SarPhat Author
"မြန်မာ့ယဉ်ကျေးမှုနှင့် Living Together (အတူနေ)စနစ်သို့ ခြေရာကောက်ကြည့်ခြင်း"
.
ဒီဘက်ခေတ်မှာတော့ လက်မထပ်ခင် အတူနေကြတဲ့ စနစ်က အာရှဘက်အထိကို ကျယ်ပြန့်လာပါပြီ။ သို့ပင်မယ် မြန်မာနိုင်ငံမှာတော့ မြို့ပြနေလူထု(၈၀ရာခိုင်နှုန်း)လောက်ကလွဲပြီး နယ်ဘက်ဒေသတွေမှာ ဒီလိုစနစ်က ယဉ်ကျေးမှုကို ဖီလာပြုတယ်လို့ မှတ်ယူကြတုန်းပါပဲ။ လက်ထပ်ပေါင်းသင်းခြင်း မပြုဘဲ ချစ်သူရည်းစားနှစ်ယောက် အတူနေတဲ့ ဓလေ့ဟာ ခေတ်ရေစီးကြောင်းရဲ့ ယဉ်ကျေးမှုတော်လှန်ရေးတစ်ရပ်ဖြစ်လာပါတယ်။ တကယ်တော့ Living together ဓလေ့ဟာ အများစုထင်သလို ဒီဘက်၂၁ရာစုရောက်မှသာ မြန်မာနိုင်ငံမှာ ကျင့်သုံးလာတာမဟုတ်ပါဘူး။ သမိုင်းကို နောက်ပြန်ကြည့်မယ်ဆိုရင် မြန်မာတိုင်းရင်းသားတွေအနေနဲ့ ဒီစနစ်နဲ့ ဆင်တူတဲ့ ဓလေ့ရိုးရာမျိုး ကျင့်သုံးခဲ့ကြပါတယ်။ ကချင်လူမျိုးတွေမှာဆိုရင် မိန်းကလေးတစ်ယောက်အနေနဲ့ အပျိုဖြစ်လာတဲ့အခါ အပျိုဆောင်လို့ခေါ်တဲ့ ရပ်ရွာကအပျိုတွေ စုပေါင်းနေထိုင်ရာဘုံရိပ်သာမှာ သွားရောက်နေထိုင်ရပါတယ်။ ဒီအတောအတွင်း ကချင်လူပျိုတွေက အပျိုဆောင်ကို နေ့စဉ်ရက်ဆက်လာရောက်ပိုးပန်းနိုင်ပါတယ်။ အပျို၊လူပျို နှစ်ယောက် အပြန်အလှန်မေတ္တာသက်ဝင်သွားတဲ့အခါ ကိုယ်လက်နှီးနှောမှု သံဝါသကို လွတ်လပ်စွာပြုလုပ်နိုင်ပါတယ်။ ဒီနေရာမှာ မိန်းကလေးကို လာရောက်ပိုးပန်းတဲ့ လူပျိုက တစ်ယောက်ထက်ပိုချင်လည်း ပိုနိုင်တာမို့ မိန်းကလေးအနေနဲ့ ကိုယ်မေတ္တာသက်ဝင်တဲ့ လူပျိုဘယ်နှစ်ယောက်ကိုမဆို လက်ခံပိုင်ခွင့်ရှိပါတယ်။ လေ့လာတဲ့သဘောပေါ့။ ကချင်လူမျိုးတွေအဖို့ မိန်းမတစ်ယောက်ရဲ့ အပျိုရည်ဟာ ဂုဏ်ကျက်သရေနဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။ ချစ်သူနှစ်ယောက်ဟာ လက်ထပ်ခြင်း မပြုသေးဘဲ အပျိုဆောင်မှာတင် ကာလအတော်ကြာ ဒီလိုပုံစံနဲ့ စခန်းသွားနိုင်ပါတယ်။ နှစ်ဦးနှစ်ဖက်လုံးက လက်ထပ်ဖို့ဆုံးဖြတ်ပြီးတဲ့အခါ အထိမ်းအမှတ်အဖြစ် ပစ္စည်းလဲလှယ်ခြင်းပြုကြပါတယ်။ စေ့စပ်တဲ့သဘောပေါ့။ ဒီလို စေ့စပ်ပြီးသွားရင်တော့ မိန်းမပျိုဟာ ပိုင်ရှင်ရှိသွားပြီဖြစ်တဲ့အတွက် အရင်လို နေထိုင်လို့မရတော့ပါဘူး။ ဒါဟာ ရှေးယခင်က ကချင်လူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှုဓလေ့ပဲဖြစ်ပါတယ်။ ဒီစနစ်ကို သေချာလေ့လာကြည့်မယ်ဆိုရင် မြန်မာပြည်မှာ Living together ယဉ်ကျေးမှုဟာ အရင်တည်းကနေ ရှိနေခဲ့တယ်လို့ ကောက်ချက်ချလို့ရပါတယ်။ နောက်ပြီး ကနန်းလူမျိုးတွေရဲ့ အိမ်ထောင်ရေးစနစ်ကို လေ့လာကြည့်မယ်ဆိုရင် အနောက်နိုင်ငံတွေက ဆင်းသက်လာတဲ့ ဒီစနစ်နဲ့ ရည်ရွယ်ချက်ချင်းတူတာကို တွေ့ရမှာပါ။ ကနန်းလူမျိုးတွေအနေနဲ့ အိမ်ထောင်ပြုတဲ့အခါ အိမ်ထောင်ကြီး၊ အိမ်ထောင်ငယ်ဆိုပြီး ခွဲကြပါတယ်။ ဒါက မိန်းမနှစ်ယောက် ယူတာကိုပြောတာမဟုတ်ပါဘူး။ ကနန်းယောက်ျားပျိုအဖို့ သူရည်ငံသူကို လက်ထပ်တဲ့အခါ ပထမဆုံးတစ်နှစ်တန်သည်၊ နှစ်နှစ်တန်သည်ဖြစ်စေ အစမ်းပေါင်းသင်းနိုင်ပါတယ်။ အစမ်းပေါင်းသင်းတဲ့အခါ မိန်းကလေးရဲ့မိဘတွေကို ကွမ်းဖိုး စတိ ပေးရပါတယ်။ ဒါကို အိမ်ထောင်ငယ်ပြုတယ်လို့ ခေါ်တာပါ။ ဒီအတောအတွင်း ယောက်ျားလုပ်သူက လက်ထပ်ထားတဲ့ အမျိုးသမီးကို လေ့လာသုံးသပ်ရင်း ကိုယ်နဲ့ အဆင်မပြေဘူးလို့ ထင်တဲ့အခါ လက်ထပ်ပေါင်းသင်းခကို ထိုက်သလောက်လျော်ကြေးပေးပြီး မိန်းမငယ်ကို သူ့မိဘတွေဆီ ပြန်အပ်နိုင်ပါတယ်။ ဒီလို မဟုတ်ဘဲ ကိုယ်နဲ့ ကိုက်တယ်၊ အဆင်ပြေတယ်ဆိုရင်တော့ မိန်းကလေးရှင်ဘက်ကို တင်တောင်းခတင်ရပါတယ်။ ဒီအခါမှသာ အတည်တကျလက်ထပ်ပြီးစီးတယ်၊ အိမ်ထောင်ကြီးဖြစ်တယ်လို့ မှတ်ယူပါတယ်။ အနောက်ကမ္ဘာက စနစ်နဲ့ ကွာသွားတာကတော့ ကနန်းလူမျိုးတွေရဲ့ အိမ်ထောင်ရေးမှာ အမျိုးသားဘက်ကသာ ရွေးချယ်ပိုင်ခွင့်ရှိတာပါပဲ။
ဒီအချက်တွေနဲ့ ချိန်ထိုးကြည့်မယ်ဆိုရင် Living together ယဉ်ကျေးမှုဟာ မြန်မာ့လူနေမှု အသိုင်းအဝိုင်းနဲ့ အစိမ်းသက်သက်ဖြစ်နေတာမျိုးတော့ မဟုတ်ပါဘူး။ သို့ပေမယ့် မိန်းမတစ်ယောက်ရဲ့ အပျိုရည်ဟာ မိသားစုရဲ့ ဂုဏ်သိက္ခာလို့ မှတ်ယူထားတဲ့ ဗမာလူမျိုးတွေကြီးစိုးတဲ့ အသိုင်းအဝိုင်းမှာတော့ ဒီခေတ်ပြောင်းယဉ်ကျေးမှုဟာ လက်မခံနိုင်စရာ လုပ်ရပ်တစ်ခုအဖြစ် တည်ရှိနေပါတယ်။
.
"မြန်မာစာပေနှင့် LGBTQ အသိုင်းအဝိုင်း"
.
BL, Glဘက်သွားတဲ့ စာပေတွေကတော့ ဒီဘက်ခေတ်လူငယ်တွေနဲ့ လက်ပွန်းတတီးရင်းနှီးပြီးသားဖြစ်မှာပါ။ အထူးသဖြင့် Wattpad, Facebook, tiktok စတဲ့ Social Platforms တွေက ဒီစာပေအပြောင်းအလဲ လှိုင်းဂယက်မှာ အဓိကပါဝင်ခဲ့တဲ့ Main Toolsတွေလို့ ပြောလို့ရပါတယ်။ ပေါက်ပေါက်ရှာရှာ စဉ်းစားတတ်တဲ့လူဆိုရင် ဒီလိုစာပေတွေ ဘယ်အချိန်ကတည်းက မြန်မာစာပေလောကထဲကို ဝင်ရောက်လာသလဲ ဆိုတာကို တွေးကောင်း တွေးမိကြပါလိမ့်မယ်။ သိသလောက်ကို ဖောက်သည်ချရမယ်ဆိုရင် LGBTQ ဘက်ယိမ်းတဲ့ အငွေ့အသက်တွေကို ပထမဆုံး မြန်မာကာလပေါ် ဝတ္ထုတဖြစ်လဲ၊ ဂျိမ်းစ်လှကျော်ရဲ့ "မောင်ရင်မောင်, မမယ်မ" လုံးချင်းမှာတင် ရိုးတိုးရိပ်တိပ်တွေ့လာရပါတယ်။ ဇာတ်အသွားအလာကတော့ ဇာတ်လိုက်မင်းသမီး မမယ်မဟာ ခင်ပွန်း မောင်ရင်မောင်ကို လိုက်ရှာဖို့ ယောက်ျားလို ဝတ်ဆင်ရင်း ကုန်သည်အနေနဲ့ သူဌေးတစ်ယောက်အိမ်မှာ တည်းပါတယ်။ ဖြစ်ချင်တော့ အိမ်ရှင့်သမီးက ယောက်ျားလို ဝတ်စားထားတဲ့ မမယ်မကို မြင်မြင်ချင်းမှာတင် ချစ်ကျွမ်းဝင်သွားလေသတည်းပေါ့။ အဲ့မှာ သူဌေးသမီးလေးက မမယ်မကို ရေလာမြောင်းပေးလုပ်၊ ပရောပရီလုပ်ရင်း နီးစပ်ဖို့ ကြိုးစားတော့တာပေါ့။ မမယ်မကို မိန်းမမှန်းသိသွားတဲ့အခန်းမှာတော့ စာရေးဆရာက ဘာဆက်ဖြစ်လဲဆိုတာကို ထပ်မဖော်ပြတော့ပါဘူး။ "မောင်ရင်မောင်, မမယ်မ" ဝတ္ထုဟာ မြန်မာစာပေကို တစ်ခေတ်ဆန်းပေးလိုက်တဲ့၊ မြန်မာ့စာပေအသိုင်းအဝိုင်းထဲ ဝတ္ထုလမ်းကြောင်းကို ဆွဲသွင်းပေးခဲ့တဲ့ စာပေတော်လှန်ရေးတစ်ရပ်ဖြစ်ပါတယ်။ ဒီလို ဂန္တဝင်စာပေထဲမှာတင် LGBTQ အသိုင်းအဝိုင်းရဲ့ အငွေ့အသက်တွေကို တွေ့လာရတာဖြစ်တဲ့အတွက် ဒီဘက်ခေတ် ၂၁ရာစုမှာ စာပေအမျိုးအစားတစ်ခုအဖြစ် သီးသန့်ရပ်တည်လာတာကိုတော့ ဆန်းတယ်လို့ မဆိုသာပါဘူး။ နှောင်းပိုင်း ဝတ္ထုတွေထဲကမှ နုနုရည်အင်းဝရဲ့ "ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်း ကန်တော့်ခံတော်မူပါ" ဝတ္ထုကတော့ LGBTQ အသိုင်းအဝိုင်းရဲ့ ရင်ထဲကစကားသံတွေ၊ ရင်ဆိုင်နေရတဲ့ ပြဿနာတွေ၊ လူသားဆန်မှုတွေကို မြန်မာလူထုဆီ စာအုပ်ကတစ်ဆင့် ပြောင်ပြောင်တင်းတင်းပို့ဆောင်ပေးခဲ့တဲ့ လက်ရာမြောက်ဖန်တီးမှုတစ်ခုလို့ ပြောလို့ရပါတယ်။
Keep Reading