Tain Hlwar Nge

မလိမ်မညာဝန်ခံရရင် အရင်ကကျမသည် အလွန်အမင်းကို တွေဝေတဲ့အထဲမှာပါ၏။
တွေဝေစရာမရှိ ထိုင်ရမလား၊ထရမလားကိုတောင် တွေဝေတတ်တဲ့လူမျိုးထဲကဖြစ်သည်။
စားသောက်ဆိုင်တစ်ခုသွားလို့ ဟင်းမှာမယ်ဆိုတောင် ဖြေဖို့ကို တော်တော်လေးတွေဝေတတ်တယ်။
ကျမရဲ့ တွေဝေမှုတွေကြောင့် ကျမကြီးမားတဲ့ဆုံးရှုံးမှုတွေနဲ့ကြုံရတဲ့နောက် ကျမတွေဝေရမှာကြောက်လာတယ်။
တွေဝေလေ၊ ဆုံးရှုံးမှုများလေ၊ နောင်တရလေဆိုတာကို သိလာတယ်။
အဲ့ဒီတုန်းကငါတွေဝေနေခဲ့လို့
အဲ့ဒီတုန်းက အဲ့လို ဖြေခဲ့ရမှာ
အဲ့ဒီတုန်းက ဘာမှမဖြေပဲမနေခဲ့သင့်ဘူးဆိုပြီး
ဖြစ်ပြီးသွားတဲ့ကိစ္စတွေမှာ နောင်တရနေရတာကို တော်တော်ကြောက်တတ်လာတယ်။
ဥပမာ- တစ်ခါက ကျမရော ကျမသူငယ်ချင်းရော သင်တန်းတက်နေရင်း အလုပ်တစ်ခုက လူလိုတဲ့အတွက် အလုပ်သင်တွေကို အစမ်းခန့်ကာလမကြာပဲ တရားဝင်ဝန်ထမ်းဖြစ်ရစေမယ်။
ဒါကို လက်ခံနိုင်လားဆိုတော့ ကျမတွေဝေသွားမိတယ်။
ငါအဲ့ဒီအလုပ်ကိုလက်ခံလိုက်လို့တရားဝင် ဝန်ထမ်းဖြစ်သွားရင် နောက်တစ်ဆင့်ထပ်တက်လို့ရပါ့မလား၊(အသက်အရွယ်ငယ်သေးလို့ဆိုပေမဲ့ တွေဝေတာကအကျင့်ဖြစ်နေလို့ဟုသာ ကျမကိုယ်ကျမမှတ်ချက်ပေးမိ၏)
ဘာလား ညာလား(သိတယ်မလား အတွေးလွန်တတ်သူတို့ထုံစံအတိုင်း စုံနေအောင်တွေးတော့တာပဲ)
ကျမသူငယ်ချင်းကတော့ အကြာကြီးမစဉ်းစားပဲ သူလုပ်ကြည့်မယ်ဆိုပြီး စာရင်းပေးလိုက်တယ်။
ကျမကတော့ နာမည်စာရင်းတောင် မပေးလိုက်ရပဲ လူပြည့်သွားတဲ့အတွက်ငြိမ်နေလိုက်ရတယ်။
ပြောသလိုပါပဲ တစ်လကျော်ကျော်လောက်ပဲရှိမယ် စာရင်းပေးလိုက်လို့ အလုပ်သင်လုပ်တဲ့လူတော်တော်များများ တရားဝင် ဝန်ထမ်းဖြစ်သွားကြတယ်။
အဲ့ဒီထဲ ပါသွားတဲ့ကျမသူငယ်ချင်းဆို အလုပ်တစ်ဖက်နဲ့ အဆင်ပြေအောင်အချိန်ညှိုပြီး သင်တန်းနောက်အဆင့်တွေတောင် ဆက်တက်နိုင်ခဲ့သေးတာ။
အဲ့ဒီမှ ငါလည်းစာရင်းပေးလိုက်လို့ တရားဝင်ဝန်ထမ်းဖြစ်သွားလည်း နောက်ကိစ္စတွေထပ်ညှိပြီး ငါလိုရာဆက်သွားရတာပဲ၊
ငါမတွေဝေခဲ့သင့်ဘူးဆိုတဲ့ အတွေးနဲ့အတူ နောင်တက ဒိုင်းကနဲဝင်လာရော။
နောက်တစ်ခုကတော့ နှလုံးသားရေး၊
ကျမဘဝရဲ့ နောင်တအရဆုံးတွေဝေမှုပါပဲ။
ကျမလည်းချစ်ရသလို ကျမကိုလည်းတကယ်ချစ်တယ်လို့ခံစားခဲ့ရတဲ့အချစ်ဦးပါပဲ။
ကျမတို့၁၅နှစ်လောက်ကနေ ၁၈လောက်အထိ သူကြိုးစားရှာပါတယ်။
သူကျမကို ချစ်မှန်းလည်း ကျမသိတယ်။
ကျမကိုယ်တိုင်လည်း သူလာပြောမယ့်နေ့ကိုစောင့်နေခဲ့တာ။
ဒါပေမဲ့ သူတကယ်ဖွင့်ပြောတော့ တွဲလို့ဖြစ်ပါ့မလားဆိုပြီး ကျမဘက်ကတွေဝေသွားပြန်တယ်။
သူကြိုးစားသလောက်အရာမထင်လို့ထင်ပါရဲ့ ကျမဘက်ကတိကျတဲ့အဖြေမရခင် သူအခြားတစ်ယောက်နဲ့တွဲသွားပြန်တယ်။
(ကိုယ့်အတွက်အစစ်အမှန်လူမဟုတ်လို့လို့ တွေးမိပေမဲ့ ကျမကိုစကြိုးစားတဲ့၃နှစ်လောက်အတွင်း ဘယ်သူနဲ့မှမရှုပ်ပဲ တသီးတစ်သန့်သာနေခဲ့တဲ့သူက အဲ့ဒီနောက် ထည်လဲပြောင်းတွဲတော့ သူ့အတွက်စိတ်မကောင်းသလို ငါသာမတွေဝေခဲ့ရင် ဒါတွေဖြစ်လာမှာမဟုတ်ဘူးလို့ နောင်တရ,ရပြန်တယ်)
ဒါ့ကြောင့် အကြောင်းကိစ္စတစ်ခုရှိလာတဲ့အခါ မတွေဝေပါနဲ့၊
တိကျစွာ ဖြေရှင်းပါ၊
မဟုတ်ရင် နောင်တရ,နေရပါလိမ့်မယ်လို့ အကြံပေးချက်ပါတယ်။
#ငယ်သွေးမြိုင် (16/4/2024)
Keep Reading