်ရင်းက တွေ့ကြသည်။ နေ့တိုင်းဆိုက္ကားငှားရင်းက တစ်ယောက်အကြောင်း တစ်ယောက်သိကြပြီး မိကျော့ကို ကိုမြတ်ကျော်က သနားစိတ်၀င်၊ မိကျော့ကလည်း ကိုမြတ်ကျော်ကို သနားစိတ်၀င်ကြပြီး ချစ်ကြကြိုက်ကြကာ လက်ထပ်ဖြစ်ကြသည်။

မိကျော့သည် ယခုတစ်ခါမှာတော့ ယောက်ျားရကံကောင်းသည်။ မိကျော့ကို အလိုလိုက်သည်။ ဒါလုပ်တာမကြိုက်ဘူးဆို လုပ်ကိုမလုပ်ဘူး၊ သမီးလေးကိုလည်း မိကျော့ချစ်သည်။ သမီးလေးက ငါးတန်းတက်နေသည်။ အရင်ယောက်ျားတွေနဲ့တုန်းက ကလေးမယူဖြစ်ခဲ့သည်က သာ၍ကံကောင်းသည်။ နို့ဆို ကလေးတွေ တစ်ပြုံကြီးနှင့် ဒုက္ခပင်လယ်ဝေနေမည်ဖြစ်သည်။ သမီးလေး၏ နာမည်မှာ မေဖူးငုံ ဖြစ်သည်။ စာလည်းတော်သည်။ ထို့ကြောင့် မိကျော့သည် သမီးလေး ဖူးဖူးကို တုန်နေအောင်ချစ်သည်။ ဈေးထဲရန်မဖြစ်အောင်လည်း နေသည်။ သမီးလေးသည် မိကျော့ရန်ဖြစ်သည်ကို မကြိုက်ပေ။

ယနေ့မှာတော့ မိကျော့ရန်ဖြစ်ခဲ့ရသည်။ ဖြစ်ပုံကလည်း ဈေးသည်တွေ နေရာလုရင်း ဖြစ်ရာမှ မိကျော့က ၀င်ရောက်ဖျန်ဖြေပေးရင်း အသီးအရွက်သည်နှင့် ရန်ဖြစ်မိတော့သည်။ မိကျော့ သမီးလေးဖူးဖူး စိတ်ဆိုးမည်ကိုတော့ ကြောက်နေမိတော့သည်။

##########

မိကျော့ ဈေးသိမ်းလာပြီ။ ကိုမြတ်ကျော်က ဆိုက္ကားပေါ်မှ ဈေးဗန်းကိုချနေတုန်း၊ မိကျော့အိမ်ပေါ်သို့ တက်သွားသည်။ ယခု မိကျော့တို့ငှားထားသော အိမ်ကလေးသည် ပျဉ်ကာ သွပ်မိုးလေးဖြစ်သည်။ အရင်ယောက်ျားတွေနှင့်တုန်းကတော့ ကျူးကျော်ရပ်ကွက်ထဲ ဖြစ်သလို တဲထိုးပြီးတော့သာ နေခဲ့ရသည်။

မိကျော့ အိမ်ပေါ်သို့ ရောက်ပါပြီ။ ရေမိုးချိုးရန်မပြင်ဆင်သေးပဲ ဖူးဖူးအနားသို့ တိုးကပ်သွားသည်။ ဖူးဖူးလေးသည် အိမ်ရှေ့ခန်းတွင် စာလုပ်နေသည်။

"သမီးလေး၊ စာလုပ်နေတာလား။ ရော့.... ၊ ဒီမှာ သမီးလေးအတွက် မုန့်ဖိုး"
"ဖူးကို မနေ့က ပေးထားတာ ရှိသေးတယ်၊ မေမေပဲ သိမ်းထားလိုက်တော့။ ဈေးရော ရောင်းကောင်းလား မေမေ၊ ဈေးထဲမှာ ရန်ဖြစ်သေးလား"
"ဈေးရောင်းကောင်းပ၊ ကဲ.....၊ ဒါဆို မေမေ ရေချိုးလိုက်ဦးမယ်"
"မေးတာမဖြေရသေးဘူးနော်၊ ဈေးထဲမှာ ရန်ဖြစ်ခဲ့သေးလားလို့.....။"

မိကျော့ ဘယ်လိုဖြေရမည် မသိ။ သမီးလေးဖူးဖူးက ရန်ဖြစ်သည်ကိုမကြိုက်။ သမီးလေး စိတ်ဆိုးမည်ကိုလည်း စိုးရိမ်နေသည်။

"ကိုမြတ်ရေ.....၊ အဲ့မှာ ဟင်းချက်စရာတွေပါတယ်၊ ယူလာခဲ့။ ရေမိုးချိုးပြီး ချက်ရပြုတ်ရဦးမယ်"
"လာပြီကျော့ရေ၊ လာပြီ။"
"အမေ၊ ဈေးထဲမှာ ရန်ဖြစ်ခဲ့သေးလားလို့ သမီးမေးနေတယ်လေ"
"ကိုယ့်စာ ကိုယ်လုပ်၊ အရည်မရအဖတ်မရတွေ မပြောစမ်းနဲ့၊ အမေ့မှာ ပင်ပမ်းလာရတဲ့အထဲ"

သမီးကို ပြောဆိုပြီး ရေချိုးရန်ပြင်ဆင်လေသည်။ ကိုမြတ်ကျော်ကို သူမရန်ဖြစ်ခဲ့သည့်အကြောင်း သမီးကို မပြောရန်မှာထားသည့်အတွက် သူမ စိတ်အေးရသည်။ ကိုမြတ်ကျော်က မိကျော့ မလုပ်နဲ့ဆို လုံး၀ မလုပ်သူတစ်ဦးဖြစ်သည်ကို မိကျော့သိသောကြောင့် ဖြစ်သည်။

##########

မိကျော့ အပေါင်းအသင်းကြောင့် တစ်နေ့တွင် ဖဲဝိုင်းရောက်သွားသည်။ ကိုမြတ်ကျော်က မိကျော့ဖဲရိုက်သည်ကို မကြိုက်၊ သို့ပေမယ့် မိကျော့ကိုချစ်၍ အလိုလိုက်ကာ လွှတ်လိုက်သည်။ သမီးလေးကလည်း ကျောင်းသွားနေသည်။ ထို့ကြောင့် ကိုမြတ်ကျော်ကို သမီးလေးကျောင်းလွှတ်အမှီ ပြန်လာမည်ဟု ကတိပေးခဲ့ပြီး ဈေးရောင်းမထွက်ပဲ ဖဲသွားရိုက်သည်။

နေ့လည်ခင်းအချိန်သို့ရောက်လာချေပြီ။ မိကျော့သည် ဖဲဝိုင်းထဲတွင် ဆရာကျနေသည်။ ဖဲနိုင်နေသည်။

"ဒီတစ်ပွဲပြီးရင် မိကျော့ ပြန်တော့မယ်နော်၊ နောက်တစ်ပွဲ ထပ်မဆော့တော့ဘူး"
"ဘာလဲ၊ အနိုင်ပိုင်းတာလား၊ မိကျော့၊ နင်ပြောင်းလဲသွားတယ်နော်"
"မဟုတ်ဘူးဟေ့၊ ငါ့သမီး ကျောင်းပြန်လာတော့မယ်လေ၊ ငါမပြောင်းလဲလို့ မရဘူးလေဟာ။ အရင်တုန်းကလို ဇိုး လုပ်လို့ မရတော့ဘူးဟ၊ အခုက ယောက်ျားအလိမ်မာတုန်းကြီးနဲ့ သမီးအလိမ်မာတုန်းလေး ရှိနေပြီလေ"
"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ တစ်ဝိုင်းလည်အောင်တော့ ကစားနော်.....၊ တစ်ပွဲထဲတော့ မလုပ်နဲ့၊ ကစားရတာ ဖီးလ်မရှိဘူး"
"အဲ့ဒါဆိုလဲ မြန်မြန်ဝေဟယ်"

ဖဲဝိုင်းထဲ မိကျော့နှင့် မိကျော့သူငယ်ချင်းတို့ အချင်းချင်း စကားပြောနေကြသည်။ ဝိုင်းထဲတွင် ယောက်ျားလေးများလည်းပါသည်။ ဖဲဝေသူက ယောက်ျားလေးတစ်ဦး ဖြစ်သည်။ ဖဲဝေသူက ဖဲထုတ်ကို ဝေပြီး ဖဲချပ်တစ်ချပ်ကို ခိုးထားလိုက်သည်ကို မိကျော့မြင်လိုက်သည်။

##########

ကိုမြတ်ကျော် ဆိုက္ကားနင်းလာသော လမ်းခုလတ်တစ်နေရာအရောက်တွင် လူလတ်ပိုင်း အမျိုးသားကြီးတစ်ရောက် ပြေးလာကာ ကိုမြတ်ကျော်ကို လှမ်းတားပြီး ဤသို့ ပြောလေသည်။

"ကိုမြတ်ကျော်၊ ခဗျားကိုလိုက်ရှာနေတာဗျာ။ မောလိုက်တာ"
"ဘာလဲ၊ ဆိုက္ကားငှားမလို့လား၊ ကျွန်တော်နင်းတဲ့နေရာ ခဗျားလည်းသိနေတာပဲ၊ ကျွန်တော့ကို အခုလိုလိုက်ရှာတော့ မောပြီပေါ့။ ကဲ.....၊ လာဗျာ၊ တက် ဆိုက္ကားပေါ်။"

ကိုမြတ်ကျော်က ဆိုက္ကားကူရှင်လှန်လိုက်သည်။ ကိုမြတ်ကျော်ကို လာရှာသောသူကလည်း ဆိုက္ကားပေါ် တက်ထိုင်လိုက်သည်။

"ကဲ.....၊ ကျုပ်ဘယ်ကိုနင်းရမလဲ"
"ခဗျားမိန်းမ ရှိတဲ့နေရာကို နင်းဗျာ"

ထိုစကားကြားသောအခါ ကိုမြတ်ကျော်က တိုးတိုးပြန်ပြောသည်။

"ကျုပ်မိန်းမက ဈေးရောင်းမထွက်ဘူးဗျ"
"အင်း၊ သိတယ်။ အဲ့ဒီနေရာကိုပဲပြောတာဗျ။ ခဗျားကိုပြောရတာ မောတယ်ဗျာ။ မြန်မြန်သွားရအောင် အရေးကြီးလို့ပါဗျ"
"အော်...၊ ဝိုင်းကောင်းမမှီမှာ စိုးလို့နဲ့တူတယ်။ ဝိုင်းက မနက်ထဲကစတာ။ ကျုပ်မိန်းမ ကျော့ ဆိုမနက်ထဲက ဈေးရောင်းမထွက်ပဲသွားတာဗျ"
"ဝိုင်းကောင်းမမှီမှာ စိုးလို့မဟုတ်ဘူးဗျို့၊ ပွဲကောင်းမမှီမှာ စိုးလို့ဗျ။ ဓားထိုးမှု ဖြစ်လို့တဲ့၊ မြန်မြန်နင်းပါဗျ။ ခဗျားမိန်းမ မိကျော့လည်း ပါနေတယ်။"
"ဗျာ!!!!!.....၊ ကျော့၊ ကျော့ အဆင်ပြေရဲ့လားဗျာ"
"ကျုပ်လည်းဘာမှမသိဘူး၊ ဟိုရောက်မှသိမှာ အဲ့ဒါကြောင့် မြန်မြန်နင်း ကိုမြတ်ကျော်ရေ"

ကိုမြတ်ကျော် ဘာမှဆက်မပြောတော့ပဲ ဆိုက္ကားကို ဒုန်းဆိုင်း စ၍ နင်းလေတော့သည်။ ကိုမြတ်ကျော်ရင်ထဲ ဘာလောင်ဆူနေသည်။ သူမ ဘာမှမဖြစ်ပါစေနဲ့ လို့လည်း စိတ်ထဲ ဆုတောင်းနေမိတော့သည်။

##########

ဓားထိုးမှု ဖြစ်သော အိမ်တွင် လူအများဝိုင်းနေကြသည်။ ရဲများသည်လည်း ကိုမြတ်ကျော်တို့ရောက်ပြီး မရှေးမနှောင်းမှာပင် ဆိုင်ကယ်များနှင့် ရောက်လာကြသည်။ အပြင်ဘက်တွင် ကိုမြတ်ကျော်သည် မိကျော့ကိုမတွေ့သောကြောင့် အိမ်ပေါ်သို့ တက်သွားသည်။

"ဟာ!!! ကျော့!!!"

ကိုမြတ်ကျော် ပြာပြာသလဲ ပြေးတက်သွားသည်။ ဗိုက်တွင် သွေးများထွက်နေပြီး လဲကျနေသောသူမှာ မိကျော့ဖြစ်နေသည်။

"ကျော့ရယ်၊ ဖြစ်မှဖြစ်ရတယ်လို့၊ မင်းကိုကိုယ်မပြောဘူးလား၊ မင်းရဲ့ ဗီဇတွေ ဖျောက်ပါ၊ လောင်းကစားကို မမက်ပါနဲ့တော့လို့ ကိုယ်ပြောခဲ့တယ်လေ။ အခုတော့ကွာ.....။"

ဒဏ်ရာများနဲ့ လှဲနေသော မိကျော့ကို ပွေ့ဖက်ပြီး ကိုမြတ်ကျော်ပြောလေသည်။ မျက်လုံးများမှ မျက်ရည်များလည်း စီးကျလာပါသည်။ မိကျော့သည် ဒဏ်ရာ၏ အရှိန်ကြောင့် စကားကို မောမောနှင့်ပြောရသည်။

"ကို...၊ ကိုမြတ်ကျော်၊ ကျွန်မ မိ...၊ မိကျော့ကို၊ ခွင့်... ခွင့်မလွှတ်ပါနဲ့..... ၊"
"တောပါတော့ကျော့ရယ်၊ ကျော့မောနေပါ့မယ်။"
"မဟုတ်ဘူး..... ကိုမြတ်... ကျော်... ကျွန်... ကျွန်မ ဘ၀လေး၊ ကိုမြတ်ကျော်တို့..... သားအဖ ရောက်လာမှ..... ပျော်စရာ... ကောင်းတဲ့... မိသားစု... ဘ၀လေး... ကို၊ ရ... ရခဲ့ဖူးတာပါ...၊ ဒီ... အမိုက်....မ..... မိကျော့ကြောင့်..... ကို... ကိုမြတ်ကျော်နဲ့... ရထားတဲ့..... ကိုယ်၀န်ကို... အခု... လွယ်ထားရတာ... ဒါပေမယ့်..... အခု...အခု..."

မိကျော့က ဗိုက်ကလေးကိုပွက်ပြီး မျက်လုံးမှလည်း မျက်ရည်များ စီးကျလာသည်။

"ကို ... ကိုမြတ်...ကျော်၊ မိကျော့... အသေအချာ..... မှာခဲ့... ပါရစေ။ သမီးလေး.... ဖူးဖူးကို.... ကျောင်းပြီးအောင်..... ဆက်ထား..... ပေးပါ။ ဖူးဖူး.... ပညာရေး..... အတွက်...... ကျွန်မ..... ကျွန်မ..... အိမ်မှာ...... ငွေတွေ..... စု..... ထားတယ်.....။ ဖူးဖူးကို..... ပညာတတ်ကြီး..... ဖြစ်စေ..... ချင်တယ်။ ကျွန်မ..... ကျွန်မလို..... စာမတတ်...... ပေမတတ်...... ငါးစိမ်းသည်မ..... ဘ၀ကို..... မရောက်..... စေချင်ဘူး။"
"စိတ်ချပါကျော့ရယ်။ စိတ်ချပါ။"
"ကျွန်....မ..... က၊ ခွေးမြီး...... ကောက်...... ကျီတောက်...... စွပ်တဲ့၊ ငါးစိမ်း...... သည်...... မ......။"

မိကျော့စကားပြောရင်း အသက်ပါသွားတော့သည်။

"ကျော့!!!!!"

ကိုမြတ်ကျော်လည်း အော်ပြီး ငိုလေသည်။

##########

သမီးလေးဖူးဖူး ကျောင်းကပြန်လာပြီဖြစ်သည့် လမ်းတစ်နေရာတွင် အမျိုးသမီးကြီးက ဖူးဖူးကို သူမအမေ မိကျော့သတင်းကို ပြောပြလိုက်တော့ အပြေးအလွှားနှင့် အရောက်သွားလေသည်။

မိကျော့အလောင်းကို နိဗ္ဗာန်ယဉ်ပေါ် တင်မည်အပြု ဖူးဖူးလေးရောက်လာသည်။ သူမ၏အဖေ ကိုမြတ်ကျော် ငိုနေသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် အလောင်းတင်တော့မည့် ကားအနားမရဲတရဲနှင့် ကပ်လာသည်။ အလောင်းနှင့်မလှမ်းမကမ်းတွင် ရှိနေသော ကိုမြတ်ကျော်ကို သမီးလေးဖူးဖူးက လက်ဆွဲပြီး မေးသည်။

"မေမေလားဟင် ဖေဖေ။"

ထိုအခါ ကိုမြတ်ကျော်က ကားပေါ်တင်တော့မည့် မိကျော့အလောင်းကို ခဏလေးတားပြီး အုပ်ထားသော ပိတ်စလေးကို လှပ်ကာ ထပ်၍ငိုလေသည်။

"ကျော့.....၊ မင်းသိပ်ချစ်တဲ့ မင်းရဲ့သမီးလေး ရောက်လာပြီလေ။"
"မေမေ!!!၊ မေမေ!!!!!၊ မေမေ့ကို လောင်းကစားလုပ်တာ မကြိုက်ပါဘူးလို့ ပြောခဲ့တာ၊ မေမေနားမထောင်ဘူး။ ရန်ဖြစ်တာမကြိုက်ဘူးဆိုလည်း မေမေရန်ဖြစ်တယ်။ မေမေ့ကို ငါးစိမ်းသည်မလို့ သူများတွေခေါ်တာ သမီးမကြိုက်ဘူး။ မေမေ့ကိုလည်းလိမ်မာတဲ့ မေမေဖြစ်စေချင်တာ။ အခုတော့ မေမေက မလိမ်မာပဲ သမီးတို့ကိုထားခဲ့ပြီလား။ သမီးမေ့မေ့ကိုချစ်တယ်။ သမီးမေမေ့ကို မခွဲနိုင်ဘူး။ မေမေ ထွက်မသွားပါနဲ့၊ မေမေ ဟီး၊ မေမေ"

ဖူးဖူးသည်လည်း ရှိုက်ကြီးတငင် ငိုလေသည်။ မိကျော့သည် ပတ်၀န်းကျင်ကြောင့် သူမရဲ့ဗီဇကို မဖျောက်နိုင်။ သို့ပေမယ့် သူမသည် သူမ၏ ဘ၀ကို ပြောင်းလဲချင်သော စိတ်ရှိလေသည်။

ကိုမျိုး

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)