Author's Profile Photo

မိုးနှောင်းအလင်္ကာ

1/07/2025

"ငိုလို့မရတော့ဘူး ဆိုလျှင်

1 min read
Life Style
Health
General Knowledge
"ငိုလို့မရတော့ဘူး ဆိုလျှင်'s photo

စိတ်ခံစားချက်တွေကို ထိန်းချုပ်သင့်တယ်ဆိုတဲ့ စကားက မှန်သင့်သလောက်မှန်တယ်။ ဒါပေမဲ့ စိတ်အညစ်အကြေးတွေကို လျှော်ဖွတ်သင့်တယ်ဆိုတာကိုတော့ လူတစ်ချို့မေ့နေတတ်ကြတယ်။

အဝတ်တစ်ခုလျှော်ဖို့အတွက် ဆပ်ပြာရှိတယ်ဆိုရင်တောင် လျှော်ဖို့ရေမရှိရင်အလကားဘဲ။ စိတ်အညစ်အကြေးတွေကိုလျှော်ဖို့ ငိုလိုက်တယ်ဆိုတာ ဆပ်ပြာနဲ့ရေ ရောပြီး စိတ်အဝတ်ကို ဖွတ်တိုက်လိုက်တာနဲ့ အတူတူဘဲ။ ငိုပြီးတဲ့အချိန်မှာ စိတ်က လန်းဆန်းပြီး ပိုထိန်းချုပ်လာနိုင်တယ်။ စိတ်ခံစားချက်တွေ ပိုမိုကောင်းမွန်လာမယ်။ ဒါက ငိုလိုက်ခြင်းရဲ့ အဓိက သော့ချက်ဘဲ။

ပထမတစ်ခါ ငိုချင်တယ်ဆိုပေမဲ့ ထိန်းချုပ်တယ်။ ဒုတိယတစ်ခုလည်း ထိန်းချုပ်တယ်။ တတိယ မှာလည်း မငိုဖို့တွေးတယ်။ အဲ့လိုနဲ့ ၄ကြိမ်မြောက် ၅ကြိမ်မြောက် ရောက်တဲ့အခါ ငိုချင်ရင်တောင် ငိုလို့မရတော့တဲ့ စိုးရိမ်စရာ စိတ်အခြေအနေ တစ်ခု ဖြစ်လာတယ်။ ငိုလို့မရဘူး ဆိုတာကမဖြစ်နိုင်ပါဘူး။ တကယ်က ကိုယ့်စိတ်က ငိုဖို့ဆန္ဒမရှိတော့တာမျိုး ပါ။

ဘာ့ကြောင့် အဲ့ဒီလို ဖြစ်တာလည်း?

  • စိတ်ခံစားချက်တွေကို အမြဲဖိဆို့နေခြင်း။


စိတ်ဖိစီးမှုတွေ များလွန်းတဲ့အခါ၊ အလုပ်ကိစ္စတွေ၊ ကျောင်းကိစ္စတွေကြောင့် စိတ်အဆင်မ​ပြေတဲ့အခါနဲ တခြားသော အကြောင်းအရင်းများစွာကြောင့် ငိုချင်လာတဲ့ အခါမျိုးမှာ -

  1. မိသားစုတာဝန်တွေကိုထမ်းနေရတဲ့ လူဖြစ်လို့၊
  2. ငိုတယ်ဆိုတာက အားငယ်တတ်တဲ့လူတွေအလုပ်လို့ မှတ်ယူထားလို့၊
  3. ငိုဖို့ကို ရှက်ရွံနေလို့၊


စတဲ့အကြောင်းပြချက်တွေကြောင့် စိတ်ခံစားချက်တွေကို အမြဲဖိဆို့နေမယ်ဆိုရင် ထပ်ဖိရင်းဖိရင်းနဲ့ စိတ်ကျရောဂါ ဖြစ်နိုင်ခြေများတဲ့ အပြင် ဖိထားတာတွေ အုံကြွလာတဲ့အခါ ပိုဆိုးတဲ့အခြေအနေတစ်ခုဖြစ်လာနိုင်ပါတယ်။

အဆိုးဆုံး အခြေအနေတွေဆိုရင် ဘယ်လိုဖြစ်လာနိုင်မလည်း?

  • 1. စိတ်ဖိစီးမှုတွေ မြင့်တတ်လာခြင်း။

စိတ်ထဲမှာ ခံစားနေရတာတွေ ထွက်မလာတဲ့ အတွက် သာမန်လူတွေထက် စိတ်ဖိစီးမှုတွေ၂ဆမြင့်တတ်လာခြင်းမျိုးဖြစ်တတ်ပါတယ်။

  • 2. စိတ်ဖျားနာခြင်း။

ငြီးငွေ့လာပြီး ဆက်မလုပ်ချင်တော့ဘဲ အားလျော့နေတာမျိုးပါ။ စိတ်အခြေအနေအရ ဖျားနာနေတဲ့ အတွက် ရုပ်ပိုင်းဆိုင်ရာမထိခိုက်ဘူးဆိုရင်တောင် ဘာမှလုပ်ဖို့ဆန္ဒမရှိတော့တာမျိုး မကြာခဏ ဖြစ်လာတတ်ပါတယ်။

  • 3. ခန္ဓာကိုယ် ထိခိုက်လာခြင်း။

စိတ်အခြေအနေကြောင့် အိပ်လို့မရတာ၊ စားလို့မဝင်တာတွေ ဖြစ်လာပြီး ရုပ်ပိုင်းဆိုင်ရာကိုလည်း ထိခိုက်လာပါမယ်။

  • 4. မသင့်တော်တဲ့အတွေးများဝင်လာခြင်း။

စိတ်အခြေအနေတွေဟာ အပြင်ကိုအန်ထွက်မရတဲ့အတွက် စိတ်အတွင်းထဲမှာ ရှုပ်ထွေးလာပြီး မိမိကိုယ့်ကိုယ် ထိခိုက်အောင်လုပ်လာနိုင်တဲ့ အခြေအနေမျိုးအထိ ဖြစ်လာပါလိမ့်မယ်။

အဲ့ဒီလို စိတ်အခြေအနေတွေနဲ့အတူ၊ ငိုဖို့ဆန္ဒမရှိတော့တာမျိုးဆိုရင် ဘာလုပ်သင့်မလည်း?

  • 1. ခံစားချက်တွေကိုပွင့်ပွင့်လင်းလင်းပြောတတ်သူနဲ့ အမြဲစကားပြောပါ။


ခံစားချက်တွေကို ရှင်းရှင်းဗွင်းဗွင်း လွတ်လပ်စွာ ပြောတတ်သူနဲ့ အမြဲစကားပြောတာက မိမိကိုယ်တိုင်ရဲ့ စိတ်ခံစားချက်တွေလည်း ပွင့်လင်းလာမယ်။ငိုဖို့ ဆန္ဒရှိတဲ့အခါ တစ်ဖြည်းဖြည်း ငိုတတ်လာမယ်။

  • 2. ငိုချင်စိတ်ဖြစ်တဲ့အချိန်မှာ နေရာတစ်ခုရှာပါ။


ငိုတယ်ဆိုတာ လူအများကြီးရှေ့မှာ ငိုတာမျိုးကိုမှ မဖြစ်သင့်ဘူးလို့တွေးသင့်တာပါ။ မိမိဘာသာ တစ်ဦးတစ်ယောက်ထဲ ရှိတဲ့နေရာ၊ ယုံကြည့်ရသူ လူတစ်ဦးရှိတဲ့အခါ အဲ့ဒီနေရာမှာ ငိုလိုက်ပါ။

  • 3. ဒိုင်ယာရီ ရေးကြည့်ပါ။


ကိုယ့်ရဲ့ စိတ်ကိုစူးစမ်းပြီး ဖြစ်ပေါ်လာတဲ့ စိတ်အခြေအနေကို ဒိုင်ယာရီ စာအုပ်လေးပေါ်မှာ သွန်ချပစ်တာဟာလည်း တကယ်အလုပ်ဖြစ်တဲ့နည်းလမ်းပါ။

ဒီအချက်တွေကို လိုက်လုပ်ကြည့်မယ်ဆိုရင် ငိုလို့မရတဲ့စိတ်အခြေအနေတစ်ခုကနေကျော်လွှားနိုင်ပြီး စိတ်ခံစားချက်တွေကို ပိုင်နိုင်စွာထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ လူတိုင်းက ငိုဖို့လိုအပ်ပါတယ်။ ငိုပြီးရင် ဘာမှမဖြစ်သလို ပြန်ထပြီး အကောင်းဆုံး လုပ်နိုင်တာမှ ကောင်းမွန်စွာ သန်မာတဲ့လူတစ်ယောက်ဖြစ်မှာပါ။

# မိုးနှောင်းအလင်္ကာ
(ကျန်းမာ၊ချမ်းသာ)

(စာဖတ်သူတစ်ဦး တစ်ယောက်ချင်းစီတိုင်းအား အထူးပင်ကျေးဇူးတင်ရှိပါသည်။)


Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအာရုံစူးစိုက်မှုဒေါင်လိုက်ဒရာမာ (Vertical Drama)စိတ်ညစ်စရာကြားကဆေးတစ်ခွက်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအချိန်ဆွဲတာကိုကုစားမယ် "ငိုလို့မရတော့ဘူး ဆိုလျှင်