သင်္ကေတ
ကျွန်မတို့ မြန်မာနိုင်ငံတွင် တစ်နှစ်ပတ်လုံး၌ လရာသီအလိုက် ပွဲတော်များကျင်းပလေ့ရှိသည်။ တစ်နှစ်လျှင် ၁၂ လရှိသောကြောင့် ဆယ့်နှစ်လရာသီဟူ၍ မြန်မာများ ခေါ်လေ့ရှိသည်။ ထိုဆယ့်နှစ်လရာသီထဲ နောက်ဆုံးလမှာ တပေါင်းလဖြစ်သည်။တပေါင်းလကုန်ဆုံးသွားသောအခါ နောက်နှစ်တစ်နှစ် အစကိုပြန်လည်ရောက်ရှိလာပေသည်။
ထိုလမှာ တန်ခူးလဖြစ်သည်၊ တန်ခူးလ၌ အတာသင်္ကြန်ပွဲတော်ကို နှစ်စဉ်ဆင်နွှဲကြပါသည်။ သင်္ကြန်ကာလ၌ ရာသီပန်းဖြစ်သော ပိတောက်ပန်းသည်လည်း ဖူးပွင့်လာပါသည်။
သင်္ကြန်ဟူသော ဝေါဟာရ စကားလုံးဟူသည် သင်္ကန္တခေါ် ပါဠိဘာသာ၊ သင်္ကြန္တခေါ် သက္ကတဘာသာမှ ဆင်းသက်လာသည့်ဝေါဟာရဖြစ်သည်။ သင်္ကန္တ၊
သင်္ကြန္တဟူသည် ကူးပြောင်းခြင်းဟု အနက်အဓိပ္ပာယ်ရသည်။ တပေါင်းလတွင် မြန်မာနှစ် တစ်နှစ်ကုန်ဆုံးကာ နှစ်ဟောင်းကုန်၍ တန်ခူးလတွင် နှစ်သစ်ကြုံရသောကာလ၊ နှစ်သစ်ကူးပြောင်းသောကာလဟု ဆိုလိုရင်းဖြစ်သည်။
အင်္ဂလိပ်ပြက္ခဒိန်၌လည်း နှစ်သစ်ကို ကြိုဆိုသော ညရှိပေသည်၊ ထို့အတူ မြန်မာတို့သည်လည်း မြန်မာနှစ်သစ်ကို အတာရေပက်ဖြန်းကြခြင်းဖြင့် ကြိုဆိုကြပါသည်။ မြန်မာနိုင်ငံတွင် နှစ်သစ်ကိုကြိုဆိုသောအားဖြင့် ရေပက်ဖြန်းခြင်း ရေသဘင်ပွဲကို သင်္ကြန်အကြို၊အကျ၊အကြတ် နှင့် အတက် ဟူ၍ လေးရက်တာ ဆင်နွှဲကြသည်။ထိုပွဲတော်ကို ရှေးဗမာမင်းများလက်ထက်က စတင်၍ကျင်းပခဲ့ကြောင်းသိရပါသည်။
မြန်မာတို့သည် ထိုရက်များ၌ အတာသင်္ကြန်ရေသဘင်ပွဲတော်ကို မြန်မာနိုင်ငံတွင် အစည်ကားဆုံးနှင့် အကြီးကျယ်ဆုံး အခမ်းနားဆုံး မြန်မာနှစ်သစ်ကူးပွဲတော်တစ်ခုအဖြစ် နှစ်စဉ်ကျင်းပလျက်ရှိသည်။ မဏ္ဍပ်များတွင် သင်္ကြန်ယိမ်းများဖြင့် လှပျိုဖြူများ စည်းချက်ဝါးချက်နှင့်အညီ လှပစွာ ကပြဖျော်ဖြေကြသည်။ မုန့်လုံးရေပေါ်များကျွေးခြင်း အလေ့အထမှာ ကျေးလက်မြို့ပြမကျန် ကျင့်သုံးလျက်ရှိသည်။
မုန့်လုံးရေပေါ်ထဲတွင် အဆာသွတ်ထည့်ထားသော ထန်းလျက်ခဲအစား ငရုတ်သီးတောင့်များ ထည့်သွင်းကာ စားချင့်စဖွယ် မုန့်လုံးရေပေါ်များထဲတွင် ရောနှောကျွေးတတ်သည်မှာလည်း ချစ်စရာအလေ့အထတစ်ခုဖြစ်သည်။
ရှေးယခင်ကာလများတွင် သပြေခက်နှင့်ငွေဖလားကို အသုံးပြုကာ ရေကစားကြသည်ဟု အဆိုရှိခဲ့သော်လည်း ယနေ့အခါတွင်မူ ရေသေနတ်များနှင့် ရေပိုက်များအသုံးပြုကာ အတာရေသဘင်ပွဲတော်ကို ခေတ်နှင့်အညီ မဏ္ဍပ်များတည်ဆောက်၍ ကြီးကျယ်ခမ်းနားစွာ ကျင်းပဆင်နွဲလျက်ရှိကြသည်။
သင်္ကြန်ရေဘသင်ပွဲတော်သည် တောရောမြို့ပါမကျန် အုန်းအုန်းကျွက်ကျွက် ပျော်ရွှင်ကြသည့်ပွဲတစ်ခုလည်းဖြစ်သည်။ အချို့မြို့များတွင် အိုးမည်းသုတ်ခြင်းမှာလည်း ပျော်ရွှင်ဖွယ် ချစ်စရာကောင်းသည့် အလေ့အထတစ်ခုဖြစ်သလို တောရွာများနှင့် အချို့မြို့များတွင် မိန်းကလေးအား ရေလောင်းခွင့်တောင်းကာ ရေလောင်းရေပက်သည့် မြန်မာ့ဟန်ကိုလည်း တွေ့ရသည်။
လူကြီးသူမများသည်လည်း ဘုန်းကြီးကျောင်းသို့ သွား၍ ဥပုသ်သီလစောင့်တည်ခြင်း၊ လူငယ် များသည် အသက်ကြီးဘိုးဘွားများအား လက်သည်းခြေသည်းညှပ်ပေးခြင်း၊ ခေါင်းလျှော်ပေးခြင်းများ ပြုလုပ်ကြ၍ ကောင်းမှုကုသိုလ်ယူကြပေသည်၊ ထိုသို့ပြုလုပ်ကြခြင်းသည် သိကြားမင်းသည် သင်္ကြန်ကျရောက် သောအခါ နတ်ပြည်မှ လူပြည်သို့ ဆင်းသက်၍ ကောင်းမှုပြုလုပ်သူများအား
ရွှေပုရပိုက်တွင် ရေးမှတ်ပြီး မကောင်းမှု ပြုသူများအား ခွေးသားရေတွင် ရေးမှတ်ခြင်းပြုသည်ဟူသာ အယူအဆရှိခြင်းကြောင်းသိရပါသည်။
မည်သို့ပင်ဖြစ်စေကာမူ မြန်မာများ၏ ချစ်ခင်နှစ်သက်ဖွယ်ကောင်းလှသော အမူအရာများကို တွေ့ကြရပေမည်။
ထိုသို့သော ပွဲတော်များကို တန်ဖိုးထားပြီး မြန်မာ့ ရိုးရာယဉ်ကျေးမှုများကို မပျောက်ပျက်အောင် တန်ဖိုးထား ထိန်းသိမ်းမမေ့ကြစေရန် ရည်မှန်း၍ ရေးသားလိုက်ရတော့သည်။
#Edit Article ( New Year နှစ်သစ် )
@Ag
16:08 PM
Keep Reading