အက္ခရာ - Haruki
ခေါင်းစဥ်လေးကတော့ ထူးဆန်းကောင်းထူးဆန်းနေပါလိမ့်မယ်။ အမှန်တော့ မြန်မာနိုင်ငံပညာရေးနဲ့ပတ်သတ်ပြီး ကျွန်တော့်ရဲ့ထင်မြင်ချက်လေးတွေကို ရေးသားမျှဝေပေးမှာပါ။ ဒီဆောင်းပါးလေးကို ကျွန်တော်ကိုယ်တိုင် ကျောင်းဆရာတစ်ယောက်အနေနဲ့ ကိုယ်စားနေရာယူပြီး ရေးသားပါရစေခင်ဗျာ။
ကျောင်းဖွင့်တဲ့ တစ်ရက်...
ဒီအချိန်အတန်းစနေပါပြီ၊ ဒါပေမယ့် ကျွန်တော်နာရီကြည့်လိုက်ပါတယ်။ ၁၀ မိနစ်နောက်ကျတဲ့အထိ အတန်းထဲကို တာဝန်ကျဆရာမရောက်လာသေးပါဘူး။ အဲ့လို ဆရာ မလာတဲ့အခါ အတန်းထဲက ကျောင်းသားတွေအားလုံးက ခုံပေါ်မှောက်အိပ်ကြတယ်။ ကျောင်းသူတွေကတော့ မအိပ်ကြပါဘူး။ ထုံးစံအတိုင်း မိန်းကလေးတို့ သဘာဝ အလှအပပြိုင်နေကြတာပေါ့။
ဒါကို ကျွန်တော် တစ်နေရာကနေ လှမ်းကြည့်နေမိပါတယ်။ ဪ... ကိုယ့်တပည့်လေးတွေ၊ တပည့်မလေး တွေ စာလည်းမကျက်ဘူး၊ ဆရာ မလာခင် စာလေးတွေကျက်ပါလားလို့ စိတ်ထဲပြောနေမိတယ်။ ကျွန်တော်ကသာ လူကြီးစိတ်နဲ့ပြောနေမိတာ... သူတို့ကျွန်တော်ပြောတာလည်း မသိပါဘူး။
မိနစ် ၂၀ လည်းနေရော အတန်းတာဝန်ကျတဲ့ဆရာဆီကနေ ဖုန်းဝင်လာပါတယ်။ ကျွန်တော်ဆိုင်ကယ်ဘီးပေါက်လို့ဆရာ၊ ဒီနေ့မလာတော့ဘူး၊ ခွင့်ပေးပါတဲ့,,,,၊ ရပါတယ်ဆရာလို့ ကျွန်တော်ပြန်ဖြေလိုက်ပါတယ်။ ဒါနဲ့ ကျွန်တော်လည်း အဲ့ဒီဆရာတာဝန်ကျတဲ့အတန်းထဲ ဝင်သွားခဲ့ပါတယ်။
ကျွန်တော့်လည်း ကျောင်းသားတွေမြင်ရော ပျော်သွားမယ်မထင်ပါနဲ့။ ဘီလူး တပည့်မြင်သလို စာသင်ခံရမှာကြောက်နေရှာတယ်။ ကျွန်တော် သူတို့လေးတွေကို အပြစ်မမြင်ရက်ဘူးနော်။
ကလေးတွေ စာသင်ခံရမှာကြောက်နေတယ်။
ကျွန်တော်တို့ တိုင်းပြည်မှာ စာသင်တယ်ဆိုတာက အကြောင်းအကျိုးကို သင်တာမဟုတ်ဘူး၊ ကလေးတွေကို ဇွတ်မှတ်ခိုင်းတာဗျ....။ ဒီလို ကျောင်းသားတွေမြင်တော့ ကျွန်တော် အိုင်းစတိုင်းကို ပြေးသတိရတယ်။ အိုင်းစတိုင်းပြောခဲ့ဖူးပါတယ်။
အကြောင်းအကျိုးမပါဘဲ ကျက်မှတ်နေရသော ကျောင်းသားများကို ငရဲသားလို့ခေါ်တယ်။
အကြောင်းအကျိုး ဆက်စပ်မှုမရှိဘဲ ပါသမျှစာတွေကို နှုတ်တိုက်ရွတ်ဖတ်ပြသနေသော သူများအား ယမမင်းလို့ခေါ်တယ်။
အကြောင်းအကျိုးဆက်စပ်နိုင်စွမ်း၊ တွေးတောနိုင်စွမ်းမပေးဘဲ အမိန့်ပေးစေခိုင်းခြင်းဖြင့် တည်ဆောက်ထားသော နေရာဠာနကို ငရဲပြည်လို့ခေါ်တယ်တဲ့။
ဪ.... ကျွန်တော်တို့ မြန်မာပြည်မှာ ငရဲပြည်တွေအများကြီးပါလား...။
စာသင်ကျောင်းကြီးတွေက ငရဲပြည်ကြီးတွေ၊ ဆရာ၊ ဆရာမတွေကလည်း အကြောင်းအကျိုးမပြော၊ ရွတ်ဖတ် ဒါသုံးခေါက်ရေး၊ ဘုန်းကြီးတွေ သီလပေးသလို ဆရာ ၁ ခေါက်ဖတ်၊ ကျောင်းသား ၃ ခေါက်ဖတ်၊ အသံတွေကဆူ၊ ဘာမှလည်းနားမလည်၊ ပြီးရင်မေ့ ဆရာ၊ ဆရာမတွေက ယမမင်းတွေနဲ့တူ၊ ကျောင်းသားတွေက ငရဲသားနဲ့တူပေါ့။
လက်ဆသတ်တော့ မြန်မာမှ ငရဲပြည်...။
ဒါကြောင့် ငရဲသားလေးတွေက ကျွန်တော့်ကိုယမမင်းကြီးမှတ်တာမဆန်းလှပါဘူး၊ ကျွန်တော်ကိုယ်တိုင်လည်း ငရဲခံခဲ့ရပြီးပါပြီ။ အခုခေတ်ကျောင်းသားတွေလည်း ငရဲခံနေဆဲပါ။ ဘယ်တော့များမှ ကျောင်းသားလေးတွေ ငရဲပြည်မှ လွတ်ပါ့မလဲ။ ကျွန်တော်စိုးရိမ်မိတာအမှန်....။
ᏂᏗᏒᏬᏦᎥ ( April 15, 2024 . 8:20 PM )
Keep Reading