Author's Profile Photo

အက္ခရာ - Haruki

12/04/2024

Love + .... = ?

3 mins read
Life Style
Personal Development
18 Again
Love + .... = ?'s photo

ခေါင်းစဥ်လေးက စာဖတ်သူလေးအတွက် နည်းနည်းဖြစ်ဖြစ်ထူးဆန်းနေမှာပေါ့...။ မြန်မာလိုအဓိပ္ပာယ်ပြန်ရရင် အချစ်ကိုဘာလေးပေါင်းလိုက်ရင် ဘာရမလဲတဲ့။ ဟုတ်ပြီ Love ကိုစပြီးပေါင်းကြည့်ကြမယ်။

၁။ Love + Care = Mother

ပထမဆုံး ကျွန်တော် Loveကို care နဲ့ပေါင်းလိုက်ပါတယ်။ Care ဆိုတာ ဂရုစိုက်မှုပါ။ ဒီလို Love ကို Care ဆိုတဲ့ ဂရုစိုက်မှုနဲ့ ပေါင်းလိုက်တဲ့အခါ Mother ဆိုတဲ့ အမေအဓိပ္ပာယ်လေးရလာတယ်။ အချစ်ထဲ ဂရုစိုက်မှုလေးပေါင်းလိုက်ရင် အမေလို့ခေါ်တယ်ပေါ့။

အမေ....

ကမ္ဘာပေါ်မှာ ဘယ်တော့မှ လစာမရတဲ့အိမ်ဖော်ဟာ အမေပါပဲ။ လခလည်း ဘယ်တော့မှမရပါဘူး။ ကမ္ဘာပေါ်မှာ အကောင်းဆုံး စာဖိုမှူး အယောက် ၁၀၀၊ ၁၀၀၀၊ ၁၀၀၀၀ စုလိုက်ပါ။ ကိုယ့်အမေလောက်ကောင်းတဲ့ စာဖိုမှူး ကမ္ဘာမှာမရှိပါဘူး။ ဘယ်သူတွေဖျော်တဲ့ ကော်ဖီ ဘယ်လောက်ကောင်းတယ်ပဲပြောပြော အ‌မေဖျော်တဲ့ကော်ဖီက နတ်သုဒ္ဓါလို သိပ်ပြီးအရသာရှိတယ်။

ဘယ်လောက်တန်ဖိုးကြီးတဲ့ နာရီနှိုးစက်ပဲဖြစ်ဖြစ် မနက်မနက် " ဟဲ့အကောင်၊ ဟဲ့သမီး မနက်မိုးလင်းပြီ၊ ထတော့၊ စာကျက်တော့လို့ ပြောတဲ့ အကောင်းဆုံးနှိုးစက်ဟာလည်း အမေပါ။ ဒီလိုပါပဲ သိပ်လှပါတယ်ဆိုတဲ့ သူနာပြုဆရာမ အဖြူ၊ အနီအဝတ်ကလေးတွေနဲ့ ဘယ်လောက်ပဲချောပြီး ကြင်နာပြုစုတတ်တယ်ပြောပြော ကျွန်တော်တို့နေမကောင်းတဲ့အချိန် အကောင်းဆုံးသော သူနာပြုဆရာမဟာ အမေပါပဲ။

ကမ္ဘာပေါ်မှာ အတော်ဆုံးဆိုတဲ့ တံခါးမှူးတွေဟာ အမေဆိုတဲ့ အိမ်စောင့်တံခါးမှူးလောက် စိတ်မရှည်ဘူးနော်။ ဒါကြောင့် Love ထဲမှာ Care ထည့်ထားတာကို အမေလို့ခေါ်တယ်။

မေမေ သားချစ်တဲ့မေမေ
စီးဆင်းခဲ့ အကြွင်းမဲ့ ချစ်ခြင်းတွေ
ဒီကမ္ဘာမြေကို သာယာပါစေ
မေမေ နေကောင်းလား မေမေ

မေမေ နှလုံးသားရဲ့ ကဗျာ
အစွန်းအထင်းမဲ့ ပေးဆပ်တဲ့ မေတ္တာ
မေမေ ဆိုသံချို အိုအေး
မေမေ နေကောင်းလား မေမေ

ပြန်လည်ကာ ရင်မှာခံစား
တသိမ့်သိမ့်ရှိုက် မျက်ရည်များဝဲရင်
ငိုချင်တယ် မေမေ အရမ်း ဝမ်းနည်းနေ
မေမေ အဝေးက မေမေ

မေမေ သားချစ်တဲ့ မေမေ
စီးဆင်းခဲ့ အကြွင်းမဲ့ ချစ်ခြင်းတွေ
မေမေ ဆိုသံချို အိုအေး
မေမေ နေကောင်းလား မေမေ

ငိုချင်တယ် မေမေ အရမ်း ဝမ်းနည်းနေ
မေမေ အဝေးက မေမေ
မေမေ နေ..ကောင်း..လား မေမေ....။

၂။ Love + Kindness = Father

Love ဆိုတဲ့အချစ်ကို Kindness ဆိုတဲ့ ကြင်နာမှုလေးပေါင်းလိုက်တဲ့အခါ Father ဆိုတဲ့ အဖေအဓိပ္ပာယ်လေးရလာတယ်။ တကယ်တော့ အမေ့ဗိုက်ထဲ ကျွန်တော်တို့ရောက်နေစဉ်ကတည်းက ကျွန်တော်တို့ရဲ့ ‌ရှေ့ရေးကို ကြိုတင်စဉ်းစားနေတာအဖေနော်...။

အိမ်ပြန်လာတဲ့အခါ၊ ကျွန်တော်တို့ အိပ်ပျော်နေတဲ့အချိန် ကျွန်တော်တို့မသိအောင် နဖူးလေးကို ခိုးခိုးပြီးနမ်းတတ်တာ ကျွန်တော်တို့ရဲ့ အဖေပါ။ အရက်ဆိုင်မှာ သူငယ်ချင်းတွေနဲ့ ဘယ်လိုပဲအရက်သောက်သောက် ခေါက်ဆွဲကြော်တစ်ပွဲမှာတာ ဘယ်သူ့အတွက်လဲဆိုရင် အိမ်က သားသမီးတွေစားဖို့အတွက်ပေါ့။

မျက်နာထားကြီး ဘယ်လောက်ပဲတင်းတယ်ပြောပြော သားတွေ၊ သမီးတွေ နေမကောင်းရင် ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်ပြီး သူ့ရင်ထဲက သောကကိုဟန်ဆောင်လို့ လောကထဲကိုထွက် ဟောဒီသား၊ သမီးဆေးကုဘိုးလေးရဖို့ သူ့မှာရှိတဲ့ မာနတွေကိုခဝါလို့ အလုပ်ရှင်အောက်မှာခေါင်းငုပ်ပြီး ငွေရအောင်ရှာပေးတာအဖေပါ။

အဖေဟာ ယောကျ်ားတစ်ယောက်ပါ။ မာနရှိပေမယ့် သူ့မာနာကိုခဝါချတာ ကျွန်တော်တို့ကို ချစ်လွန်းလို့ပါ။ အဖေဟာလည်း အမေနဲ့နီးတူ ကျေးဇူးရှိတယ်။ သရက်သီး ခူးကျွေးတဲ့၊ သရက်သီးခွဲကျွေးတဲ့အမေကို ချစ်တတ်သလို မိုးထဲလေထဲမှာ သရက်ပင်ကို အအေးမိခံစိုက်ပေးတဲ့ အဖေ့ကိုလည်း ချစ်တတ်ဖို့လိုတယ်။

ဒီလိုပါပဲ... မီးဖိုချောင်ထဲမှာ တကုပ်ကုပ်နဲ့ ထမင်းဟင်းချက်နေတဲ့အမေ ဝေးလှတဲ့စျေးကနေ ချွေးတမြမြ၊ အပြေးတမြမြနဲ့ ပြန်လာတတ်တာ အမေ....။ လင်ကို၊ သားကို၊ သမီးကို၊ မြေးကို ချို၊ ချဥ်၊ ဖန်၊ ငံ၊ ခါး ဖွယ်ဖွယ်ရာရာစားစေတော့ရန်လို့ မနားမနေအသောချက်၊ မီးတစ်ဖက်၊ ရေတစ်ဖက်၊ လက်နှစ်ဖက်ချာချာလည်နေတဲ့အမေကို ကျွန်တော်တို့ချစ်တယ်။

ဒါပေမယ့် မီးဖိုချောင်ထဲက အဲ့ဒီလို ချို၊​ ချဉ်၊ ဖန်၊ ငံ၊ ခါး အရာသာအသီးသီးရှိတဲ့ အသီးနှံတွေ၊ ဆန်တွေကို အဖေ့ချွေးနဲ့ဝယ်ထားတယ်ဆိုတာ ကျွန်တော်တို့ မမေ့ကြနဲ့။ တကယ်တော့ အဖေဟာ မေတ္တာကိုဖော်ပြနိုင်လောက်အောင် ဖော်ပြနိုင်စွမ်းမရှိတာမဟုတ်ပါဘူး။ ယောကျ်ားသားဖြစ်တာမို့ ဖော်ပြဖို့အချိန်မရှိလောက်အောင် အိမ်အတွက် အလုပ်လုပ်နေရတာ။

အိမ်ဦးနတ်လို့‌ပြောပြီး အိမ်ရဲ့အလုပ်သမားဟာ အဖေပဲ။ ရုံးဠာနမှာရောက်ရင်တော့ လူကြီးပေါ့လေ...။ ဟိုလူကိုငေါက်၊ ဒီလူကိုအော်၊ အလုပ်မပြီးသေးဘူးလားပေါ့....။ အိမ်ရောက်ရင် တစ်အိမ်လုံးရဲ့ အငေါက်အငန်းကိုခံရတာ အဲ့တာ....အဖေ။ ဟုတ်ပါတယ်... သိပ်သနားစရာကောင်းတာ ကျွန်တော်တို့ရဲ့ အဖေပါ။ ဘာပဲပြောပြော အရက်တစ်ဖက်၊ အရက်တစ်ခွက်နဲ့ အဖေ့မေတ္တာကို ကျွန်တော်တို့ မမြင်ခဲ့ကြဘူး။

ကျွန်တော်တို့ကလည်း ကျွန်တော်တို့ပါပဲ။ အဖေအိမ်မှာ နားနေတုန်း အမေရောလို့ မေးဖော်ရပေမယ့်... အမေအိမ်မှာနားနေတုန်း အဖေရောလို့ မေးဖော်မရကြဘူး။

ကိုယ်ကိုယ်တိုင် အဖေဖြစ်လာတော့ သားသမီးရဲ့ အပြုံးတစ်ချက်ဟာ အဖေ့အတွက် အလုပ်ခွင်ထဲမှာအားတက်စေတယ်ဆိုတာ သားသမီးတွေကို သိစေချင်တယ်။ အဖေတို့ အမေတို့ဟာ သားသမီးထံက မမျှော်လင့်ဘူးနော်။

ဘာမှ မမျှော်လင့်ဘူးဆိုပေမယ့် ဆရာဘုန်းပြောခဲ့ဖူးတဲ့စကားအရ မိဘတွေဟာ ကျွန်တော်တို့ဆီကနေမျှော်လင့်တဲ့ အချက် ၅ ချက်ရှိပါတယ်တဲ့။

၁။ ငါတို့ကိုးကွယ်ယုံကြည်တဲ့ဘာသာတရားကို ငါတို့သားသမီးတွေ ဆက်လက်ကိုးကွယ်ယုံကြည်လိမ့်မယ်လို့ မျှော်လင့်တယ်။

ယောက်ျားယူလို့ရတယ်၊ အိမ်ထောင်ပြုလို့ရတယ်၊ မိဘများရဲ့မျှော်လင့်ချက်ကတော့ သူဟာဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် သူ့ဘာသာဝင်ကိုပဲလက်ထပ်တာကို သူတို့မြင်ချင်တယ်။

၂။ မိဘရဲ့ လက်ရင်းလက်လုပ်စီးပွားရေးကို မပျက်စီးအောင် ထိန်းသိန်းသူဖြစ်စေချင်တယ်လို့ မျှော်လင့်တယ်။

ကျွန်တော်တို့ဆီကနေ ပိုက်ဆံလိုချင်တာမဟုတ်ဘူးနော်။

၃။ ငါတို့တွေထားခဲ့တဲ့ မြေ၊ အိမ်၊ တိုက်တာ၊ အဆောက်အဦးတွေကို မပျောက်မပျက်၊ မပျက်မစီးအောင် မင်းတို့တွေထိန်းသိမ်းပေးလိမ့်မယ်လို့ မျှော်လင့်တယ်။

၄။ အိုးမင်းမစွမ်းဖြစ်ပြီး နေမကောင်း၊ ထိုင်မသာဖြစ်ရင် ဘယ်သူတွေဘယ်လိုပဲပြုစုပြုစု၊ ဘယ်သူပဲ ဆေးတိုက်တိုက် သား၊ သမီးကနေပြီး အမေ, အဖေ ဆေးလေးသောက်ပါဦးလား ဆိုတဲ့ စကားတစ်ခွန်းလေးနဲ့တင် သူများတိုက်တဲ့ဆေးထက် ကိုယ့်သား၊သမီး တိုက်တဲ့ဆေးက ပိုပြီး ရောဂါမြန်မြန်ပျောက်တယ်လို့ မိဘတွေက မျှော်လင့်တယ်။

၅။ ငါတို့သေလွန်တဲ့အခါ ငါတို့ကို မမေ့မလျော့ အမျှအတန်းပေးဝေပေးလိမ့်မယ်လို့ မိဘတွေက မျှော်လင့်ကြတယ်။

ဒါကြောင့် Love ကို care ပေါင်းရင် အမေ၊ Love ကို Kindness ပေါင်းရင် အဖေလို့ခေါ်တယ်။

ᏂᏗᏒᏬᏦᎥ ( April 12, 6:08 PM )

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)