Author's Profile Photo

Chuko

11/04/2024

အချစ်ဦး

6 mins read
Art
18 Again



အမုန်းကြောင့်ဖြစ်တည်လာသောချစ်ခြင်းတွေဟာ အခိုင်အမာ အမြစ်တွယ်ရှင်သန်တတ်ကြသည်။

အချစ်ဦးဆိုတဲ့စကားလုံးလေးက အရမ်းကိုလှပပါသည်။ ကျွန်မကတော့ ကျွန်မရဲ့အချစ်ဦးကို အလယ်တန်း‌ကျောင်းသားဘဝမှာ တွေ့ဆုံခဲ့ပါသည်။ ဒီအရွယ်က သစ်ရွက်လှုပ်ရင် ရယ်ချင်သလို ငိုချင်သလိုဖြစ်တတ်တဲ့အရွယ် စိတ်ကစားတဲ့အရွယ်လို့ပြောကြပေမယ့် အသက်တွေကြီးလာတဲ့အထိ အမြဲတမ်းမဟုတ်ရင်တောင်တစ်ခါတစ်လေသတိရတတ်တာ တိုက်ဆိုင်မှုတွေရှိလာတဲ့အခါတိုင်း အမှတ်ရစရာတွေပေါ်လာတတ်တာက အချစ်ဦးဖြစ်ခဲ့လို့ပဲမဟုတ်ပါလား။
သူနဲ့စတင်ဆုံစည်းခဲ့တာက မူလတန်းပြီးလို့ အလယ်တန်းကျောင်းသားဘဝ ပဥ္စမတန်း(၅တန်း)နှစ်မှာဖြစ်သည်။ သူကအခြားကျောင်းကပြောင်းလာတဲ့ကျောင်းသားသစ်တစ်ယောက်ဖြစ်သည်။ ထိုအချိန်ကတည်းက သူ့အရပ်က တခြားကျောင်းသားတွေထက်ကျောင်းတစ်လုံးပိုမြင့်နေခဲ့သည်။ အဲ့ဒါကြောင့်ကျွန်မသူ့ကိုသတိထားမိခဲ့ပါသည်။ ဒါပေမယ့် သူနဲ့ကျွန်မ အဲ့နှစ်မှာ စကားတစ်ခွန်းတောင်‌မခေါ်ပြောခဲ့ဖူးသလို သူငယ်ချင်းဘဝသို့ရောက်ခဲ့ခြင်းလည်းမဖြစ်ခဲ့ပါ။

၆တန်း
၆ တန်းနှစ်ကိုရောက်တဲ့အခါမှာ သူနဲ့ကျွန်မ အသင်းငါးသင်းထဲမှာ တစ်သင်းထဲအတူကျပါသည်။ ကျွန်မက အလောင်းဘုရားအသင်းရဲ့မိန်းကလေးအသင်းခေါင်းဆောင်ဖြစ်ခဲ့ပြီးသူကတော့ကျွန်မရဲ့အသင်းသားတစ်ဦးဖြစ်ခဲ့သည်။ တစ်နေ့... အဲ့တစ်နေ့ကို ကျွန်မအသွေးအသားထဲ စွဲမြဲစွာမှတ်မိနေခဲ့ပါသည်။ ကျွန်မတို့အသင်းတာဝန်ကျတဲ့နေ့ စာသင်ခန်းထဲက သောက်ရေပုံးမှာ ရေကုန်နေတာကြောင့် သူ့ကိုရေသွားထည့်ဖို့ပြောခဲ့ပါသည်။ ဘယ်သူထင်လိမ့်မလဲ။ သူ ကျွန်မကိုမထည့်ပေးနိုင်ကြောင်း ကျွန်မကိုယ်တိုင်သွားထည့်ဖို့ကို သူ အော်ဟစ်ပြီးပြောဆိုခဲ့ပါသည်။ အတန်းထဲကတခြားကျောင်းသားတွေရဲ့ရှေ့မှာ သူအော်ဟစ်ပြောဆိုတာကို ကျွန်မခံခဲ့ရသည်။ အိမ်က မိဘနှစ်ပါးကော အစ်မနဲ့အစ်ကိုတွေ ဘယ်သူ့ရဲ့အော်ဟစ်ပြောဆိုခြင်းကိုမှမခံရတဲ့ကျွန််မ အဲ့ခဏမှာ ရှက်တာရော ဒေါသထွက်တာရောပေါင်းပြီး မျက်ရည်တွေဝဲတက်လာခဲ့သည်။ သူ့ကိုလည်း နောင်ဘယ်တော့မှဘာအကြောင်းနဲ့ဖြစ်ဖြစ် စကားသွားမပြောတော့ဘူးဟုဆုံးဖြတ်ခဲ့သည်။ သို့ပေမယ့် အဲ့နေ့ကျောင်းလွှတ်ချိန်မှာပဲ ကျွန်မသူ့ကိုထပ်ပြီးမုန်းဖို့အကြာင်းပေါ်လာခဲ့ပြန်ပါသည်။ မိုးရာသီဖြစ်တာကြောင့် လမ်းတွေထက်မှာ ရွှံအိုင် ရေအိုင်လေးတွေက ဟိုနားဒီနားရှိနေသည်။ ကျွန်မသူငယ်ချင်းနဲ့အတူ ပြေးလွှားဆော့ကစားရင်းနဲ့ အမှတ်မထင်ရွှံအိုင်လေးတစ်ခုကိုတက်နင်းမိသွားခဲ့သည်။ ဖြစ်ချင်တော့ ကျွန်မတက်နင်းမိတဲ့ရွှံအိုင်ထဲကရွှံရေတွေက‌လမ်းလျှောက်နေတဲ့သူ့ကိုစင်မိသွားခြင်းဖြစ်သည်။ အဲ့ခဏမှာပဲသူက ကျွန်မနောက်ကို တမင်ပြေးလိုက်လာခဲ့သည်။ ပြီးတော့ကျွန်မဘေးကရွှံအိုင်ကို တမင်တကာကြီးတက်နင်းလိုက်လေသည်။ ဒါ့အပြင် ကျွန်မ မကြိုက်တဲ့စကားလုံးတွေကိုသူပြောသည်။ ကျွန်မသူ့ကိုမုန်းပါသည်။ ဂျစ်ကန်ကန်နိုင်ပြီး တဇွတ်ထိုးဆန်တဲ့သူ စကားပြောဆိုးတဲ့သူ ပြီးတော့ အငြိုးကြီးပြီးကလဲ့စားချေတတ်တဲ့သူဖြစ်တယ်ဆိုတာကို ကျွန်မသဘောပေါက်ခဲ့သည်။ ကျွန်မသူ့ကိုရွံကြောက်ကြီးဖြစ်သွားခဲ့သည်။ အဲ့အချိန်ကစပြီး ကျွန်မ သူနဲ့ မဆုံမိအောင်နေပါသည်။ သူရှိတဲ့နေရာကိုမသွားဘဲ သူ့ကိုမြင်ရင်ဝေးဝေးကရှောင်တတ်လာခဲ့သည်။ ဒါပေမယ့်လေ ဘယ်သူထင်မိမှာလဲ။ ကျွန်မ ကြည့်မရခဲ့တဲ့ ပထမဆုံးမုန်းမိတဲ့ သူက ကျွန်မရဲ့အချစ်ဦးတစ်ယောက်ဖြစ်လာခဲ့လိမ့်မယ်လို့ပေါ့။

၇တန်း
၇တန်းနှစ်မှာတော့ သူကအရပ်ပိုရှည်လာခဲ့သည်။ အစအနောက်အရမ်းသန်လာခဲ့သည်။ ပြီးတော့အတန်းထဲကကောင်မလေးတစ်ယောက်ကိုကြိုက်နေကြောင်းလည်း ကျွန်မသိခဲ့ရပါသည်။ ဒါပေမယ့် ၇တန်းနှစ်ရဲ့ စာသင်နှစ် နှစ်ဝက်မ‌ရောက်တရောက်အချိန်မှာ သူ့ရဲ့ခြေလှမ်းတွေက ရုတ်တရတ်ဆိုသလို ကျွန်မဆီကိုဦးတည်လာခဲ့သည်။ ကျွန်မရဲ့သူငယ်ချင်းက ကျွန်မကိုပြောပါသည်။ သူကကျွန်မကိုငေးငေးပြီးကြည့်နေတတ်တယ်တဲ့လေ။ ကျွန်မမယုံပါဘူး။ ပြီးတော့သူ့ကိုလည်းအရင်လိုကြည့်မရနေဆဲပဲ။ မုန်းနေဆဲပါပဲ။
စာသင်နှစ်ကုန်ဆုံးခါနီးနွေရာသီအချိန်မှာ ကျွန်မကအိမ်ကိုစက်ဘီးစီးပြီး ပြန်ပါသည်။ အိမ်နဲ့ကျောင်းနဲ့က စက်ဘီးနဲ့ဆို ၁၅ မိနစ်လောက်နင်းရသည်။ သူကလည်းစက်ဘီးစီးပြီးပြန်သည်။ သူ့အိမ်က ကျွန်မတို့အိမ်ထက်ပိုဝေးပြီး ကျွန်မနဲ့သူနဲ့ ရဲ့အိမ်ပြန်လမ်းတွေကတူညီခဲ့လေသည်။ သူရဲ့ အစအနောက်သန်တဲ့လုပ်ရပ်တွေကြောင့် တစ်ခါတလေ စိတ်ဆိုးရသလို တစ်ခါတလေ ပြုံးပျော်ရယ်မောရပြန်သည်။ ဒါပေမယ့် အဲ့နှစ်ကုန်ဆုံးသည်အထိ ကျွန်မကိုသူ ချစ်နေကြောင်းတော့ ဖွင့်မပြောခဲ့ပေ။

၈တန်း
၈တန်းစာသင်နှစ် ပထမဆုံး ကျောင်းဖွင့်တဲ့ရက်။ ကျွန်မစိတ်ပူနေခဲ့သည်။ သူကျောင်းများပြောင်းသွားပြီလား။ ဘာလို့များကျွန်မသူ့ကိုမတွေ့ရတော့မှာကို စိုးရိမ်နေခဲ့ပါလိမ့်။ ကျွန်မစာသင်ခန်း တံခါးအပေါက်ဝနားရောက်တဲ့အချိန်မှာ သူ့ရဲ့ အသံခပ်သြသြနဲ့ စကားပြောနေသံကိုကြားလိိုက်ရသည်။ အဲ့ခဏမှာ ကျွန်မဘာလို့ပျော်သွားခဲ့ရတာလဲ။ ကျွန်မ မုန်းနေမိတဲ့သူ့ကို ဘာလို့များအတွေးထဲထည့်သိမ်းထားမိနေတာလဲ။ ကျွန်မသတိမထားမိလခင်မှာပဲ ကျွန်မရဲ့မသိစိတ်ထဲမှာ သူကရှိနှင့်နေပြီးသားဖြစ်နေခဲ့သည်။ အဲ့နှစ်မှာတော့ ကျွန်မဆီကိုလှမ်းတဲ့သူ့ရဲ့ခြေလှမ်းတွေက ပိုပြီးနီးကပ်လာခဲ့ပါသည်။သူ့ရဲ့အကြည့်စူးစူးတွေကိုကျွန်မရင်မဆိုင်ရဲပါ။
အစသန်တဲ့သူဟာ ကျွန်မပန်လာတတ်တဲ့ပန်းလေးတွေကို အလစ်မှာ ဖြုတ်ဖြုတ်သွားတတ်ပြီးသူ့ရဲ့ဗလာစာအုပ်ကြားမှာ ညှပ်ထားတတ်လေသည်။ ကျွန်မ ဆရာမတွေရဲ့အလုပ်တွေ စုံညီပွဲတော်ကိစ္စ‌တွေကြောင့် အတန်းထဲမှာမရှိတဲ့အချိန်ဆို သူက ကျွန်မအတွက်စာတွေမှတ်ပေးထား ရေးပေးထားတတ်သေးသည်။ ပြီးတော့ဒီနှစ်ထဲ သူက ကျွန်မရဲ့စကားတွေကို နားထောင်တတ်လာသည်။ ကျွန်မခိုင်းတာတွေကိုလည်း လုပ်ပေးတတ်လာသည်။ ဒါပေမယ့် အရင်လို စကားပြောဆိုးပြီး တဇွတ်ထိုးဆန်တုန်းပါပဲ။ကျွန်မကို ကြိုက်နေတဲ့ အတန်းထဲကကောင််လေးနဲ့ ကျွန်မ စကားများပြောမိရင် သူစိတ်ဆိုးလေသည်။ သူစိတ်ဆိုးပြီးဒေါသထွက်တဲ့ အခါများဆို ကျွန်မကိုကြည့်တဲ့သူ့ရဲ့အကြည့်တွေက စူးရဲလှသည်။ကျွန်မသူ့ကိုကြောက်မိပါသည်။
နှင်းတွေကျတဲ့ဆောင်းရာသီနံနက်ခင်းရဲ့ နေ့ရက်တွေဟာ ကျွန်မအတွက် အမှတ်ရာစရာပါပဲ။ နှင်း‌မှုန်တွေကြားစက်ဘီးစီးလာတဲ့ကျွန်မကိုသူကလမ်းထိပ်ကနေစောင့်နေလေသည်။ ကျွန်မတစ်ယောက်တည်း စိတ်မချလို့တဲ့လေ။သူငယ်ချင်းတွေသူနဲ့ကျွန်မကိုစနောက်ကြသည်။ သို့ပေမယ့် ကျွန်မစိတ်မဆိုးမိချေ။တစ်ခါက ကျွန်မတို့အသင်းနေ့။ ဘုရားခန်းထဲက ‌ရေပုံးကို ကျွန်မကွဲသွားအောင်လုပ်လိုက်မိသည်။ ဆရာမတွေ‌ခေါ်မေးတော့ သူလုပ်လိုက်တာပါလို့ ပြောလေသည်။ ကျွန်မအစားသူကအဆူခံရလေသည်။
‌ ရွက်ဟောင်းကြွေချိန် နွေဦးက လွမ်းမောစရာကောင်းလှသည်။ နွေဦးရဲ့တစ်ခုသော ရက်စွဲတစ်ခုမှာ သူ့ဆီက "ချစ်တယ် " ဟု ဖွင့်ပြောသော စာကိုကျွန်မလက်ခံရသည်။ သူရည်းစားစာပေးပုံကိုကျွန်မပြောပြပါဦးမည်။ ကျွန်မရဲ့ထမင်းချိုင့်ထဲမှာ ထည့်ထားခြင်းဖြစ်သည်။ အဲ့အကြောင်းကိုလည်း ကျွန်မရဲ့သူငယ်ချင်းကနေမှတစ်ဆင့် သိရခြင်းဖြစ်သည်။ သူက ကျွန်မသာ သူ့ရဲ့အချစ်ကိို လက်ခံရင် နောက်တစ်နေ့ ‌ကျွန်မရဲ့ခေါင်းမှာ ပန်းလေးတစ်ပွင့်ပန်လာခဲ့ပါတဲ့လေ။နောက်တစ်နေ့ ...ကျွန်မ ..ကျွန်မရဲ့ခေါင်းမှာ ပန်းနဲ့ဆင်တူနဲ့ ကလစ်လေးတစ်ချောင်းတောင်မပန်သွားခဲ့ပါဘူး။ ဘာလို့များကျွန်မ အဲ့လို လုပ်ဖို့ ရွေးချယ်ခဲ့တာလဲ။ကျွန်မသူ့ကိုမုန်းသည်။ ကျွန်မရဲ့အမုန်းအတွက် ကျွန်မရဲ့မာနအတွက် ကျွန်မနှလုံးသားကိုနင်း‌ခြေပစ်ခဲ့တာပါပဲ။
ကျွန်မက သူ့ကိုအငြိုးကြီးတဲ့သူတစ်ယောက်အဖြစ်တစ်ဖက်သတ်မှတ်ယူခဲ့ပေမယ့် ကျွန်မကိုယ်တိုင်က အဲ့လိုလူ‌ဖြစ်နေခဲ့သည်။ ထိုနှစ်က (၆တန်း)နှစ်က အဖြစ်အပျက်တွေကို ကျွန်မလုံးဝမေ့ဖျောက်လို့မရနိုင်ခဲ့ပေ။ ကျွန်မကိုသူငယ်ချင်းတွေကသူ့ကို မချစ်ဘူးလား ဟုမေးကြသည်။သူတို့မေးတဲ့အခါတိုင်း"စာသင်ချိန်မှာ ရည်းစားမထားပါ "ဟုကျွန်မရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်အတိုင်း ကျွန်မငြင်းဆိုခဲ့သည်။ သူ့ကိုမုန်းမိသောအကြောင်းများကိုတော့ ကျွန်မသူငယ်ချင်းဘယ်တစ်ဦးတစ်ယောက်ကိုမှမပြောပြခဲ့ပါ။အချိန်‌တွေက တရွေရွေ့ကုန်ဆုံးပြီး ကျောင်းတွေပိတ်မယ့် နောက်ဆုံးစာမေးပွဲကြီးဖြေကြရတော့သည်။ အဲ့တစ်နှစ်အတွင်း သူကျွန်မကိုသုံးကြိမ်ဖွင့်ပြောခဲ့ပါသည်။ ကျွန်မသုံးကြိမ်စလုံး သူ့ကိုငြင်းဆိုခဲ့သည်။ အဲ့ခါကျ ပူစူးရဲ့ ဝန်ခံပါ သီချင်းကိုသူဆိုပြတတ်သည်။ သူ ကျွန်မရဲ့ မျက်ဝန်းညိုတွေက ပြောသောစကား‌ကို ဖတ်တတ်ခဲ့ဟန်တူသည်။
နွေရာသီကျောင်းပိတ်ရက်တွေမှာ သူနဲ့ကျွန်မမတွေ့ဖြစ်ခဲ့ကြ‌ပါ။ သို့ပေမယ့် သူကျွန်မကို စိတ်ဝင်စားနေကြောင်းကို သူ့အဒေါ်သိသွားခဲ့သည်။ သူ့အဒေါ်က ကျွန်မကိုတွေ့တိုင်းချွေးမလေးဟုခေါ်တတ်သည်။ ပြီးတော့ အမေနဲ့မမ သိသွားသည်။ ကျွန်မကတော့ သူ့ကိုစိတ်မဝင်စားကြောင်း ပြောပြခဲ့ပါသည်။ ကျွန်မက ဟန်ဆောင်ကောင်းသူတစ်ယောက်ပဲမဟုတ်ပါလား။

အထက်တန်း
မိုးဦးကျချိန် .....ကျောင်းတွေပြန်ဖွင့်သော အချိန်မှာ‌ သူနဲ့ကျွန်မ ဝေးကွာသွားခဲ့ပေသည်။ ကျွန်မတို့ ရွာက ‌အလယ်တန်းကျောင်းမို့ အထက်တန်းကိုမြို့ပေါ်ကျောင်း ပြောင်းတက်ရသည်။သူနဲ့ကျွန်မ ကျောင်းလည်းမတူသလို ကျူရှင်လည်းမတူတော့ပေ။ ဒါပေမယ့် တစ်ခါတစ်လေ ကျွန်မတို့အိမ်ရှေ့ရောက်လာတတ်သလို တစ်ခါတစ်လေ ကျူရှင်ကို သူ့သူငယ်ချင်းတစ်စုနဲ့ရောက်လာတတ်သည်။ ဒါပေမယ့် သိပ်မကြာခင်မှာပင် ကျွန်မရဲ့သူငယ်ချင်းတွေ(သူတက်တဲ့ကျောင်းမှာ တက်နေသောကျွန်မသူငယ်ချင်းတွေ)ကပြောကြသည်။ သူက သူတို့အတန်းထဲက ကောင်မလေးတစ်ယောက်ကိုကြိုက်နေသည်တဲ့။ကျွန်မဝမ်းနည်းနာကျင်ခဲ့ပါသည်။ဒါပေမယ့် ကျွန်မ မငိုခဲ့ပေ။ ကျွန်မသူ့ကိုမုန်းတဲ့အကြောင်းတွေတွေးရင်း ရည်မှန်းချက်တွေအတွက် စာကိုသာကြိုးစားခဲ့သည်။ ကျွန်မသူ့ကို သစ္စာမရှိသူဟု စွပ်စွဲချင်ခဲ့ပါသည်။ သို့ပေမယ့် သူနဲ့ကျွန်မကသက်ဆိုင်သူတွေမှမဟုတ်ခဲ့ကြပဲလေ။
ကျောင်း‌ပိတ်တဲ့ရက်တွေမှာ သူငယ်ချင်းတွေဆုံလျှင် သူမလာတတ်ပေ။ လာလျှင်လည်း သူကျွန်မကိုမေ့ထားခဲ့လေပြီ။ကျွန်မလည်း သူ့ကို မေ့ထားခဲ့ပါသည်။ အဲ့လိုလူကို ဘာ့ကြောင့်များသတိရနေရမှာလဲ။ ၁၀တန်းတွေအောင်ပြီး တက္ကသိုလ်တွေရောက်တဲ့အချိန်မှာ သူနဲ့ကျွန်မရဲ့ကြားကအကွာအဝေးက ပိုပြီး ဝေးကွာခဲ့သည်။တက္ကသိုလ်လည်းမတူညီခဲ့သလို သူနဲ့ကျွန်မလျှောက်သောလမ်းတွေလည်းမတူညီခဲ့ပါ။ သူက ကျွန်မရဲ့သူငယ်ချင်းထဲက ကောင်မလေးတစ်ယောက်နဲ့ကြိုက်သည်။ ကျွန်မတက္ကသိုလ်ဒုတိယနှစ်ရောက်တဲ့အချိန်မှာ သူကျွန်မကို စကားအရင်လာပြောသည်။ အဲ့အချိန်မှာတော့ ကျွန်မသူ့ကို မုန်းတဲ့အကြောင်းတွေပြောမိပါသည်။ သူကကျွန်မကိုတောင်းပန်ခဲ့သည်။ မသိစိတ်ကသူပြန်လာမလားဆိုပြီး မျှော်လင့်ခဲ့မိသည်။ သူပြန်လာလျှင် ကျွန်မကလက်ခံမှာလားဟု ကိုယ့်ကိုယ်ကိုမေးမိပါသည်။ ဟင့်အင်း ကျွန်မသူ့ကို လက်မခံနိုင်ပါ။ ချစ်နေပေမယ့် ကျွန်မဝန်မခံနိုင်ပါ။ ကျွန်မက အချစ်ထက်မာန ကိုရွေးချယ်ခဲ့သူပဲမဟုတ်ပါလား။ ကျွန်မတခါတလေ စဥ်းစားမိသည်။ သူကျွန်မကို ဖွင့်ပြောတုန်းက ဝန်ခံခဲ့ရင်အခုဆို သူနဲ့ကျွန်မချစ်သူတွေများဖြစ်နေကြမလား။ ဒါပေမယ့် ကျွန်မရဲ့ရွေးချယ်မှုအတွက် နောင်တဘယ်တော့မှမရခဲ့ပါ။
နာရီိလက်တံတွေက တရွေ့ရွေ့ကုန်ဆုံးနေသလို ရာသီတွေအလီိလီကူးပြောင်းနေသလို ကျွန်မတို့လည်း အသက်အရွယ်တွေကြီးလာခဲ့ပြီ။ ရင့်ကျက်တည်ငြိမ်ရမယ့် အရွယ်တစ်ခုကိုရောက်လာခဲ့ပြီ။ onlineပေါ်မှာ စိတ်ခံစားချက်မကောင်းသော post များတင်လျှင် ကျွန်မအဆင်ပြေရဲ့လား။ ဘာဖြစ်လို့လဲ ဟု လာမေးတတ်သည်။ ကျွန်မ သူ့ကိုလျစ်လျူရှုခဲ့ပါသည်။ ဒီ့ထက်ပိုပြီး သံယောဇဥ်ကြိုးတွေမရစ်နွယ်စေချင်တော့ပါ။ သူ့မှာလည်း သူချစ်ရမယ့်သူ(ကျွန်မတို့ထက်တစ်တန်းပိုငယ်သောဂျူနီယာ‌ကောင်မလေး)ရှိနေပြီပဲ။ ကျွန်မသူ့ကိုမေ့သင့်ပါပြီ။ သူလည်း သူချစ်ရသူနဲ့ သာယာလှပတဲ့ဘဝလေးတစ်ခုတည်ဆောက်နေလေပြီ။ ကျွန်မလည်း ကျွန်မမြတ်နိုးသောလွတ်လပ်မှုတွေနဲ့အတူ ရှေ့ဆက်ရှင်သန်ရပေမည်။ သူမင်္ဂလာ‌ဆောင်တဲ့အချိန်မှာ ကျွန်မသူ့ကြောင့် ပထမဆုံးနဲ့နောက်ဆုံးအကြိမ်အဖြစ်ငိုကြွေးခဲ့ပါသည်။ ဆုံးရှုံးရပြီဟူသောအတွေးကြောင့်မဟုတ်ဘဲ သူ့ကိုလုံးဝလက်လွှတ်ပေးလိုက်ပြီဟူသောအတွေးကြောင့်သာဖြစ်သည်။သူနဲ့ကျွန်မရဲ့အတိတ်ကနေရုန်းထွက်လာခဲ့ပြီဖြစ်သည်။ ကျွန်မသူ့ကိုလုံးဝမေ့လိုက်ပါပြီ။ သူနဲ့သက်ဆိုင်ခဲ့သော သာယာလှပခဲ့သော အတိတ်က နေ့စွဲတစ်ချို့ကို ကျွန်မတိုရဲ့ငယ်ရွယ်ခြင်းတွေနဲ့အတူ ချန်ထားရစ်ခဲ့လေပြီ။ တစ်ချိန်ကကျွန်မရဲ့အချစ်ဦး အမြဲတမ်းပျော်ရွှင်ပါစေလေ။
#chuko

Keep Reading

မျက်နှာကို တော်တော်တည် ထားသည်How To Train Your Dragon (2025) Spoiler Free Movie Reviewလွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ❝ဈေးရောင်းခြင်း အနုပညာ❞"အချစ်ဦး"တဲ့လွမ်းသမျှ စာတင်ဦးညိုအေးကြီးကို ကျေးဇူးတင်တယ်ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့