SarPhat Author
.
ကိုယ့်အသက် ဒီ့ထက်ငယ်တုန်းကပေါ့။ အိမ်ဘေးက ကောင်နဲ့တော်တော်အတွဲညီတယ်။ ညီဆို စကားစပြောတတ်တဲ့ အရွယ်တည်းက ပေါင်းလာခဲ့တာကိုး။ အဲ့ဒီနှစ်က ဟိုကောင်ဆိုင်ကယ်စစီးတတ်တယ်။ ဆိုင်ကယ်စီးသင်ပြီးတဲ့နောက် သူ့ဒုက္ခခံရတဲ့ လူက ကိုယ်ပေါ့။ သူ့တစ်အိမ်လုံး ဘယ်သူမှ သူ့နောက်လိုက်မစီးရဲဘူး။ တစ်နေ့ကျ ညနေကြီး ရောက်ချလာပါရော။ "အကျဲ, သားတို့ ဆိုင်ကယ်ပတ်စီးမယ်တဲ့။ "
အဲ့ကောင်က ကိုယ့်ထက် ၈လငယ်တယ်။ ငယ်ငယ်တည်းက ခေါ်လာတော့ နှုတ်ကျိုးနေပြီလေ။ ထားပါတော့။ တစ်ကယ်တော့ ကိုယ့်မှာလည်း အကြံနဲ့။ သူ့နောက်လိုက်ရဲတယ်ဆိုတာက ယုံလို့တော့မဟုတ်ဘူး။ ကိုယ်တို့ဆိုင်ကယ်က ဂျပန်စူပါကတ်လေးကိုး။ ကိုယ်က အရပ်မြင့်တော့ ဆိုင်ကယ်လဲလည်း အသာလေး ဆင်းလိုက်ရုံပဲ။ ။ ဒါနဲ့ ကိုယ်တို့နှစ်ယောက် ညနေကြီး ဆိုင်ကယ်ပတ်စီးလိုက်တာ တစ်မြို့လုံးနှံ့ပါလေရော။ အဲ့အကျင့်က တစ်နှစ်ကျော်ကျော်လောက်ထိကို စွဲသွားတာ။ ညဆို မထွက်ရမနေနိုင်ဘူး။ ဆီဈေးနဲ့အပြိုင်ကို ဝါသနာကကြွတက်နေတာ။ ဆိုတော့ ပြောချင်တာက အခုမှလာမှာ။ တန်ဆောင်တိုင်ညကြီး, တစ်မြို့လုံး ပံ့သကူလိုက်ကောက်တဲ့နေ့ပေါ့။ ကိုယ်တို့နှစ်ယောက်လည်း ပံ့သကူကောက်ဖို့ တိုင်ပင်ကြတယ်။ အဲ့မှာ အလကားဆို ကျေးဇူးတင်ပါသည်နဲ့ ပဲ ညားနေကျကိုယ်က ကံကိုမယုံဘူး။ ဒီတော့ ပံ့သကူကောက်ဖို့ထက် ပစ်ဖို့ မဲဆွယ်ရတယ်။ "ဟေ့ကောင်, ပံ့သကူကောက်တယ်ဆိုတာ လောဘပါတယ်ကွ၊ ကိုယ်တွေ့ထားတာ သူများဦးသွားရင် ဒေါသထွက်ရမယ်။ လပြည့်နေ့ကြီး အကုသိုလ်မယူချင်စမ်းနဲ့။ ပံ့သကူကောက်မယ့်အစား ပစ်ကြည့်ပါလား၊ ကုသိုလ်လည်းရတယ်၊ ပျော်လည်းပျော်ရသေးတယ်၊ ဘာညာ" ရွှီးရတာပေါ့။ နောက်တော့ ကိုယ့်အိမ်က စာအိတ်အထပ်လိုက်ယူချလာပြီး တစ်ညလုံး ကြိုးစားလိုက်ကြရတယ်။ စာအိတ်အထပ်လိုက်ဆိုလို့ အထင်မကြီးနဲ့။ အိတ်စေ့ ပိုက်ဆံမထည့်ဘူး။ ကိုယ်တို့က ဒီတိုင်းပေးရမှာထက် စချင်သေးတယ်။ ဒီတော့ ဘာလုပ်သလဲ။ ကိုယ်ရေးထားသမျှ ကဗျာတွေကို စာအုပ်လိုက်ကူးရေးတာပေါ့။ ပြီးရင် အမှတ်အသားနဲ့ ခွဲထားတယ်။ ကြည့်မရတဲ့ကောင်တွေတွေ့ရင် သူတို့နဲ့ မနီးမဝေးလောက်မှာ မယောင်မလည်နဲ့ အိတ်ကလေး ပစ်ချပေးခဲ့တယ်။ အုပ်လိုက်ကြီး လုကြပေါ့။ ကိုယ် အရှက်ကွဲတာက အခုမှစမှာ။ ကိုယ်တို့က အိမ်ကမထွက်ခင်ကတည်းက အရည်လေးကဝင်နေပြီ။ အိမ်မှာလည်း မီးဖိုပြီး ဟိုကင်၊ ဒီကင်ရင်း ဟို့ကောင်အဖေ့ဆီကဟာတွေ ယူသောက်ပြီးပြီ။ ဒီတော့ ထွက်လာကတည်းက အာလေးကရွှင်နေပြီ။ နှစ်ကောင်လုံး တဟီးဟီးနဲ့။ အဲ့မှာ သကောင့်သားက စဖောက်ရော။ ပိုက်ဆံပါတဲ့ အိတ်တွေကို မိန်းကလေးတွေပဲလိုက်ပေးမယ်လုပ်ရော။ ကိုယ်ကလည်း နှစ်ခါမပြောရဘူး။ ချကွာ၊ လုပ်ကွာ တွေဖြစ်ကုန်ရော။ ဒါနဲ့ တစ်မြို့လုံးကို ၅ပတ်လောက်ပတ်ရင်း ချောချောလေးတွေ လိုက်ရှာကြတာ။ ဟော ၂ပတ်လောက်ပတ်မိတော့ တွေ့ပါပြီလား။ ချောချောလေး တစ်အုပ်ကွယ်ရို့။ ဟိုကောင်က ဆိုင်ကယ်ကိုအတင်းပြန်လှည့်၊ သူတို့အုပ်စုနားကို မယောင်မလည်နဲ့ သွားလုပ်နေတာ။ ပေးရဲလားဆိုတော့လည်း မပေးရဲဘူး၊ ရှက်တယ်တဲ့။ စောက်ကျိုးနည်းကြီးပါ။ သူတို့နားမယ် ၄ခေါက်လောက် ပတ်နေတော့ ဟိုက ကွက်ကြည့်ကွက်ကြည့်တွေ လုပ်ရော။ ဟိုကောင်ကတော့ ကြောင်တောင်တောင်နဲ့ရယ်။ အဲ့မှာ ကိုယ်က အကြီးပီသစွာပဲ "ဟေ့ကောင်, မင်းမပေးရဲရင် ငါပေးမယ်ကွ၊ ပေး, မင်းစာအိတ်" ဆိုပြီး ခပ်တည်တည်နဲ့ သွားပေးလိုက်ပါလေရော။ ဖြစ်ချင်တော့ ပေးလိုက်တဲ့အိတ်က ပိုက်ဆံအများဆုံးအိတ်၊ အဲ့ထက်ပိုဆိုးတာက ကိုယ့်ကဗျာလေးတွေပါထည့်ထားတဲ့ အိတ်ဖြစ်နေရော။ ဘာအကြောင်းလဲတော့ မမေးနဲ့ပေါ့။ တတ်သမျှ၊ မှတ်သမျှ၊ မွေးကတည်းက ပါလာတဲ့ တော်ကီတွေ ခြွေထည့်ထားတာဗျို့။ ပြီးတော့ ကိုယ်တို့နှစ်ယောက်လည်း သွား၃၂ချောင်းကို လေညှင်းခံရင်း အိမ်ပြန်ခဲ့ပါလေရော။ အိမ်ရောက်တော့ သူ့အိမ်ကလူတွေနဲ့ တစ်ဝိုင်းဖွဲ့လိုက်သေးတယ်။ ဟိုကောင်က သောက်နေရာကနေ ထပြီး အခန်းထဲဝင်သွားတယ်။ ခဏကြာတော့ ဆေးဘူးတစ်ဘူးယူပြီး ထွက်လာရော။ "အကျဲ, သားတို့ ဟိုဘိုးတော်အိမ် စာသွားရေးမယ်တဲ့"။ ကိုယ်ကလည်း အရည်လေးဝင်နေတော့, တက်ကြွတဲ့ ကြက်ဖဖြစ်နေတာကိုး။ နောက်တစ်ခေါက် ထပ်ထွက်ပြန်ရော။ ညကြီးမီးက မလာဘူး။ ကိုယ်တို့သွားတဲ့နေရာက လူပြတ်တယ်။ အဲ့မှာ နှစ်ကောင်လုံး ကမြင်းကြတာ။ ဆိုင်ကယ်ကို လီဗာအဆုံးထိတင်ပြီး တစ်လျှောက်လုံး မောင်းလာလိုက်တာ၊ အနောက်ကလည်း အငြိမ်မနေဘူးဗျ၊ သီချင်းတွေအော်ဆိုရင်း ဆိုင်ကယ်ဖင်ကို ယမ်းလိုက်သေးတယ်၊ နောက်တော့ အရှေ့မယ် ပညာရေးမှူးရုံးကြီး ဘွားခနဲပေါ်လာရော။ ဟိုက်ရှားပါး။ ကိုယ်တို့က လမ်းမဆုံးသေးဘူးထင်ပြီး ဇွတ်တွေ မောင်းနေတာကိုး။ လက်မြန်လို့သာ ဝင်မကြုံးတာ။ ဒါနဲ့ အိမ်ပြန်ခဲ့ရော။ ကိုယ်တို့အိမ်က မြို့လယ်လမ်းမှာကိုး။ ဒီတော့ လမ်းမလယ်ခေါင်ကြီး ဆေးဘူးနဲ့ လက်ကမြင်းကျပြန်တယ်။ ကိုယ့်ကိုယ်ကိုယ် ဂရပ်ဖတီပညာရှင်ကြီးလိုလို , ဘာလိုလိုနဲ့ ရေးလိုက်တာ၊ ထွက်လာတော့ စာတစ်ကြောင်းတည်း။ "အဆုလေး သရဏံ ဂစ္ဆာမိ" တဲ့။ အဲ့မှာ ပြဿနာတက်တာပဲ။ ရဲတွေ ဘယ်ကဘယ်လို သတင်းကြားတယ်မသိဘူး။ ညကြီး ရဲကားနဲ့ အုပ်လိုက်ပေါက်ချလာရော။ နောက်တော့ ကိုယ်တို့ရေးထားတဲ့စာကို ဝိုင်းဖတ်ကြတာဗျို့။ အဲ့မှာ တစ်ယောက်က ဟေ့ကောင်တွေ ၊ အဆုလေးသရဏံ ဂစ္ဆာမိ တဲ့ကွ၊ ဆိုပြီး အော်ရီလိုက်ကြတာဗျာ။ ကိုယ်လား၊ ဘယ်ပြေးပါ့မလဲ၊ ဘာမှမသိသလိုနဲ့ ရဲကားနား ထိုင်ကြည့်နေတာပေါ့။ ရဲတွေထွက်သွားတော့ ကိုယ်တွေတစ်ကြော့ပြန်ကမြင်းကြပြန်ရော။ အဲ့မှာ အစောက ကိုယ်တို့စာပေးလိုက်တဲ့ အစ်မကြီးတွေ ဘယ်လိုတွေ့သွားတယ်မသိဘူး။ ကိုယ်တို့ကတော့ သူတို့မတွေ့အောင် အတင်းအိမ်ထဲပြေးဝင်တာပေါ့။ အဲ့မှာ ကိုယ်စာပေးလိုက်တဲ့အစ်မကြီးက ခြံတံခါးအထိ ရောက်ချလာရော။ ကိုယ်တို့နှစ်ယောက်လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ခြံရှေ့ထွက်တွေ့ရတာပေါ့။ အံမယ်, ကိုယ်တွေ ကံက ပါးမရိုက်ခံရဘူးကွယ်ရို့၊ အဲ့ဒီညက ကိုယ်မျက်စိထဲ ပပဝတီလောက်နီးနီးချောတဲ့ အစ်မကြီးက မုန့်တွေ ပေးပါလေရော။ ရော့, ကလေးတွေစားဖို့တဲ့။ ကိုယ်တို့နှစ်ယောက်လည်း မုန့်ထုပ်ကြီးတွေပိုက်ရင်း ကြောင်စီစီကြီးကျန်ခဲ့တာပေါ့။ နောက်တော့လည်း ပေးတဲ့မုန့်တွေအကုန် အမြည်းဖြစ်သွားတာပါပဲ။ အစက ပြောတဲ့ကိုယ်အရှက်ကွဲတယ်ဆိုတာ အခုမှ စမှာ။ မနက်ရောက်တော့ ပုံမှန်တိုင်း ကျောင်းသွားပေါ့။ ကျောင်းဆင်းချိန်ညနေကြီး ဘယ်ကဟာတွေနဲ့ ထိပ်တိုက်တွေ့တယ်ထင်တုန်း။ မနေ့က အစ်မကြီးတစ်အုပ်လိုက်နဲ့ဗျို့။ ကိုယ့်မယ် စက်ဘီးကို ဖင်ကုန်းအောင် နင်းပြေးတာ, အဲ့မှာ မုန့်လာပေးသွားတဲ့ အစ်မကြီးက အနောက်ကလိုက်လာပါလေရော၊ သို့ပင်မယ့် ကားနဲ့တောင် ပြိုင်နင်းခဲ့တဲ့ ကိုယ်က ဒီဟာလေးလောက်တော့ အေးဆေးပေါ့။ ကိုယ်စိတ်ထဲမယ် ဟိုသကောင့်သားရဲ့ စပ်ဖြီးဖြီးမျက်နှာကြီးကို ပြေးမြင်ရင်း မေတ္တာပို့လိုက်ရတယ်။
Keep Reading