Author's Profile Photo

မောင်ရှင်းသန့်(ရွှေညာမြေ)

18/06/2025

ဂျပွေး ရှင်ကုသလ

1 min read
Book Review
ဂျပွေး ရှင်ကုသလ's photo

“ဂျပွေး”

နာမည်လေးကိုစတွေ့ကတည်းက သဘောကျနေတာ။
ဘယ်လိုကာရိုက်တာလေးလည်းဆိုတာမသိပေမယ့်လို့ပေါ့နော်။
အခြားနာမည်ဖြစ်တဲ့ မောင်ပွေးတို့၊ ငပွေးတို့၊ ကိုပွေးတို့ဆိုရင်
ဒီလောက် စိတ်၀င်စားဖြစ်မယ်မထင်ဘူးဗျ။

အစက သူ့ကိုချစ်စနိုးနဲ့ “ဂျပွေး” လို့ခေါ်ကြပေမဲ့
အခြားနာမည် ရှိဦးမယ်လို့ ထင်ထားတာ။
သူ ကိုရင်၀တ်တော့ ဆရာတော်ဘုရားက သူ့ရဲ့ဘွဲ့တော် (ကိုရင်နာမည်) ကို
ရှင်ကုသလ လို့ပေးတော့မှ “ဪ... ဂျပွေးက တနင်္လာသားပဲ။
နေ့နံကိုက်ပေးထားတဲ့ နာမည်အရင်းလေး ဖြစ်လိမ့်မယ်လို့
ကိုယ့်ဖာသာ ကောက်ချက်ချမိလိုက်တယ်။

ခုတလော တစ်တော့မှာ၊ဖေ့ဘုတ်မှာ၊ ယူကျူ့မှာ
တရုတ်မိသားစု အန်နီမေးရှင်းလေးတွေမှာပါတဲ့
ကလေးကိုကြည့်ပြီး သူ့ရဲ့ချစ်စရာကောင်းတဲ့
အပြောဆိုလေးတွေ၊ ဖြတ်ထိုးညဏ်ကောင်းပုံလေးတွေ၊
ကလေးအတွေးပေမယ့် ဆန်းသစ်တဲ့အတွေးလေးတွေ ကို
ကြည့်ကြည့်ပြီး သဘောတွေကြနေတာ။

မြန်မာကလေးတွေကြားမှာလည်း
ဒီလို ကာရိုက်တာလေး ကြည့်စရာ၊ ဖတ်စရာ ရှိရင်
ကောင်းမှာလို့ တွေးမိနေတာ။ ရှိပြီးသားလည်းဖြစ်ရင်ဖြစ်မှာပါ။
ကျွန်တော်မသိတာလည်းဖြစ်နိုင်ပါတယ်။

“ဂျပွေး” လေးက ကျွန်တော်မျှော်လင့်တဲ့ကာရိုက်တာမျိုးမဟုတ်ပေမဲ့
သဘာ၀ဆန်တဲ့ အပြင်မှာတကယ်ရှိတဲ့ ကာရိုက်တာလေးလို့
ကျွန်တော်ကတော့မြင်တယ်ဗျ။

ဒီဘက်ခေတ်ကလေးတွေ။ အထူးသဖြင့်
မြို့သူ၊မြို့သားကလေးတွေနဲ့စိမ်းတဲ့ ကျေးလက်တောရွာက
ကလေးကာရိုက်တာလေးဆိုတော့ ကလေးတွေအတွက်
သူငယ်ချင်းအသစ်တစ်ယောက် တိုးသွားတာပေါ့နော်။
ကျွန်တော့်အတွက်ကြ တူလေးတစ်ယောက်ပေါ့နော်။

မြန်မာကာတွန်းပေမဲ့
ပါ၀င်တဲ့ကာတွန်းပုံလေးတွေကလည်း သူ့နေရာနဲ့သူ
သဘောကျစရာကောင်းတယ်။ အရောင်စုံလေးလည်းဖြစ်တော့
မျက်စိပသာဒလည်းဖြစ်တယ်။ ကြွေစက္ကူချောနဲ့ထုတ်ထားတော့
ကိုယ်တွယ်ဖတ်ရှုရတာလည်း တော်တော်လေးအဆင်ပြေတယ်။
အဲ့ဒီအတွက် စာအုပ်ဈေးလေးကတော့ နဲနဲများသွားတာပေါ့နော်။

ဒီအထိ ကျွန်တော်ရေးတာ ဖတ်လာတာတောင်
ဇာတ်လမ်းအကြောင်း ကျွန်တော်မပြောထားဘူးဆိုတာ
သတိထားမိလားခင်ဗျ။ ဘာလို့လည်းဆိုတော့
ကုယ်တိုင်ဖတ်စေချင်လို့ပါခင်ဗျ။

အိုကြီး၊အိုမနဲ့ ကာတွန်းဖတ်စရာလားလို့
စောဒကတက်မယ်ဆိုရင်တော့။

ဟုတ်ကဲ့ “ဂျပွေး” လေးက ကလေး၊ လူကြီးမရွေး
ဖတ်ရှုလို့ရတဲ့စာအုပ်လေးပါခင်ဗျ။ လို့ ပြောပါရစေခင်ဗျ။

#မောင်ရှင်းသန့်(ရွှေညာမြေ)
#TheReader #စာဖတ်သူ

Keep Reading

အင်တာနက်နဲ့ လူနေမှုဘဝ မေတ္တာမဏ္ဍိုင်ဘာကြောင့် စာပေနိုဘယ်ဆုမရသေးတာလဲရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားဟိုလိုလို ဒီလိုလို ဝေလည်လည်အဖေကို ဘာကြောင့်မုန်းတာလဲတဇောက်ကန်းသမားဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) ဂျပွေး ရှင်ကုသလ