Author's Profile Photo

SarPhat Author

11/04/2024

?တစ်ယောက်တည်း ရှိတဲ့အချိန်ဆိုတာ အထီးကျန်ဖို့အတွက်ပဲလား?

2 mins read
Personal Development
Education
General Knowledge
?တစ်ယောက်တည်း ရှိတဲ့အချိန်ဆိုတာ အထီးကျန်ဖို့အတွက်ပဲလား?'s photo

လူအများနဲ့ အမြဲအတူနေရတဲ့အခါ သူ့ဘက်ကိုယ့်ဘက် ကြည့်ပြီး ညှိညှိနှိုင်းနှိုင်းနေရတာမို့ တစ်ခါတစ်လေ စိတ်ရှိတိုင်း မလုပ်နိုင်ရတဲ့ အချိန်မျိုးတွေ ရှိဖူးကြပါလိမ့်မယ်။ လူအများနဲ့ အချိန်အတော်ကြာ အတူနေလာပြီးမှ ကိုယ်တစ်ယောက်တည်းရှိပြန်တော့လည်း တိတ်ဆိတ်နေလွန်းလို့ မနေတတ်မထိုင်တတ်ဖြစ်ပြီး ရင်ထဲမှာ ဟာနေတာမျိုးလည်း ခံစားရပြန်တယ်။

ဒါကတော့ လောကဓံပဲမို့ အကောင်းဆုံးကတော့ အများနဲ့အတူရှိနေတဲ့အချိန်မှာ သူတို့နဲ့အတူရှိရတဲ့အချိန်ကို တန်ဖိုးထားပြီး သူတို့နဲ့အတူလုပ်မှရမယ့်အရာတွေကို လုပ်, ကိုယ့်ဘေးနားမှာ ဘယ်သူမှ မရှိတဲ့အခါဆိုရင်လည်း ကိုယ်တစ်ယောက်တည်း အပိုင်ဖြစ်နေတဲ့ အချိန်ကာလ အခြေအနေကို သာသာယာယာ ကုန်ဆုံးနိုင်ဖို့ပါပဲ။

ဆိုတော့..ဒီလိုလေးတွေလုပ်ပြီး တစ်ယောက်တည်းအချိန်တွေကို သာသာယာယာကုန်ဆုံးနိုင်ပါတယ်။

?Me time

Me time လို့ခေါ်ကြတယ်။ လူအများနဲ့ ပြောဆိုဆက်ဆံရင်း နေတာများလာတဲ့အခါ အများအဆင်ပြေဖို့အတွက် ကိုယ့်ဘက်က အဆင်မပြေမှုတွေကို သည်းခံပေးရတာ, လက်လျော့ပေးလိုက်ရတာမျိုးတွေ ရှိတတ်ကြပါတယ်။ ပိုပြီး ဆိုးဝါးရင် ကိုယ့်အကြိုက် ကိုယ်ပိုင်အတွေး ယုံကြည်မှုဆိုတာတွေ ပျောက်ဆုံးသွားတာမျိုး ထိဖြစ်နိုင်ပါတယ်။ တကယ်တမ်းတော့ ကိုယ့်ကိုယ်ကို တန်ဖိုးထားစောင့်ရှောက်တဲ့သူမှသာ သူများကိုလည်း စောင့်ရှောက်နိုင်စွမ်းရှိပါတယ်။
ဒါကြောင့် တစ်ယောက်တည်းရှိခြင်းက ကိုယ့်ကိုယ်ကိုနဲ့ ပြောဆိုဆက်သွယ်နိုင်ဖို့ အခွင့်အရေးကောင်းတစ်ခုဖြစ်တာမို့လို့ Me time လို့မြင်ပေးပါ။

ကိုယ်ဘာစားချင်သလဲ?
ဘာလုပ်ချင်သလဲ?
ဘာကြိုက်သလဲ?
ဘာဝတ်ချင်သလဲ?
ဘယ်လိုတွေခံစားနေရလဲ?
ကိုယ့်လက်ရှိဘဝနဲ့ပက်သက်လို့ ဘယ်လိုအတွေးတွေရှိနေသလဲ?

ဆိုတာတွေကို recordingသွင်းတာ, journal ရေးတာ, ဒါမှ မဟုတ် ပုံဆွဲပြီး ဖော်ပြတာမျိုးတွေလုပ်ပြီး ကိုယ့်ကိုယ်ကိုယ်နဲ့ ဆက်သွယ်ကြည့်ပါ လို့တိုက်တွန်းချင်ပါတယ်။ အချိန်အတော်ကြာ ကိုယ့်ရဲ့ ရင်ထဲမှာ ပိတ်လှောင်ထားမိခဲ့တဲ့ ဝမ်းနည်းစရာအတွေးတွေ, နာကျင်မှုတွေကို လွှတ်ချနိုင်ဖို့ အများကြီး အထောက်အကူဖြစ်စေပါလိမ့်မယ်။

?ကိုယ့်ကိုယ်ကို အခွင့်အရေးပေးပါ

အရင်က အများနဲ့မို့လို့ မလုပ်ဖြစ်လိုက်တဲ့အရာတွေကို စလုပ်ဖို့ အခွင့်အရေးကောင်းပဲလို့ မြင်ပါတယ်။ ဒီတော့ ကိုယ်တစ်ယောက်တည်း ကိုယ့်စိတ်တိုင်းကျသာ လုပ်ခွင့်ရမယ်ဆိုရင် လုပ်ချင်တဲ့အရာတွေက ဘာတွေဖြစ်မလဲ? ချရေးကြည့်ပါ။ ရေးတဲ့အခါ ရက်,အချိန်,နေရာလေးတွေထည့်ပြီး ရေးနိုင်ရင် လက်တွေ့လုပ်ဖြစ်ဖို့ ပိုပြီး အလားအလာများပါတယ်။ ပြီးရင် ကိုယ်မြင်နိုင်တဲ့ နေရာမှာထားပါ။ လက်တွေ့ လုပ်ကြည့်ပါနော်။ ကိုယ်လုပ်ချင်တာတွေ တစ်ခုပြီး တစ်ခုလုပ်ပြီး ပျော်နေလို့ တစ်ယောက်တည်းဆိုတာကို မေ့သွားပြီး တစ်ယောက်တည်းလည်း တက်ကြွ ပျော်ရွှင်နေနိုင်ပါလိမ့်မယ်။

?သဘာဝတရားနဲ့ဆက်သွယ်ပါ

အမြဲလူတွေနဲ့ပဲ ပြောဆိုဆက်သွယ်ပြီး တစ်ရက်ပြီးတစ်ရက်ကုန်သွားတော့ တစ်ခါတစ်လေ ပတ်ဝန်းကျင်ရဲ့ ပြောင်းလဲမှုတွေကို သတိမထားမိတာမျိုး ဖြစ်မိကြတယ်။ အံ့အားသင့်စရာ လှပတဲ့အရာတွေကို soicla media တွေမှာ ပဲရှာဖွေမိတတ်ကြပြီး လက်တွေ့ဘဝမှာ ကိုယ့်အနားမှာ ရှိတာတွေကို မြင်နိုင်ဖို့ မေ့လျော့နေတတ်ကြပါတယ်။ ဒါကြောင့် တစ်ယောက်တည်းရှိတဲ့အခါ လေညှင်းလေးလည်းခံကြည့်ပါ, သစ်ပင်, ကောင်းကင် တွေကိုလည်း ကြည့်ပြီး တိတ်ဆိတ်ခြင်း အေးချမ်းခြင်းကို နောင်ပင်ပန်းတည်းအခါ မှတ်မိနိုင်စေလောက်တဲ့အထိ အကြာကြီး ခံစားကြည့်ပါ။ သဘာဝတရားဟာ အကောင်းဆုံး ဆေးလို့လည်း ပြောကြပါသေးတယ်။

“မင်းမှန်တယ်။ မင်းဟာ မင်းယုံကြည်တဲ့သူပါပဲ။”

ကိုယ့်ကိုယ်ကို ဘယ်လိုလူလို့ မြင်သလဲ? ကိုယ်ဟာ အဲ့ဒီအတိုင်းပဲ ပြောဆိုပြုမူပြီး နေထိုင်ပါလိမ့်မယ်။ ဆိုပြီး မှတ်သားဖူးပါတယ်။ ဒါကြောင့် ကိုယ်တစ်ယောက်တည်းရှိတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို ပြန်ကြည့်ကြည့်ပါ။ စိတ်တိုင်းမကျရင် ဘယ်လိုလူဖြစ်ချင်လဲ? ဆိုတာ ကိုယ့်ကိုယ်ကို အဖြေရှာပြီး လေ့လာသင်ယူပါ ပြုပြင်ယူပါ။ ဒါဟာ တစ်ယောက်တည်းရှိတဲ့အချိန်မှသာ လုပ်နိုင်မယ့် အခွင့်အရေးပဲ ဖြစ်ပါတယ်။

ကျွန်မက English စာသင်တဲ့ ဆရာမတစ်ယောက်ပါ။ စာသင်တာအပြင် လူတစ်ယောက် ဘဝတိုးတက်ဖို့ အေးချမ်းပျော်ရွှင်စွာရှင်သန်နိုင်ဖို့တွေနဲ့ ပက်သက်လို့ လေ့လာရတာကိုလည်း သဘောကျပါတယ်။ နောင်လည်း ကျွန်မ လေ့လာမိသမျှကို မျှဝေသွားဦးမှာဖြစ်လို့ follow လုပ်ထားဖို့ ဒီစာဟာ ကိုယ့်အတွက် အကျိုးတစ်စုံတစ်ရာဖြစ်စေတယ်ဆိုရင် like ပေးခဲ့ဖို့လည်း တောင်းဆိုချင်ပါတယ်။

အားလုံပဲ အေးချမ်းသော တစ်နေ့တာလေး ဖြစ်ပါစေရှင်။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း