သင်္ကေတ
ဒီဆောင်းပါးလေး ခေါင်းစဉ်ကတော့ အနည်းငယ် ထူးဆန်းနေပါလိမ့်မယ်။
ကျွန်မလဲ ဒီနေ့မှ သိရတဲ့ အသစ်အဆန်းလေးတစ်ခုကို ပြန်ပြီး Sharing လုပ်သွားမှာဖြစ်ပါတယ်။
တချို့ စာဖတ်သူလေးတွေလည်း သိကောင်းသိနေနိုင်ကြပါတယ်၊ မသိတဲ့သူလေးတွေကတော့ အတူတူ ဆက်ဖတ်လိုက်ပါအုံးနော်။
အခုလိုမျိုး ရာသီဥတုပြင်းထန်ပြီး ပူအိုက်နေတဲ့အချိန်မှာ လူတွေ အေးအောင်ဆိုပြီး ပန်ကာလေခံကြ၊ ရေခဲရေသောက်ကြ၊ အချိုရည်ဝယ်သောက်ကြနဲ့ အတော်လေး အလုပ်ရှုပ်ကြရပါတယ်။ သဘာဝလေကလည်း မတိုက်တော့ ပူပြီး စိတ်ရှုပ်တဲ့လူတွေလည်း လူတိုင်းနီးပါးပါပဲ (ကျွန်မကိုယ်တိုင်အပါအဝင်ပေါ့)
ပူတော့ အာခြောက်ပြီး ရေဆာတာကလဲ ခဏခဏပါပဲ၊ ဒီထဲမှာ ရေသောက်ပျင်းတဲ့လူတွေလည်း ရှိမယ်ထင်ပါတယ်၊ ကျွန်မပတ်ဝန်းကျင်မှာတော့ ရှိတယ်၊ ဘယ်လောက်ပူပူ ရေသောက်ရမှာပျင်းတဲ့လူ၊ သူတို့ကလည်း ဘယ်လိုကြောင့်လဲတော့ ကျွန်မ မသိပါ၊ ပူလို့ရေတိုက်ရင် မသောက်ချင်တတ်ကြဘူး။ သောက်ရင်လည်း နည်းနည်းလေးသောက်ပြီး ပြီးသွားတတ်ကြတယ်။
ကျွန်မအထင်တော့ ရေပဲ သောက်နေရတော့ ပျင်းနေကြပြီ ထင်ပါတယ်။ အဲ့အတွက် ရေကိုပြောင်းပြီး သောက်ကြရအောင်။ ဒါဆို ဘယ်လိုပြောင်းသောက်ကြမလဲ ?
↪️ အဖြေကတော့ ဒီမှာပါ Detox Water ?
အခုလိုမျိုး အပူလှိုင်းတွေဖြတ်၊ နေအပူပြင်း ခေါင်းခဲ အပူကဲတဲ့အချိန်မှာ Detox Water လေးကို သောက်ပေးသင့်ပါတယ်၊ ပိုက်ဆံ အကုန်အကျမများဘဲ အူလမ်းကြောင်း အဆိပ်ဖြေပေရုံမက ဝမ်းလည်မှန် အသားအရေလည်း စိုပြေစေပါတယ်၊ အကောင်းဆုံး အဓိက နောက်တစ်ချက်တော့ အဆီလည်းကျစေပါတယ်။ ဝိတ်ချဖို့ စီစဉ်နေတဲ့လူတွေအတွက်လည်း ကောင်းတာမို့ ရွေးချယ်စေချင်ပါတယ်။
✔️ ဆိုတော့က Detox Water ကို ဘယ်လိုလုပ်ကြမလဲ
ဝယ်ပြီး သောက်လို့ရနိုင်စလို၊ ကိုယ်တိုင်လည်း အိမ်မှာ လုပ်နိုင်ပါတယ်။ ဒီမှာတော့ ကိုယ့်အိမ်မှာပါ တစ်ခါတည်း လိုက်ပြီး လုပ်ဆောင်နိုင်မည့် နည်းလေးတွေပါ ပြောပြပေးသွားပါမယ်။
➡️ Detox Water လုပ်မယ်ဆိုရင် သိထားရမည့် အချက်တွေက
1. အသီးစိမ်ဖို့ တစ်လီတာခွဲဆံ့ အဝကျယ်ဘူးကြီးတစ်ခု သို့မဟုတ် ကရားတစ်ခုတော့လိုပါမယ်။
2. အသီးတွေအရင်ထည့်ပြီးမှ ရေ(ရေခဲရေပိုကောင်း) အပြည့်ထည့်၊ ရေခဲသေတ္တာထဲ ထည့်ထားရတာဖြစ်ပါတယ်။
3. အရသာလုံးဝပျောက်မသွားသေးသရွေ့ နှစ်ကြိမ်၊ သုံးကြိမ်အထိ ရေပြန်ဖြည့်ပြီးစိမ်သောက်လို့ရပါတယ်။
4. ရေခဲသေတ္တာထဲမှာမဟုတ်ရင်တော့ အသီးတွေလတ်ဆတ်နေမှာမဟုတ်ဘဲ ပုပ်သွားနိုင်ပါတယ်။
5. တစ်ခါစိမ်ပြီးရင် နေ့ချင်းပြီးသောက်တာ အကောင်းဆုံးပါပဲ။ ပုပ်သွားတတ်လို့ပါ။
6. ခါးသက်သက်အရသာ မပါစေချင်ရင် အချဉ်သီးတွေကို အခွံခွာထည့်ပါ သို့မဟုတ်လေးနာရီကျော်ရင် အခွံပါတဲ့အသီးတွေကို ဖယ်လိုက်ပါ။
ပြီးတော့ အလွယ်ဆုံးလိုက်လုပ်နိုင်မည့် နည်းလမ်း ၆ မျိုးကိုပါ တစ်ခါတည်း ဖော်ပြပေးလိုက်ပါတယ်။
အလွယ်ဆုံး Detox Water လုပ်နည်း (၆) မျိုး ✨
(၁) Apple Cinnamon Honey Detox Water (ပန်းသီး၊ပျားရည်၊သစ်ကြံပိုးခေါက် )
ပန်းသီးတစ်လုံးကို အူတိုင်နဲ့အစေ့ဖယ်ပြီး ပါးပါးလှီးပါ
သစ်ကြံပိုးခေါက် တစ်ချောင်း(အမှုန့်မထည့်ရပါ)။
ပျားရည်စစ်စစ် နှစ်ဇွန်း။
(၂) Slim Down Detox Water (အဆီကျDetox)
သံပရာသီးတစ်ခြမ်း
သံပရိုသီးတစ်ခြမ်း
ဂရိတ်ဖရုသီး တစ်ခြမ်း
သခွားသီးတစ်လုံး ကိုအကွင်းလှီးပါ။
(၃) Watermelon Strawberry Mint Detox Water (ဖရဲသီး၊စတော်ဘယ်ရီ )
ဖရဲသီးတစ်စိတ်ကို အတုံးလေးတွေလှီးပါ။
စတော်ဘယ်ရီ ငါးကျပ်သားလောက်ကို တစ်ခြမ်းစီခြမ်းထားပါ။
ပူစီနံရွက် ၆ ရွက် (အနံ့ထွက်ရုံလောက်လေး လက်နဲ့ဖွဖွချေလိုက်ပါ)
(၄) Cucumber Lemon Basil Water (သခွားသီး၊သံပရာ၊ပင်စိမ်း)
သခွားသီးအရွယ်တော်တစ်လုံးအကွင်းလှီးပါ
သံပရိုသီးနှစ်စိတ်
ပင်စိမ်းရွက် သုံးရွက်
(၅) Strawberry Lemon Mint Detox Water (စတော်ဘယ်ရီ၊သံပရို)
သံပရိုသီးတစ်လုံးကို ပါးပါးအကွင်းလှီးပါ
စတော်ဘယ်ရီ ၁၅ လုံးကိုလေးစိတ်စီစိတ်ပါ
ပူစီနံရွက် ၅ ရွက်
(၆) Citrus Mint Detox Water (ဗီတာမင်စီ အသီးစုံ)
(အဆီကျမြန်စေနိုင်တဲ့ Detox အချိုးအစား ဖြစ်လို့ အစာအိမ်ရောဂါရှိသူတွေ မသင့်တော်ပါ)
ပါးပါးကွင်းလှီးထားတဲ့ သံပရာသီး ၃ လုံး
သံပရိုသီး တစ်လုံး
ပူစီနံ ၁၅ ရွက်ခန့်
ဒါတွေက ပုံမှန် စားသုံးနေကျ အသီးအနှံတွေနဲ့ပဲ ကိုယ်တိုင်ပြုလုပ်တာဖြစ်တဲ့အတွက် သန့်ရှင်းမှုနဲ့ လတ်ဆတ်မှုကို ပိုစိတ်ချရပါတယ်။ ကိုယ်နှစ်သက်ရာ အချိုမများ၊ အမှည့်မလွန်တဲ့ အသီးအနှံတွေလည်း ထပ်ပေါင်းထည့်နိုင်ပါတယ်၊ စစိမ်တည်းက တစ်ခါတည်း အတူတူထည့်ဖို့တော့ လိုပါတယ်။
ကဲ.....ဒါကြောင့် အသစ်အဆန်းလေး စမ်းပြီး လိုက်လုပ်ကြည့်ဖို့ ရေးသားလိုက်တော့သည်။
လုပ်နည်း Video တွေကိုတော့ အောက်က Telegram Channel မှာ တင်ပေးထားပါတယ်ရှင့်။
My Collections
April 16 Tuesday 2024
8:35 PM (@Ag)
Keep Reading