အက္ခရာ - Haruki
ကျွန်တော်တို့ လူတွေတော်တော်များများဟာ သက်သောင့်သက်သာဇုန် (comfort zone) ထဲမှာ နေတတ်ကြတယ်။ သက်သောင့်သက်သာဇုန်ဆိုတာ ဘာလဲ။ တကယ်တော့ Comfort zone ဆိုတာသက်သောင့်သက်သာ အေးအေး ဆေးဆေးနေရလို့ ကျေနပ်ပျော်နေတဲ့ စိတ်အခြေအနေတစ်ခုပါ။
အဲဒီဇုန်ထဲမှာ နေရတာကို ပျော်နေလို့ ဇုန်အပြင်ဖက်ကို မထွက်ချင်ဘူး။ အပြင်ဖက်ကို ထွက်လိုက်ရင် စိတ်မသက်မသာဖြစ်လို့ comfort zone ထဲကိုပဲ ပြန်ဝင်ချင်နေတယ်။ comfort zone ကို ပိုပြီး နားလည်အောင် ဥပမာတစ်ခုနဲ့ ရှင်းပြပါမယ်။ ကျွန်တော် Internet မှာဖတ်ဖူးခဲ့တဲ့ ဇာတ်လမ်းလေးပါ။
ဆင်ဦးစီးဟာ မွေးခါစ ဆင်လေးရဲ့ ခြေထောက်တစ်ဖက်မှာ ကြိုးရှည်တစ်ချောင်းရဲ့ အစတစ်ဖက်ကို ချည်လိုက်တယ်။ ပြီးတော့ ကြိုးရဲ့ အခြားအစတစ်ဖက်ကို မြေမှာ ခပ်နက်နက်တူးပြီး စိုက်ထူထားတဲ့ တိုင်တစ်တိုင်မှာ ချည်ထားလိုက်ပြန်တယ်။
ဆင်ဦးစီးက ဆင်လေးကို ကြိုး အရှည်ထက် ပိုဝေးပြီး သွားလို့မရအောင် လုပ်လိုက်တာပါ။ ဆင်လေးဟာ အစပိုင်းမှာ ကြိုးအရှည်ထက် ပိုဝေးပြီး သွားချင်လို့ ကြိုးပြတ်အောင် ခြေထောက်ကို ရုန်းကန်ကြည့်တယ်။ အကြိမ်ကြိမ် ရုန်းကန်ပေမယ့်လည်း
ကြိုးဟာ ပြတ်မသွားဘူး။
ဒါကြောင့် ဆင်လေးဟာ ကြိုးကို ပြတ်အောင် ဘယ်လိုမှ ရုန်းလို့မရဘူးလို့ စိတ်ထဲမှာ စွဲမှတ်ထင်သွားတယ်။ ဒါကြောင့် ဆင်လေးဟာ ကြိုးပြတ်အောင် ရုန်းကန်တာမလုပ်တော့ဘဲ ကြိုးအရှည် ရှိသလောက်ပဲ သွားလို့ရတဲ့ နယ်မြေမှာ နေရင်းနဲ့ နေသားကျနေပါတော့တယ်။
ကြိုးအရှည်ရှိသလောက်ပဲ သွားလို့ရတဲ့ နယ်မြေဟာ ဆင်လေးရဲ့ comfort zone ပါ။ ဆင်လေးဟာ comfort zone အတွင်းမှာ သက်သောင့်သက်သာ နေနိုင်တယ်။ အေးအေးဆေးဆေး သွားလာနိုင်တယ်။ စားသောက်နိုင်တယ်။ လဲလျောင်းနိုင်တယ်။ အိပ်စက်နိုင်ပါတယ်။
အခုတော့ ဆင်လေးဟာ
အလေးချိန် ၅ တန်လောက် ရှိတဲ့ ဧရာမဆင်ကြီး ဖြစ်လာပြီ။ သူ့ခြေထောက်မှာချည်ထားတဲ့ ကြိုးဟာ သူ ဆင်ပေါက်စလေး ဘဝတည်းက ချည်ထားတဲ့ ကြိုးပါပဲ။ သူ့ခန္ဓာကိုယ်နဲ့ ယှဉ်လိုက်ရင် ကြိုးဟာ သေးသေးလေး ဖြစ်နေပါပြီ။
အခုနေ ဆင်ကြီးဟာ သူ့ခြေထောက်ကို တစ်ချက်လောက် ဆောင့်ကန်ရုန်းလိုက်ရင် ကြိုးဟာ ထောင်းကနဲ ပြတ်သွားမှာ ဒါမှမဟုတ် ကြိုးချည်ထားတဲ့ တိုင်ဟာ မြေကြီးကနေ ကျွတ်ထွက်လာမှာ သေချာပါတယ်။ ဒါပေမယ့် သူဟာ တစ်ချက်လေးတောင် ရုန်းမကြည့်ပါဘူး။
ဘာကြောင့်လဲဆိုတော့
ဆင်ပေါက်စလေးဘဝကတည်းက ကြိုးကို ပြတ်အောင် မရုန်းနိုင်ဘူးဆိုတဲ့ အစွဲဟာ သူ့စိတ်ထဲမှာ အခုထိ စွဲမှတ်ထင်နေဆဲမို့ပါ။ ဒါကြောင့် ဆင်ကြီးလည်း ငယ်ငယ်ကအတိုင်းပဲ ကြိုး အရှည်ရှိသလောက် ဧရိယာထဲမှာပဲ သက်သာသလို နေနေတယ်။
တစ်နည်းအားဖြင့် ဧရာမဆင်ကြီးဟာ သေးငယ်တဲ့ကြိုးလေးရဲ့ ထိန်းချုပ်ခြင်းခံနေရတဲ့ comfort zone ထဲမှာပဲ နေနေပါတော့တယ်။ အဲဒီလို နေတာနဲ့ပဲ နေသားကျနေပါတော့တယ်။
ဆင်ကြီးဟာ သေးငယ်တဲ့ကြိုးလေးနဲ့ ထိန်းချုပ်ခံထားရတဲ့ comfort zone ထဲမှာ နေသားကျနေသလို ကျွန်တော်တို့လည်း comfort zone ထဲမှာ နေသားကျနေတတ်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ဆင်ကြီးလို ခြေထောက်မှာ ကြိုးချည်ခံထားရတာတော့ မဟုတ်ပါဘူး။
ကျွန်တော်တို့ရဲ့ စိတ်ကို ကြိုးမဟုတ်တဲ့ အရာတွေနဲ့ ချည်နှောင်ထိန်းသိမ်းထားတာပါ။
အဲဒီအရာတွေက ဘာတွေလဲဆိုတော့
ကျွန်တော်တို့ငယ်စဉ်က ရခဲ့တဲ့ မိမိကိုယ်ကို ကန့်သတ်ချုပ်ချယ်ထားတဲ့ ယုံကြည်မှု၊ အတိတ်က ဖြစ်ရပ်ဆိုးတွေ၊ အပျက်သဘောဆောင်တဲ့ ပုံရိပ်တွေပါ။ အဲဒါတွေဟာ ကျွန်တော်တို့စိတ်ထဲမှာ ရှိနေပြီး ဖျောက်ဖျက်မရလို့ ကျွန်တော်တို့ စိတ်ကို ထိန်းချုပ်ထားကြပါတယ်။ စိတ်မကောင်းစရာက အဲဒီလိုဖြစ်နေတာကို ကျွန်တော်တို့ကိုယ်တိုင် မသိကြပါဘူး။
ᏂᏗᏒᏬᏦᎥ ( April 14, 11:32 PM )
Keep Reading