SarPhat Author
လူ့သဘော သဘာဝအရ စာလုပ်ရတာနဲ့၊ Social Media သုံးရတာဆို ဒုတိယတစ်ခုကို ပိုကြိုက်တတ်ကြပါတယ်။ စာလုပ်တိုင်း စိတ်ကမရွှင်တော့ပဲ ဖုန်းပဲကိုင်ချင်သလိုလို၊ အိပ်ပဲ အိပ်ချင်သလို ဖြစ်တတ်တဲ့ စာဖတ်သူတို့ ရှိမယ်ထင်ပါတယ်။ ဒါဆိုရင် ဒီဆောင်းပါးလေးက ကိုယ့်ကိုယ်ကိုယ် စာလုပ်ချင်လာအောင် ဘယ်လိုဆွဲဆောင်ရမလဲဆိုတဲ့ ရှူဒေါင့်ကနေ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ ဒါဆိုရင် အောက်က အချက်ကလေးတွေကို သေချာဖတ်ပြီး အတူတူ ထိထိမိမိ စာလုပ်ကြရအောင်လား။
? ဆုချပါ ?
လူတွေက တစ်ခုခုလုပ်ပြီးလို့ တစ်ခုခုရရင် ပိုပြီး လုပ်ချင်ကြပါတယ်။ အဲ့တာကြောင့် ကိုယ့်ကိုယ်ကိုယ် ကတိပေးပါ။ ဥပမာ “ "ငါ ဒီနေ့တစ်နေ့လုံး စာလုပ်မယ်။ မနက်ဖြန်ကျရင် ကိုယ်ကြိုက်တဲ့ ကြက်ကြော်ဝယ်စားမယ်။" အစရှိသဖြင့်ပေါ့။ တစ်ခု သတိထားရမှာက စာ/ အလုပ် နည်းနည်းလေး လုပ်ပြီး ဆုက အများကြီး ခဏခဏ ယူနေရင်တော့ ထိရောက်မှု ပေါ့နိုင်ပါတယ်။
? ကိုယ့်အိမ်မက်တွေ ပြန်စဉ်းစားပါ
ကိုယ် စာလေ့လာနေတာ ပန်းတိုင်တစ်ခုကို ရောက်ဖို့ဖြစ်မှာပါ။ ဒါဆိုရင် ဘာလို့ ကိုယ်က စာစလေ့လာတာလဲ၊ ဘယ်လို အိမ်မက်တွေရှိလဲ၊ အိမ်မက်တွေ အကောင်အထည်ဖော်နိုင်ပြီးရင် ဘဝက ဘယ်လို ငြိမ်းချမ်းစရာ ဖြစ်မှာလဲ စဉ်းစားပါ။ အဆင်ပြေရင် Sticky Note ကလေးနဲ့ဖြစ်ဖြစ် ရေးထားပြီး ကိုယ်စာလုပ်တဲ့နားမှာ ကပ်ထားပါ။ ဒါက အကောင်းဆုံး စာလုပ်ချင်စိတ် ဖြစ်လာမှာပါပဲ။
? စိတ်ပြန့်စေတဲ့အရာတွေ ဖယ်ထားပါ ?
အဓိကကတော့ ဖုန်းနဲ့ Social Media ပါပဲ။ ဖြစ်နိုင်ရင် ဖုန်းကို ဝေးဝေး ထားပါ။ ဖုန်းမကြည့်ပဲ စာလုပ်ရင် တစ်နာရီနဲ့ ပြီးမယ့်ဟာကို ဖုန်းကြည့်လိုက် စာလုပ်လိုက်ဆိုရင် ၄- ၅ နာရီ ကြာသွားနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ညှာတာတဲ့အနေနဲ့ တတ်နိုင်သမျှ စိတ်စုစည်းနိုင်မှု လျော့နည်းစေတာတွေကို ကိုယ်နဲ့ဝေးရမှာ ထားပေးပါ။
? အနားယူပါ ?
ဟုတ်ပါတယ်။ အနားယူခြင်းကလည်း အာရုံစိုက်နိုင်မှုကို အများကြီး သက်ရောက်စေပါတယ်။ လူတစ်ဦးရဲ့ အကောင်းဆုံး အာရုံစိုက်နိုင်နှုန်းက မိနစ် ၂၀ ခန့်ပဲရှိပါတယ်။ ဆိုတော့ မိနစ် ၂၀ စာဖတ်ပြီး၊ ၁၀ မိနစ်ခန့် နားပေးပါ။ ပြီးရင် စာ မိနစ် ၂၀ ပြန်လုပ်၊ ၁၀ မိနစ်နား၊ အဲ့ဒီနည်းက စာကို ကြာကြာခေါင်းထဲစွဲစေမှာပါ။
? လက်တွေ့ကျပါစေ ?
ကိုယ့်ကိုယ်ကိုယ် မနှိပ်စက်ပါနဲ့။ ဥပမာ - ငါ ဒီတစ်လလုံး တစ်နေ့ကို ၁၅ နာရီ စာလုပ်မယ်တို့၊ ဒီနေ့ အစာမစား၊ မအိပ်ပဲ စာလုပ်မယ်တို့တွေ ရှောင်ပေးပါ။ ပထမဆုံး နာရီတွေမှာတော့ စိတ်တက်ကြွနိုင်ပေမယ့် နောက်ကျတော့ စိတ်ညစ်ပြီး စိတ်ဖိစီးလာမှာပါ။ လူတစ်ယောက်ရဲ့ လုပ်နိုင်စွမ်းတွေ တွက်ချက်ပြီး လက်တွေ့ကျကျ စာလုပ်ချိန်၊ အလုပ်လုပ်ချိန် ထားပါ။
? အချိန်မဆွဲပါနဲ့ ?
အခု ဒီစာဖတ်နေတုန်း တစ်ခုခုကို လေ့လာချင်စိတ် ဖြစ်လာပြီလား? ဒါဆိုရင် ချက်ချင်း ထလုပ်ပါ။ မနက်ဖြန်ကို မပို့ပါနဲ့။ ဒီနေ့လုပ်လို့ရတာကို ဒီနေ့မှာ အပြီးလုပ်ပါ။ အချိန်ဆွဲခြင်းက ကိုယ့်အိမ်မက်တွေနဲ့ ကိုယ့်ကို ပိုပိုဝေးစေတဲ့ အရာဖြစ်ပါတယ်။ စက္ကန့် ၃၀ စည်းကမ်းထားပါ။ အဲ့တာကတော့ ကိုယ့်စာလုပ်၊ အလုပ်လုပ်ချင်စိတ် ပေါ်လာတာနဲ့ စက္ကန့် ၃၀ အတွင်းမှာ ချက်ချင်းထ လုပ်ပါ။ ဒါကတော့ အထိရောက်ဆုံးဖြစ်ပါတယ်။
ကဲ… ဒီလောက်ဆို စာတွေလုပ်ချင်သွားပြီမလား။ စာဖတ်သူတို့ကလည်း လူသားဖြစ်တဲ့အလျှောက် တစ်ခုခုအာရုံစိုက်တဲ့အခါ အခက်အခဲဖြစ်တာမျိုးတွေ ရှိမှာပါ။ အဲ့ဒီအခါ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပဲ ဒီဆောင်းပါးလေးက ပြောထားတာတွေကိုသာ လိုက်နာပါ။ အဆပေါင်းများစွာ စာလုပ်ရတာ အဆင်ပြေလာမယ်လို့ ယုံကြည်ပါတယ်။ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး စာလုပ်တိုင်း စိတ်ပါပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Keep Reading