SarPhat Author

?အောင်မြင်တဲ့ အသက်မွေးဝမ်းကျောင်းနဲ့ ဘဝကို ပိုင်ဆိုင်ဖို့ ဗျူဟာတွေ အကြီးအကျယ် ခင်းပြီး အပြောင်းအလဲတွေ အများကြီး လုပ်ရလိမ့်မယ်လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ တကယ်တမ်း အောင်မြင်မှု ရရှိဖို့က ကြီးကြီးကျယ်ကျယ်တွေ လုပ်စရာ မလိုပါဘူး။
?နေ့စဉ်ဘဝမှာ ကိုယ့်ကို တိုးတက်စေမယ့် အလေ့အကျင့်ကောင်းတွေ၊ နည်းစနစ်တွေကို မွေးမြူပြီး တစိုက်မတ်မတ် လုပ်ဆောင်သွားရုံနဲ့ အောင်မြင်တဲ့ ဘဝဟာ ကိုယ် ရှိရာ ရောက်ရှိလာပါလိမ့်မယ်။ ဘယ်လိုအလေ့အကျင့်ကောင်းတွေ၊ နည်းစနစ်တွေလဲ။ သိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးထဲမှာ အဖြေရှာကြည့်လိုက်ပါ။
?ကိုယ့်ကိုယ်ကိုယ် ရင်းနှီးမြှုပ်နှံပါ
ကိုယ်ကိုယ်ကိုယ်အတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုကတော့ သင်ယူခြင်းပါပဲ။ စွမ်းရည်တွေ တစ်နေ့ထက်တစ်နေ့ ပြည့်ဝလာဖို့၊ အရည်အချင်းရှိသူတစ်ယောက်အဖြစ် လုပ်ငန်းခွင်တိုင်းမှာ ရပ်တည်နိုင်ဖို့ကို သင်ယူခြင်းကသာ ပေးစွမ်းနိုင်ပါတယ်။ စာတွေ့တင် သာမက ရင်ဆိုင်ရတဲ့ အတွေ့အကြုံတွေ၊ ကြုံဆုံရတဲ့ လူတွေဆီက အမြဲသင်ယူပါ။ တစ်နေ့နဲ့တစ်နေ့ ပိုကောင်း၊ ပိုတော်တဲ့သူ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် သင်ယူမှုကို ဘယ်တော့ မရပ်တန့်လိုက်ပါနဲ့။
?မနေ့က "ကိုယ်" နဲ့ ဒီနေ့ "ကိုယ်" နှိုင်းယှဉ်ပါ
ကိုယ့်တိုးတက်မှုကို နှိုင်းယှဉ်တိုင်းတာဖို့က တခြားသူတစ်ယောက် မဖြစ်သင့်ပါဘူး။ တခြားသူ သွားတဲ့ လမ်းကြောင်းနဲ့ ကိုယ် သွားတဲ့ လမ်းကြောင်း မတူတဲ့အတွက် ကိုယ်သာလျှင် ကိုယ့်တိုးတက်မှုအတွက် နှိုင်းယှဉ်စရာပါပဲ။ မနေ့က "ကိုယ်" ထက် ဒီနေ့ "ကိုယ်" က ဘာတွေ ပိုပြီးတိုးတက်သွားလဲ၊ အမှားတွေကို ပိုလုပ်မိနေလား၊ ဘာတွေကို သင်ယူထားပြီးသွားပြီလဲ လေ့လာနှိုင်းယှဉ်ကြည့်ပါ။ ဒီနည်းနဲ့ ကိုယ့်ရဲ့လိုအပ်ချက်၊ ကိုယ့်တိုးတက်မှုကို မြင်နိုင်မှာ ဖြစ်ပြီး ဆက်လုပ်ဆောင်ရမှာတွေကို ရှာတွေ့လာပါလိမ့်မယ်။
?ဘယ်တော့မှ မရောင့်ရဲပါနဲ့
ရောင့်ရဲတာဟာ ကိုယ် လျှောက်ရမယ့် လမ်းကို ပိတ်ဆို့ရပ်တန့်စေမယ့် ဆူးညှောင့်ခလုတ်လိုပါပဲ။ အဲ့ဒီဆူးညှောင့်ခလုတ်ကိုသာ မရှင်းလင်းဘူးဆိုရင် အောင်မြင်မှုဆီ သွားတဲ့ ခရီးလမ်းဟာ ရှည်လျားပြီး နှောင့်နှေးစေပါလိမ့်မယ်။ ကိုယ်ဟာ ကိုယ် ထင်ထားထက် လုပ်ဆောင်နိုင်စွမ်း မြင့်မားတယ်ဆိုတာ နားလည်ရပါမယ်။ ကြိုးစားမှုကို လိုအပ်တာထက် ပိုထုတ်သုံးပါ။ ကိုယ့်တန်ဖိုးက ဘာလဲ အချိန်တိုင်း အမြဲတွေးနေပါ။ လိုချင်စိတ် ပြင်းပြနေပါစေ။ အဲ့ဒီလိုချင်စိတ် ပြင်းပြမှုဟာ အောင်မြင်မှုဆီ သင့်ကို ခေါ်ဆောင်သွားပါလိမ့်မယ်။
?အကောင်းမြင်စိတ်ကို မွေးမြူပါ
အကောင်းမြင်စိတ်လို့ ဆိုလို့ အရာရာကို အကောင်းပဲ မြင်ရမယ်လို့ မထင်လိုက်ပါနဲ့။ ကောင်းတာတွေကို မြင်တတ်တဲ့ စိတ်ကို ဆိုလိုတာ ဖြစ်ပါတယ်။ ကောင်းတာတွေကို မြင်တတ်မှ ကောင်းတာတွေနဲ့ ကိုယ့်ကိုယ်ကိုယ် မွမ်းမံနိုင်ပါလိမ့်မယ်။ ကောင်းတဲ့ အခွင့်အလမ်းတွေကို ဖမ်းဆုပ်နိုင်ပါလိမ့်မယ်။ ကောင်းတဲ့သူတွေနဲ့ တွေ့ဆုံနိုင်ပါလိမ့်မယ်။ ကောင်းတဲ့ အရာတွေကို ပိုင်ဆိုင်ထားတဲ့ ဘဝဟာ တစ်နည်းအားဖြင့် အောင်မြင်တဲ့ဘဝပဲ ဟုတ်။
?ချစ်တဲ့ အရာတွေနဲ့ပဲ အချိန်ဖြုန်းပါ
ဒါက အောင်မြင်မှုနဲ့ ဘယ်လိုများ သက်ဆိုင်သလဲလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ တကယ်တော့ အောင်မြင်မှုဆီ သွားတဲ့လမ်းဟာ ထင်သလောက် မချောမွေ့တဲ့အတွက် အားအင်စုဖို့ လိုအပ်ပါတယ်။ အဲ့ဒီအားအင်ကို သင် ချစ်တဲ့ အရာတွေကပဲ ပေးစွမ်းနိုင်တာပါ။ ဥပမာ - သင် ချစ်တဲ့ မိသားစုနဲ့ အချိန်ပေး စကားပြောခြင်း၊ သင် ဝါသနာပါတာတွေကို နှစ်လိုစိတ်အပြည့်နဲ့ ပျိုးထောင်ခြင်း၊ သင့်စိတ်ကို ပျော်ရွှင်စေမယ့် အလေ့အကျင့်တွေကို မွေးမြူခြင်း စတာတွေပါပဲ။
?ပံ့ပိုးမှုကွန်ရက်တွေကို ခိုင်မာအောင် မြှင့်တင်ပါ
အောင်မြင်မှုဟာ ကိုယ့်ကြိုးစားအားထုတ်မှုရဲ့ ရလဒ်လို့ ဆိုနိုင်ပေမဲ့ တကယ့်တကယ်တမ်း စဉ်းစားကြည့်မယ်ဆိုရင် နောက်ကွယ်မှာ ကိုယ့်ကို ပံ့ပိုးနေ၊ ပံ့ပို့ပေးခဲ့တဲ့ ကွန်ရက်လေးတွေ ရှိတတ်ပါတယ်။ အဲ့ဒါတွေကတော့ ကိုယ် ခင်ခင်မင်မင် ပေါင်းသင်းရတဲ့ သူငယ်ချင်းတွေ၊ ကိုယ်နဲ့အတူ တွဲပြီးလုပ်ကိုင်တဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ကိုယ့်ကို လမ်းမှန်ရောက်အောင် သွန်သင်ဆုံးမသူတွေ၊ ကိုယ့်ကို နွေးနွေးထွေးထွေး ဆက်ဆံပေးတဲ့ မိသားစုဝင်တွေ စတဲ့ ကွန်ရက်လေးတွေကို ခိုင်မာအောင် မြင့်တင်ပါ။
ဒါဟာ သင့်ဆီကို အောင်မြင်မှုကို ခေါ်ဆောင်လာမယ့်၊ ဒါမှမဟုတ် သင့်ကို အောင်မြင်မှုဆီ ခေါ်ဆောင်သွားမယ့် အလေ့အကျင့်ကောင်းတွေပါပဲ။ ဒီအလေ့အကျင့်ကောင်းတွေကို တစိုက်မတ်မတ် မွေးမြူလုပ်ဆောင်သွားရင် အောင်မြင်တဲ့ ဘဝ၊ အောင်မြင်တဲ့ အသက်မွေးဝမ်းကြောင်းကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
Keep Reading