SarPhat Author
အမေ စပြီးနေမကောင်းဖြစ်တဲ့နေ့က အိမ်မှာ လူတွေစုံလို့။ ဆွေမျိုးတွေနဲ့ ရွာထဲက အသိမိတ်ဆွေတွေ အမေ့ကို လာမေးကြတာပါ။ အမေ့ရောဂါက ရင်သားမှာ အကျိတ်ဖြစ်တာ။ ဖြစ်နေတာကတော့ ကြာပြီ။ အကျိတ်က သေး သေးတယ်ဆိုပြီး မခွဲလဲ ရသေးတယ် ၊ရသေးတယ်နဲ့နေလာခဲ့တာ ဒီအခြေအနေဖြစ်လာတာပါပဲ။ အမေက သူ့အကျိတ်ကို မခွဲသေးဘဲ နေတာကလဲ အကြောင်းရှိတယ်။
ကျွန်တော်တို့က မိသားစုများတယ်။
အစ်ကိုကြီးက နည်းပညာကျောင်းသား။ ကျွန်တော်ရယ်၊ အစ်မကြီး၊ အစ်မလတ်၊အစ်ကိုလတ်တို့ကလည်း ကျောင်းသားကျောင်းသူတွေချည်းပဲ။ ဒီမိသားစုမှာ အဖေရယ်၊ အမေရယ်က လုပ်လူ။ကျန်တဲ့သူက မှီခိုဆိုတော့ အမေက သူ့အရေးထက် ကျွန်တော်တို့အရေးအတွက်ပဲ ဦးစားပေးလိုက်လို့ ခုလိုဖြစ်လာတာပါ။ နောက်ဆုံး အကျိတ်ကို လွန်မှ ခွဲတော့ ကင်ဆာဖြစ်ပြီး ဆုံးတာပါပဲ။
အမေဆုံးပြီးတော့ အမေကြီးက "အင်---ငါ့သမီးလေးမှ ဖြစ်ရလေခြင်း" လို့ ပါးစပ်က ညည်းတွားလေ့ရှိတယ်။ ပြီးတော့ ပြောသေးတယ်။
"နင်တို့အဖေကတော့ နာရီတဝင်းဝင်းနဲ့"
အဖေက အရင်ကထဲက နာရီပတ်တဲ့သူပါ။ အမေ မဆုံးခင်ထဲက နာရီပတ်တာပါ။ ဒါပေမယ့် အမေကြီးက သူ့သမီးဆုံးတော့ သူ့သားမက်ကို ကြည့်ရပုံမရဘူး။
အမေကြီးက ညနေဆောင်းရင် "မနှင်းရေ---တစ်နေဝင်ပြန်ပြီဟေ့"လို့ မျက်ရည်စမ်းစမ်းနဲ့ ပြောရှာတယ်။
"အင် ငါ့သမီးလေးမှ ဖြစ်ရတယ်---ကျန်တဲ့သူဖြစ်ပါတော့လား"
အမေကြီးဆီက နေ့ရှိသရွေ့ ဒီစကားတွေပဲ ကြားနေရတယ်။
အမေကြီးရဲ့ သမီးဖြစ်သူအပေါ်ထားတဲ့မေတ္တာက ကြီးမားလှတယ်။ နှစ်တွေကြာလာတော့ သားသမီးတွေဖြစ်တဲ့ ကျွန်တော်တို့က အမေ့ကို မေ့လာကြတယ်။ ဒါပေမယ့် အမေကြီးက ကျွန်တော်တို့ကို မြင်တိုင်း "ငါ့မြေးတို့ လိမ်လိမ်မာမာနေကြ---နင့်အမေကတော့ တစ်ဘဝ တစ်ခန္ဓာပြီးသွားပြီ"လို့ ပြောလေ့ရှိတယ်။
အမေကြီးက အဖေ့ကိုမြင်ရင်တော့ ထေ့သံငေါ့သံပါတတ်တယ်။
"နင်တို့ အဖေက ကေတသသ နာရီတဝင်းဝင်းနဲ့ "
အမေကြီးရဲ့စကားတွေကို ကျွန်တော် အတွေးဝင်မိတယ်။
အမေကြီးပြောပုံက ငါ့သမီးမှ ဖြစ်ရတယ် ကျန်တဲ့သူဖြစ်ပါတော့ဆိုတော့ အဖေဖြစ်ချင်ဖြစ် မဖြစ်ရင် တခြားသူ ဘယ်သူဖြစ်ဖြစ် သူ့သမီးမဖြစ်ရင် ပြီးတာပဲဆိုတဲ့သဘော။
တကယ်တော့ အမေကြီးစကားတွေက သမီးအပေါ် ထားတဲ့မေတ္တာကြောင့် ရင်ထဲက ထွက်ပေါ်လာတဲ့စကားတွေပါ။
အမေကြီး ပြောတဲ့စကားတွေက သားမက်ကို မုန်းလို့ပြောနေတာမဟုတ်သလို တခြားသူတွေကိုလဲ မုန်းလို့ ပြောနေတာလည်း မဟုတ်ပါဘူး။
အမေကြီးက သူသိပ်ချစ်တဲ့သမီးဖြစ်သူ ဆုံးရှုံးလိုက်ရလို့ ရင်ထဲကစကားတွေပါ။ အမေကြီး အမေ့ပေါ်ထားတဲ့မေတ္တာက အတ္တမေတ္တာလို့ ဆိုရမှာပေါ့။။
နန္ဒမန်းကြယ်(တွင်းငယ်)
Keep Reading