Author's Profile Photo

Lin Myaing

9/04/2024

အပူဒဏ်ကြောင့်ဖြစ်သော ကျန်းမာရေးအန္တရာယ်နှင့် အပူငြိမ်းစေသောအစားအစာများ

1 min read
Life Style
Health
General Knowledge
အပူဒဏ်ကြောင့်ဖြစ်သော ကျန်းမာရေးအန္တရာယ်နှင့် အပူငြိမ်းစေသောအစားအစာများ's photo


မြန်မာနိုင်ငံတွင် နွေ၊ မိုး၊ ဆောင်းဟူ၍ ဥတုသုံးမျိုးရှိပြီး နွေရာသီကာလသည် ဖေဖော်ဝါရီလမှ မေလအထိဖြစ်ပါသည်။ နွေရာသီရောက်ရှိလာသည်နှင့် ပြည်သူတစ်ရပ်လုံး အပူဒဏ်ကို ခံစားကြ ရပြီး နောက်ဆက်တွဲအနေဖြင့် အပူဒဏ်ကြောင့်ဖြစ်သော ကျန်းမာရေးကိစ္စများကို ခံစားကြရပါသည်။ အပူချိန်မြင့်တက်လာသည်နှင့်တစ်ပြိုင်နက် သဘာဝဘေးအန္တရာယ်အမျိုးမျိုးဖြစ်ပွားလာနိုင်ပြီး အပူဒဏ်အန္တရာယ်နှင့် ခရမ်းလွန်ရောင်ခြည်များသည် ပြည်သူတစ်ရပ်လုံး၏ ကျန်းမာရေးဆိုင်ရာ အန္တရာယ်များနှင့်မလွှဲမသေ တွေ့ကြုံရင်ဆိုင်ကြရမည်ဖြစ်ပါသည်။


နေ့ခင်းဘက်အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာပါက အပူဒဏ်ကို ခံနိုင်ရည်မရှိသည့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါနှင့် နှလုံးရောဂါရှိသူများကို လေဝင်လေထွက်ကောင်းပြီး အရိပ်ရသည့်နေရာများတွင် နေထိုင်စေရမည်ဖြစ်ပါသည်။ အပူဒဏ် ကြောင့် အရေပြားပူပြီး အသားအရည်ခြောက်သွေ့ကာ အပူကြီး၍သတိလစ်ခြင်း (Heat Stoke) ခံစားရပါက လူနာကို အရိပ်ရပြီးအေးမြသည့်နေရာသို့ ရွှေ့ပြောင်းခြင်း၊ ဆေးရုံဆေးခန်းသို့ပို့ဆောင်ခြင်း၊ ရှေးဦးသူနာပြုစုမှုများဖြစ်သည့် လူနာကိုခြေရင်းဘက်မြင့်ကာ ပက်လက်လှန်ထားခြင်း၊ သက်တောင့် သက်သာရှိစေမည့် အဝတ်အစားများလဲလှယ်ပေးခြင်း၊ သတိရလာပါက ရေအေးတိုက်ပေးခြင်း၊ လူနာ၏ခန္ဓာကိုယ်အား ရေအေးဖျန်းပေးခြင်း၊ ရေပတ်တိုက်ပေးခြင်းတို့ဖြင့် ပြုစုပေးရန် လိုအပ် ပါသည်။ ခန္ဓာကိုယ်အရေပြားပျက်စီးခြင်းများကို ခရမ်းလွန်ရောင်ခြည်အန္တရာယ်မှ ကာကွယ်နိုင်ရန် အတွက် အပူဒဏ်ခံနိုင်သည့် ဆေးလိမ်းခြင်း၊ အရောင်ဖျော့သော ချည်သားပွပွအဝတ်အထည် များကို ဝတ်ဆင်ခြင်း၊ နေကာမျက်မှန်တပ်ဆင်ခြင်း၊ နေရောင်ကာစေသည့် ထီး၊ ဦးထုပ်များ ဆောင်းခြင်း ဖြင့်လည်း ကာကွယ်နိုင်ပါသည်။

အပူချိန်များမြင့်တက်ခြင်းကြောင့် ပြည်သူများအနေဖြင့် အပူကြောင့်မောပန်းနွမ်းနယ်ခြင်း (Heat exhaustion)နှင့် အပူကြီး၍သတိလစ်ခြင်း(Heat Stoke)၊ နှာခေါင်းသွေးလျှံခြင်းများ ဖြစ်ပေါ်တတ်ပြီး အသက်အန္တရာယ်ထိခိုက်သည်အထိ လူကိုဒုက္ခပေးတတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါ သည်။ အပူချိန်မြင့်မားချိန်တွင် ရေဓာတ်ကုန်ဆုံးခြင်းများဖြစ်ပေါ်စေသဖြင့် ရေများများသောက် ပေးခြင်း၊ ဓါတ်ဆားရည်သောက်ခြင်းနှင့် ရေဓာတ်ကြွယ်ဝသောအစားအစာများ (ဥပမာ- ဖရဲသီး၊ ပန်းသစ်တော်၊ ပန်းသခွားသီး၊ မင်းဂွတ်သီး) စသည့် အသီးအနှံများကို စားသုံးသင့်ပါသည်။ ထိုအသီးအနှံ များသည် ရေငတ်ခြင်း၊ မူးဝေခြင်း၊ အပူရောဂါနှင့် ချွေးလွန်ခြင်းတို့ကို ပျောက်ကင်းစေပါသည်။ မဖြစ်မနေ နေပူထဲသို့ အပြင်ထွက်ရသူများအနေဖြင့် ထီး၊ ဦးထုပ်နှင့်အရောင်ဖျော့သော အဝတ် အစားများ၊ ချောင်ချောင်ပွပွ အင်္ကျီလက်ရှည်များ ဝတ်ဆင်သင့်ပါသည်။ နေပူမှပြန်လာပြီး ချက်ခြင်း ခြေထောက်ရေဆေးခြင်း၊ ရေချိုးခြင်းများ ရှောင်ကြဉ်သင့်ပါသည်။

အပူကြီး၍ သတိလစ်ခြင်းရောဂါ(Heat Stoke)သည် ရောဂါအခံရှိသူများ၊ အရက်သောက်သုံး သူများ၊ ကလေးသူငယ်များ၊ အသက်(၆၅)နှစ်နှင့်အထက်  သက်ကြီးရွယ်အိုများတွင် ပို၍ အဖြစ်များ သဖြင့် ထိုသူများသည် အပူဒဏ်ကို ပိုမိုသတိပြုသင့်ပေသည်။ အပူဒဏ်ကို သတိမထားမိဘဲ သွားလာ လှုပ်ရှားနေထိုင်ရာမှ ရုတ်တရက်လူကို အသက်အန္တရာယ် ထိခိုက်သည်အထိ  ဒုက္ခပေးနိုင်သဖြင့် သေခြာစွာ သတိပြုကာကွယ်သင့်ပါသည်။


“အစာသည်လည်းဆေး ဆေးသည်လည်းအစာ’’ ဆိုသည့် ဆိုရိုးစကားအတိုင်း နွေရာသီတွင် အပူငြိမ်းစေသည့် အသီးအနှံများဖြစ်သည့် ဖရဲသီး၊ မာလကာသီး၊ နာနတ်သီး၊ ဇီးသီး၊ သင်္ဘောသီး စသည့်အသီးအနှံများကို စားသုံးပေးပြီး အပူများသည့်ကာလတွင် တစ်နေ့လျှင် ရေကိုအနည်းဆုံး (၂)လီတာထက် ပိုမိုသောက်ခြင်းဖြင့် အပူဒဏ်ကာကွယ်နိုင်မည်ဖြစ်ပါသည်။

#လင်းမြိုင် 

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)