စာကြမ်းပိုး
စာမျက်နှာ ၂၃၂ ၊ဆဋ္ဌမအကြိမ်၊ မဟာဂန္ဓာရုံစာပေ
ဆရာတော်ကြီးရဲ့ကျမ်းစာတွေက ကျွန်မအတွက် တစ်နှစ်အတွင်းမှာမဖြစ်မနေပါ၀င်အောင်ဖတ်ဖို့ ကြိုးစားရတဲ့ စာအုပ်တွေဖြစ်ပါတယ်။ ဖတ်ပြီးရင် အတော်လေးအကျိုးများစေတယ်လို့ ခံစားမိခဲ့တဲ့ အတွက်ဖြစ်ပါတယ်။
ဒီစာအုပ်ကတော့ ဆရာတော်ကြီးရဲ့ အမှတ်၃၆ ကျမ်းစာတစ်စောင်ဖြစ်ပြီး အလှူရှင်တွေရဲ့ ရှင်ပြု၊ နားသ အလှူ မင်္ဂလာမှာ ဒီစာအုပ်ကလေးပေါ် ဖိတ်စာရိုက်နှိပ်ဖို့အတွက် ရေးပေးခဲ့တာပါတဲ့။ အခုက အလှူအတန်းရာသီဆိုတော့ အလှူအတန်းမှာ အကျိုးများဖွယ်ရာ လုပ်ဆောင်မှုကို သာဓုအကြိမ်ကြိမ်ခေါ်မိသလို အလှူဆိုင်ရာ မိရိုးဖလာဓလေ့ထုံးတမ်းအကြောင်းတွေကိုလည်း ခုနစ်စဉ်အမျှင်တန်း တွေးမိခဲ့ပါတယ်။
"သတိပဋ္ဌာန်တရားတော်" ကိုဖတ်ရှုနာယူနေရစဉ်အတွင်းဖြစ်ပျက်သဘောတရားတွေကို ဆင်ခြင်မိလို့ စိတ်နှလုံး အနည်းနဲ့အများ အေးချမ်းခဲ့ရပါတယ်။ အရှင်သာရိပုတ္တရာ ၊ ရှင်မောဂ္ဂလာန်၊ ရှင်အာနန္ဒာ စတဲ့ မြတ်စွာဘုရားရဲ့ အဂ္ဂသာ၀က ၊မဟာသာ၀ကကြီးများအကြောင်းကိုလည်း ဗဟုသုတရဖွယ်ကြည်ညိုဖွယ် ဖတ်ရှုရမှာပါ။
ကျွန်မအနေနဲ့ အတွေးတွေအများကြီး ပွားစေခဲ့တဲ့အကြောင်းအရာကတော့ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံယူစဉ်အချိန်အခါကိုရေးဖွဲ့ထားတဲ့အကြောင်းတွေပါ။ မိမိပြုခဲ့တဲ့ ၊ မိမိဖြည့်ဆည်းခဲ့တဲ့ ၊မိမိဆောင်ရွက်ခဲ့တဲ့ ကောင်းမှုကုသိုလ်တွေ ၊ပါရမီတွေ ၊လုပ်ငန်းဆောင်တာတွေရဲ့ အရှိန်အဝါဟာ ဘယ်လောက်အထိအရေးပါအရာရောက်နိုင်လဲဆိုတာကို အများကြီး တွေးတောမိခဲ့ပါတယ်။
ပြီးတော့ မြတ်စွာဘုရားနောက်ဆုံးဘုန်းပေးခဲ့တဲ့ "သူကရမဒ္ဒ၀ အစာ" နဲ့ပတ်သက်ပြီး "၀က်ပျိုသား ဟုတ်မဟုတ်"ကို ခွဲခြမ်းစိတ်ဖြာ ကောက်ချထားမှုတွေ ၊ အာမိသပူဇာနဲ့ ဓမ္မပူဇာအကြောင်း ၊ ဗြဟ္မဒဏ် အကြောင်း စတဲ့အကြောင်းအရာတွေကိုလည်းတော်တော်လေးစိတ်၀င်စားခဲ့ပါတယ်။
အရေးအသားကလည်း ရိုးရှင်းလွယ်ကူတာမို့နှစ်သစ်ကူးအခါသမယမှာ ဗုဒ္ဓဘာသာ၀င်တို့ဖတ်သင့်တဲ့စာအုပ်ကောင်းလေးတစ်အုပ်လို့ထင်မြင်မိပါတယ်ရှင့်။
စာချစ်သူများအားလုံး နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေရှင်။
၀တ်မှုံလေး (စာကြမ်းပိုး)
https://youtube.com/@wuthmonelay-sarjapoe
Keep Reading