WHY:ဘာကြောင့်လဲ

-----------------------------------------------
သာမန်သဘာဝရေကြည်ရေသန့်တွေကတော့ ပုတ်နံ့မထွက်ပါဘူး။ လူတွေအသုံးပြုပြီးသား ရေဆိုးရေညစ်တွေကသာ အနံ့ထွက်တာပါ။ ဒါကြောင့်မို့လည်း မြောင်းပုတ်နံ့၊ ရေပုတ်နံ့ တွေက မြို့ပြဒေသတွေမှာသာ အတွေ့များတာပါ။
ကမ္ဘာ့မြေပေါ်ရေထုညစ်ညမ်းလာတာနဲ့ အမျှဒီလိုအနံ့အသတ်ဆိုးတွေကလည်း တစ်နေ့တစ်ခြားပိုပိုပြီး ထွက်ပေါ်လာနေပါတယ်။
-----------------------------------------------
ရေညစ်တွေကနေ အနံ့ဆိုးထွက်ရတာကတော့ ဟိုက်ဒရိုဂျင်ဆာဖိုက်(H2S) , ဖော့စဖင်း(Phosphine), မီသိန်း စတဲ့ဓာတ်တွေထွက်ပေါ် လို့ပါ။
➡️ အဲ့ဓာတ်ငွေ့တွေကရော ဘယ်လိုထွက်လာတာလဲ။
ရေဆိုးရေညစ်တွေထဲမှာဆိုရင် ရေထဲပျော်ဝင်နေတဲ့ ဓာတုဒြပ်ပေါင်းတွေရော၊ မပျော်ဝင်နေတဲ့ ဒြပ်ပေါင်း (အနည်မထိုင်တဲ့ အမှုန်အမွှား) တွေရော ပါဝင်နေပါတယ်။ ဒါတင်မကသေးဘဲ ရောဂါဖြစ်စေတဲ့ ဘတ္တီးရီးယား(pathogenic bacteria)တွေရော၊ မဖြစ်စေတဲ့ ဘတ္တီးရီးယား(non-pathogenic bacteria)တွေပါ ပါဝင်နေပါတယ်။
ရေညစ်တွေထဲကနေ ဓာတ်ငွေ့ထွက်အောင် ပြုလုပ်သူကတော့ ရောဂါမဖြစ်စေတဲ့ဘတ္တီးရီးယား ( non-pathogenic bacteria) တွေပါ။ ဒီဘတ္တီးရီးယားတွေကို အုပ်စု(၂)စု ခွဲနိုင်ပါတယ်။
- အေရိုဘစ် ဘတ္တီးရီးယား(Aerobic bacteria)
-အန်အေရိုဘစ် ဘတ္တီးရီးယား(Anaerobic bacteria)
➡️အေရိုဘစ် ဘတ္တီးရီးယား (Aerobic bacteria)
ဒီဘတ္တီးရီးယားတွေက အောက်ဆီဂျင်ရှိတဲ့ နေရာမှာ ရှင်သန်ကြီးထွားကြပြီးတော့ ရေထဲမှာပါတဲ့ ဒြပ်ပေါင်းတွေကို ဓာတ်တိုး(oxidation)စေပါတယ်။ ဓာတ်တိုးလိုက်ခြင်းဖြင့် ဓာတုဒြပ်ပေါင်း(compound) တွေထွက်ပေါ်လာပေမယ့်လည်း အဲ့ဒြပ်ပေါင်းတွေက အနံ့တော့မထွက်ပါဘူး။
➡️အန်အေရိုဘစ် ဘတ္တီးရီးယား ( Anaerobic bacteria)
ဒီဘတ္တီးရီးယား အမျိုးအစားတွေကတော့ အောက်ဆီဂျင် မရှိတဲ့နေရာမှာသာ ရှင်သန်ကြီးထွားကြပါတယ်။ ရေထဲမှာပျော်ဝင်နေတဲ့ အောက်ဆီဂျင်ပမာဏက သာမန်အခြေနေထက် နိမ့်ကျသွားပြီဆိုတာနဲ့ သူတို့ ရေထဲမှာပါဝင်တဲ့ အောဂဲနစ်ဒြပ်ပေါင်းတွေကို စတင်ဖြိုခွဲပါတယ်။
ဒီလိုဖြိုခွဲလိုက်တော့ ဟိုက်ဒရိုဂျင်ဆာဖိုက် (H2S)၊ ဖော့စဖင်း(Phosphine)၊ မီသိန်း စတဲ့ဓာတ်ငွေ့ထွက်ပေါ်လာပါတယ်။ ဒီဓာတ်ငွေ့တွေမှာ မကောင်းတဲ့အနံ့အသက်ရှိတဲ့အတွက်ကြောင့် မြောင်းပုတ်နံ့ နံရခြင်းဖြစ်ပါတယ်။
ဒီလို အနံ့အသက်မျိုးမရစေချင်ဘူး ဆိုရင်တော့ ရေကိုအသေမထားဘဲ စီးဆင်းစေလိုက်ပါ။ စီးဆင်းနေတဲ့ရေက တန့်နေတဲ့ရေထက် အောက်ဆီဂျင်ပါဝင်မှုပိုများတဲ့ အတွက်ကြောင့် အနံ့ထွက်ခြင်း အနည်းနဲ့အများ လျော့ချနိုင်ပါတယ်။
Keep Reading