Morgen

လူတော်တော်များများမှာ မှားနေတဲ့ အယူအဆတစ်ခုရှိတယ် ။ အသက်ကြီးလာရင် အလိုလို လူကြီးဆန်လာမယ်၊ သိတတ်လာမယ်လို့ ထင်နေကြတယ်။ တကယ်တော့ အသက်အရွယ်ဆိုတာ ကိန်းဂဏန်းသက်သက်ပဲ။ မင်းရဲ့ ဦးနှောက်ထဲက Logic တွေက Update မဖြစ်ဘဲ Version အဟောင်းကြီးနဲ့ လည်ပတ်နေသရွေ့ မင်းဟာ "အရွယ်ရောက်ပြီးသားကလေး" သာသာပဲ ဖြစ်နေမှာပါ။
ကျွန်တော်တို့ လူငယ်တွေကြားထဲမှာ အမြဲမြင်နေရတာက self improve လုပ်ဖို့ထက် သူများလုပ်တာလိုက်လုပ်ဖို့၊ trend နောက်လိုက်ဖို့ကိုပဲ ဦးစားပေးနေကြတယ်။ကိုယ်ပိုင်ခံယူချက် Own Perspective ဆိုတာ ပျောက်ဆုံးနေပြီး သူများပြောတာ ယုံ၊ သူများလုပ်တာ လိုက်လုပ်နဲ့တင် အချိန်ကုန်နေကြတယ်။ အတွေးအခေါ်ဆိုတာ ကိုယ်တိုင်ပျိုးထောင်ရတဲ့အရာ ဖြစ်ပေမဲ့ အခုတော့ အသင့်စား Instant Food တွေလိုပဲ သူများကျွေးတဲ့ အယူအဆတွေကိုပဲ မျိုချနေကြတာ စိတ်ပျက်ဖို့ကောင်းတယ်။
အတွေးအခေါ် တိုးတက်လာဖို့ဆိုတာ မေးခွန်းထုတ်တတ်ခြင်းက စတာပါ။ "ဒါက ဘာလို့ ဒီလိုဖြစ်တာလဲ?"၊ "ငါ အခုလုပ်နေတာ မှန်ရဲ့လား?"၊ “ငါဒီလိုလုပ်လိုက်ရင် တဖက်လူဘယ်လိုဖြစ်သွားမလဲ?” ဆိုတဲ့ Critical Thinking တွေ မရှိတော့ဘဲ ထုံထိုင်းနေကြတာက အဓိက ပြဿနာပါပဲ။ Phone screen ပေါ်က 15 seconds စာ Video လေးတွေကြည့်ပြီး စိတ်ကျေနပ်နေတဲ့အဆင့်မှာပဲ အတွေးအခေါ်တွေက ရပ်တန့်နေတယ်။
ဗဟုသုတရှာမှီးတာထက် အပျော်အပါးနောက်ကိုပဲ တကောက်ကောက်လိုက်နေတဲ့အခါ မင်းတို့ရဲ့ Mindset က မသုံးတော့တဲ့ဓားတလက်လို သံချေးတက်လာလိမ့်မယ်။ အသက်ကသာ ဆယ်ကျော်သက်ကနေ ၂၀/၃၀ ထဲ ရောက်သွားမယ်၊ အတွေးအခေါ်ကတော့ အောက်ခြေမှာပဲ ဖုန်တက်ကျန်ရစ်ခဲ့လိမ့်မယ်။
အတွေးအခေါ်မရှိတဲ့ လူငယ်တစ်ယောက်ဟာ အလင်းမပါတဲ့ မီးအိမ်လိုပဲ။ အပေါ်ယံကြည့်ရင်တော့ လှပကောင်း လှပနေလိမ့်မယ်၊ ဒါပေမဲ့ ဘယ်သူ့ကိုမှ လမ်းမပြနိုင်သလို ကိုယ့်ဘဝအတွက်တောင် အလင်းမရဘူး။ ဆုံးဖြတ်ချက်တစ်ခု ချခါနီးတိုင်း သူများမျက်နှာ ကြည့်နေရတာ၊ ပြဿနာတစ်ခု ကြုံတိုင်း ကိုယ်လွတ်ရုန်းပြီး ပြေးထွက်ဖို့ပဲ စဉ်းစားနေတာတွေဟာ အတွေးအခေါ် မတိုးတက်သေးတဲ့ လက္ခဏာတွေပဲ။
ဆယ်ကျော်သက်ဆိုတဲ့ energy အရှိဆုံးအချိန်မှာ ဦးနှောက်ကို Workout မလုပ်ဘဲ အပျော်အပါးနောက်မှာပဲ(လုံးဝ) အချိန်ကုန်နေမယ်ဆိုရင်တော့ မင်းဟာ “အရွယ်ရောက်ပြီးသား ကလေး” တစ်ယောက်အဖြစ်နဲ့ပဲ အိုမင်းသွားလိမ့်မယ်။ အသက်ကြီးပြီး အသိဉာဏ်မပါတဲ့ လူပိန်း တစ်ယောက်အဖြစ် လောကကြီးမှာ နေရာအပိုယူမယ့်အစား ကိုယ့်အတွေးအခေါ်ကိုယ် အသေအလဲ ပြန်ထုဆစ်ဖို့ လိုနေပြီဆိုတာ မမေ့ပါနဲ့။
“Growing Up or Just Growing Old?”
• မော်ဂန်
Keep Reading