Kaung Hein Soe - Strategic

Personal Finance ဆိုတဲ့ တစ်ကိုယ်ရည်ငွေကြေးပညာကို ကျွန်တော် စတင် လေ့လာဖြစ်တာက Bulk Carrier အမျိုးအစား တန်ချိန် သုံးသောင်းကျော်ရှိတဲ့ ပင်လယ်ကူးသင်္ဘောကြီး တစ်စီးအပေါ်မှာ အငယ်တန်း အင်ဂျင်နီယာ အဖြစ်တာဝန် ထမ်းဆောင်နေချိန်မှာ စတင်လေ့လာဖြစ်တာ ဖြစ်ပါတယ်။ ဆယ်တန်းကို အမှတ်ကောင်းကောင်းနဲ့အောင်ခဲ့တဲ့အတွက် အဲဒီခေတ်က ခေတ် အစားဆုံး အကောင်းဆုံး အသက်မွေးမှုများလို့ ပတ်ဝန်းကျင်က သတ်မှတ်ထားခဲ့ကြတဲ့ ဆရာဝန် ၊ သင်္ဘောသား စတဲ့ ရွေးချယ်စရာနည်းနည်းထဲမှာ ကျွန်တော်က သင်္ဘောသား ဖြစ်လာမယ့် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်ကို တက်ရောက် ဖြစ်ခဲ့တာပါပဲ။
အဲဒီအချိန်တုန်းက အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦးရဲ့ အိပ်မက်က သိပ်ရိုးရှင်းပါတယ်။ သင်္ဘောကို သတ်မှတ် Service ရအောင်အမြန်တက်၊ ပြီးရင် စာမေးပွဲတွေ တစ်ဆင့်ပြီးတစ်ဆင့်ဖြေ အသက် ၃၅ နှစ်လောက်မှာ အရာရှိချုပ်ဖြစ် ၊ ဒါဆိုတစ်လကို ဒေါ်လာတစ်သောင်းလောက် လစာရ ၊ ဘ၀အတွက် အဆင်ပြေပြီလို့ သတ်မှတ်ခဲ့တာပါပဲ။ ဒီလိုနဲ့ ပထမဆုံး သင်္ဘောတက်ရမယ့် အခေါက်မှာ အင်မတန်တက်ကြွနေတဲ့ ကျွန်တော်ဟာ လိုအပ်မယ် ထင်တာတွေကို ခရီးဆောင်အိတ်ထဲ ထည့်ရပါတယ်။
ဒီအခါ လူသူမရှိ ပင်လယ်ထဲ တစ်ယောက်တည်း ဖြစ်နေရင် အပျင်းပြေ ဘာလုပ်မလဲဆိုတော့ လက်ပ်တော့မှာ ဗီဒီယိုကားတွေ သီချင်းတွေ အများကြီးထည့်ဖို့ကိုပဲ လုပ်ဖြစ်ပါတယ်။ စာအုပ်တွေ သယ်သွားဖို့ကျတော့ ဝန်ကလဲလေး၊ အဆင်လဲမပြေလောက်ဘူးလို့ ထင်မိတာပါပဲ။ ဒါကြောင့် ဘာ စာအုပ်မှထည့်မထားမိပါဘူး။ သွားမယ့်နေ့ကျမှ ဘုရားစာအုပ်တစ်အုပ်ရယ် ၊ ဘာမှန်းမသိ အဖေ့ စာအုပ်စင်က စာအုပ် တစ်အုပ်ရယ်ကို ကောက်ထည့်လာခဲ့မိတာပါပဲ။
ဘ၀ကိုပြောင်းလဲစေတဲ့စာအုပ်…
အဲဒီ စာအုပ်က တကယ် ကျွန်တော့်ဘဝကို ပြောင်းလဲသွားစေခဲ့တာပါ။ အလုပ်ကနေ စောစောထွက်ပြီး စီးပွားရေးလုပ်ငန်းရှင်အဖြစ် အောင်မြင်နေတဲ့ အဖေ့ရဲ့ ငယ်သူငယ်ချင်းတစ်ဦးက သူ့ဘ၀ကို ပြောင်းလဲစေတဲ့စာအုပ်ဆိုပြီး အဖေဖတ်ဖို့ သေချာ စာလေးရေး လက်မှတ်ထိုးပြီး ပေးခဲ့တာပါ။ ဒါပေမယ့် ဝန်ထမ်းဘဝနဲ့ အရိုးထုတ်တဲ့ အဖေက လက်ဖျားနဲ့တောင် တို့ကြည့်ခဲ့မယ်မထင်ပါဘူး။ ဒီစာအုပ်ကတော့ ရောဘတ်ကီယိုဆာကီ ရေးတဲ့ နာမည်ကျော် ဆင်းရဲဖေဖေ ချမ်းသာဖေဖေ စာအုပ်ပါပဲ။
ပင်လယ်ထဲမှာ တစ်ယောက်တည်း အချိန်တွေများနေတော့ လုပ်စရာကလည်းမရှိတဲ့အခါ ဒီစာအုပ်ကိုပဲ သည်းကြီးမည်းကြီး အကြိမ်ကြိမ်ဖတ်ရှုလိုက်တာ ဘယ်စာမျက်နှာက ဘာအကြောင်းအရာပါတယ် ဆိုတာကို အလွတ်နီးပါး မှတ်မိသွားပါတော့တယ်။ ဒီစာအုပ်ဟာ ကျွန်တော့်ကို အားအင်တွေပေးလိုက်တာ ဆိုတာ အသက် ၃၀ မတိုင်ခင် ချမ်းသာရမယ်ဆိုတဲ့ ပြင်းပြတဲ့စိတ်ကိုပါ ဖြစ်စေပါတော့တယ်။
ဒီလိုနဲ့ စာဖတ်ရုံတင်မကဘူး စာကို လက်တွေ့အကောင်အထည်ဖော်ကြည့်မယ် မှန်ကန်တယ်ဆိုရင်တော့ ဒါက ပိုပြီး ယုံကြည်ရမယ်ဆိုပြီး စာအုပ်ထဲက အတွေးအခေါ်တစ်ခုကို လက်တွေ့ လုပ်ကြည့်ဖို့ စဉ်းစားပါတော့တယ်။ ရွေးချယ်လိုက်တဲ့ concept က ဘယ်လိုနေရာမျိုးမှာမဆို လူဆိုတဲ့ အသိုက်အဝန်း တစ်ခုရှိနေရင် သူတို့မှာ ပြဿနာတွေ ၊ ဖြေရှင်းရခက်မှာတွေ ရှိကို ရှိနေမှာပဲတဲ့။ အဲဒီ ပြဿနာတစ်ခုခုကို မင်းက ရှင်းပေးနိုင်ရင် မင်းဆီကို သူတို့က လိုလိုချင်ချင်ငွေတွေ ပေးကြလိမ့်မယ်တဲ့။
ရှင်းပေးနိုင်တဲ့ ပြဿနာက ကြီးလေလေ ငွေပမာဏ ကြီးကြီးကို ရလေပဲလို့ ဆိုထားတာပါပဲ။ ဒါကို ရောဘတ်က သူငယ်စဉ် ကစားဖော် ကလေးတစ်သိုက်ဟာ ကားတွန်းစာအုပ်တွေ ဈေးကြီးလို့ ဝယ်မဖတ်တဲ့ ပြဿနာကို ကာတွန်းစာအုပ်တိုက်ကလေး မြေညီထပ်မှာ စတင်ပြီး အဝဖတ် တစ်ဦး ဘယ်လောက် သတ်မှတ်ကာ ငွေရှာခဲ့ပုံလေးကိုပါ တင်ပြထားပါသေးတယ်။
ဟုတ်ပြီ ဒါကို စမ်းသပ်မယ်ပေါ့။ သို့သော်လည်း ကိုယ့်အခြေအနေက စမ်းသပ်ဖို့ အတော်လေး အဆင်မပြေတာပါပဲ။ တန်ချိန်းသုံးသောင်းကျော် ကြီးမားတဲ့ သင်္ဘောကြီးမှာ လူက အယောက် ၂၀ ပဲ ရှိပါတယ်။ ဒါကိုမှ သင်္ဘော အောက် စက်ခန်းမှာ တာဝန်ယူရတဲ့ အင်ဂျင်နီယာ အဖွဲ့က ၉ ဦးပဲ ရှိပါတယ်။ ဒီ ၉ ဦးမှာ အရာရှိချုပ်က အပေါ်မှာ ရုံးထိုင်တော့ မတွေ့ရ မဆက်ဆံရသလို ဂျူတီအချိန် ခွဲယူရတဲ့ Oiler ကြီးတွေကို ဖယ်လိုက်ရင် နေ့စဉ်တွေ့ရတာက ငါးဦး ဝန်းကျင်ပဲရှိပါတယ်။ ဆိုတော့ ကမ်းမမြင်လမ်းမမြင် ပင်လယ်ကြီးထဲမှာ လူ ၂၀ ဦးဆီ ပိုက်ဆံကို ဘယ်နည်းနဲ့ ရအောင် လုပ်ရပါ့မလဲဆိုတာက အကြီးအမားဆုံး အခက်အခဲဖြစ်လာတော့တာပါပဲ။
ဒီနေရာမှာ စိတ်ပိုင်းဆိုင်ရာ လေ့လာတွေ့ရှိချက်လေးတစ်ခုကို ပြောချင်တာပါ။ ဒီအချက်ဟာ Personal Finance ပညာမှာ အဓိက အသုံးချရမယ့် အပြုအမူတစ်ခုလဲ ဖြစ်နေပါသေးတယ်။ မြန်မာ စကားပုံလိုဆိုရင်တော့ သတိမမူတော့ ဂူကြီးတောင်မမြင်နိုင်သလို သတိမူရင် မြူတောင် မြင်နိုင်တယ်ဆိုတဲ့ စကားပါပဲ။ ကျွန်တော်တို့ဟာ သာမာန်အချိန်မှာ ကိုယ်နဲ့ မသက်ဆိုင်တဲ့အရာ ၊ အာရုံမရှိတဲ့အရာတွေကို ပတ်ဝန်းကျင်မှာ ဘယ်လောက်ပဲ မြင်ရ ကြုံရ ကြားရပစေ စိတ်မဝင်စားသလို ဦးနှောက်ကလဲ မှတ်တမ်းတင် မှတ်သားမနေပါဘူး။
အဲ…ဒါပေမယ့် တိုက်ဆိုင် သွားပြီ ဆိုရင်တော့ အဲဒီစိတ်ဝင်စားသွားတဲ့ အရာတွေကိုပဲ အမြဲ သွားလာရင်း တွေ့နေမိပါတော့တယ်။ ဒါကို လူအတော်များများ ကြုံဖူးပါတယ်။ ဥပမာ ကျွန်တော့် ရဲ့ ဒုတိယမြောက် စီးတော်ယာဉ်ဖြစ်တဲ့ ဟွန်ဒါဖစ်လေးကို ရောင်းပြီး တတိယကား လိုက်ရှာတဲ့အခါ Mitsubishi RVR ဆိုတဲ့ ကားအမျိုးအစားကို သွားတွေ့ပါတယ်။ ကားရဲ့ ဒီဇိုင်း ပုံစံ ကိုသဘောကျလွန်းလို့ ငွေမနိုင်တာတောင်မှ အမေ့ဆီက ပြန်တောင်းပြီး ချက်ချင်းဝယ်လိုက်တာပါ။
တကယ်တော့ ကားအကြောင်း နားမလည် စိတ်မဝင်စားသေးခင်က နေ့တိုင်း လမ်းမတွေအနှံ့ ကားမောင်းနေပေမယ့် ဒီ RVR အမျိုးအစား ကားကို သတိလည်း မထားမိ၊ ရှိတယ်လို့လည်းမသိသလို၊ မြင်တောင် မြင်ဖူးတယ်မထင်ပါဘူး။ ဒါပေမယ့် ကားဝယ်ပြီး လမ်းမပေါ် ထွက်မောင်းလိုက်တာနဲ့ ..ဟော…ဟိုမှာလဲ RVR လေး ၊ ဒီမှာလဲ RVR အရောင်ဆန်းလေးဆိုပြီး ပေါလိုက်တဲ့ RVR ဆိုပြီး အံ့သြရတော့တာပါပဲ။ တကယ်တော့ သူ့နဂိုကထဲက ရှိနေတာကို မိမိက စိတ်မဝင်စားတော့ သတိမထားမိတာပါပဲ။
Personal Finance မှာ လိုအပ်တဲ့ အပြုအမူက ငွေရနိုင်မယ့် အခွင့်အလမ်းတွေကို အမြဲတစေ စိတ်ပါဝင်စားစွာ စောင့်ကြည့်နေတတ် မြင်နေတတ်တဲ့ အပြုအမူမျိုးပါပဲ။ စောစောက ရောဘတ်ပြောတဲ့ လူ့ပတ်ဝန်းကျင်တစ်ခုရှိရင် ပြဿနာဆိုတာ ရှိမယ် ၊ ဒီပြဿနာကို မြင်တတ်ရင် ငွေရပြီဆိုတဲ့သဘောပါပဲ။
ဒီလိုနဲ့ သင်္ဘောက တရုတ်ပြည် ကမ်းကပ်ပါတယ်။ အဲဒီခေတ်က အင်တာနက်လည်း မရတော့ အိမ်ကို ကမ်းကပ်တော့မှ ဖုန်းကဒ်တွေ ဝယ်ပြီးဆက်သွယ်ရတာပါ။ လနဲ့ချီအဆက်အသွယ်ပြတ်နေတဲ့ သင်္ဘောသားတွေဟာ အိမ်ကို အနည်းဆုံးတစ်နာရီလောက်ကတော့ အသာလေး ပြောကြမှာပါပဲ ။ ဒါပေမယ့် ပြဿနာက ဖုန်းကဒ် ဝယ်လို့မရတာပါ။ ဘာကြောင့်လဲဆိုတော့ သင်္ဘောကို တက်စစ်မယ့် လူဝင်မှုကြီးကြပ်ရေးအဖွဲ့ကလာဖို့ နောက်ကျနေတော့ သင်္ဘောပေါ်က လူတွေကလည်း အောက်ဆင်းလို့ ဈေးဝယ်လို့မရသလို၊ အောက်ကလူတွေကလဲ သင်္ဘောပေါ်တက်ခွင့်မရသေးပါဘူး။
ဒါဟာ ပြဿနာဆိုတာကို သတိမူမိတဲ့ ကျွန်တော်လဲ သင်္ဘော ကုန်းပတ်နားမှာ တက်စောင့်ပြီး ဖြတ်သွား ဖြတ်လာ တရုတ်လူမျိုးတွေကို စောင့်ကြည့်တာပါပဲ။ အများစုက Boiler Suit ဝတ်ထားတဲ့ သဘောၤကျင်း ဝန်ထမ်းတွေ ချည်းပါပဲ။ အချိန်လေး နည်းနည်း သည်းခံစောင့်လိုက်တော့ အပြင်အဝတ်အစားနဲ့ အိတ်ကြီးတစ်လုံး ပုခုံးပေါ်ရွက်ကာ၊ ဟိုကြည့် ဒီကြည့် ယောင်လည်လည်လုပ်နေတဲ့ တရုတ်ကြီးတစ်ယောက်ကို တွေ့ပါရော။ သူနဲ့ ကိုယ် မျက်လုံးချင်းအစုံမှာ ဘာစကားတစ်ခွန်းမှ ပြောစရာမလိုပဲ မြွေမြွေချင်းခြေမြင်ပါတော့တယ်။
သူကလဲ သင်္ဘောနား ကပ်လာပါရော ။ထင်တဲ့အတိုင်း သူက သင်္ဘောတွေကိုဈေးပတ်ရောင်းတဲ့ ဈေးသည်ကြီးပါ။ တရုတ်ဆိုတော့ နောက်ဆုံးပေါ် ဖုန်း၊ စပီကာ၊ စတဲ့ Electronic ပစ္စည်း Clone တွေ အစုံကို အိတ်ထဲမှာ ထည့်ကာ သင်္ဘော သားတွေကို ရောင်းတန်တာရောင်း၊ လဲတန်တာလဲ၊ ဂျင်းထည့်သင့်တာထည့် အစုံလုပ်တဲ့သူပါပဲ။
ဒါနဲ့ မင်းမှာ ဖုန်းကဒ်တွေပါလားဆိုတော့ ပါတာပေါ့ဟ တဲ့။ တစ်ကဒ်ကို ဒေါ်လာ နှစ်ဆယ်လောက် ထင်တာပါပဲ။
အချိန် မိနစ် ၂၀ ဆက်လို့ရမယ်တဲ့။ လနဲ့ချီ အိမ်လွမ်းနေတဲ့အပြင် အချိန်အတော်ကြာ လစာတွေ အချိန်ပိုကြေးတွေ ရထားပြီး မသုံးရသေးတဲ့ မြန်မာသင်္ဘောသားတစ်ခုအတွက် ပထမဆုံး သုံးရမယ့် ဖုန်းပြောခဟာ တစ်ယောက်ကို ဒေါ်လာ တစ်ရာ လောက်တော့ အေးအေးလေး သုံးမယ်လို့ တွေးမိတာနဲ့ … ဟေ့လူကြီး မင်း ဖုန်းကဒ်တွေ ငါ့ပေးခဲ့ရောင်းပေးမယ်။
ဒါပေမယ့် ငါ့ကို ဘယ်လောက်ကော်မရှင် ပေးမှာလဲဆိုတော့ စီးပွားရေးသမား လည်လည်ပတ်ပတ် ရှိဟန်တူတဲ့တရုတ်ကြီးက ရယ်ကျဲကျဲ နဲ့ .. ကောင်လေး..မင်းဆယ်ကဒ်ရောင်းရတိုင်း ဖုန်းတစ်ကဒ် အလကား ပေးမယ်ကွာတဲ့.. ဆိုတော့ အခုစီးပွားရေး စကားအရဆိုရင် တစ်ကဒ်ကို ဒေါ်လာ ၂၀ နဲ့ ဆယ်ကဒ်ဆို ၂၀၀ ဖို့ ရောင်းပေးရမယ် ဒါဆို တစ်ကဒ် စာ ၂၀ ရမယ်ဆိုတော့ ROI က ၁၀% လောက် ရပါရော ။ ဒါဆို ကိုက်တယ် မဆိုးဘူးပေါ့။
အိုကေ …ဒါဖြင့် မင်း ဖုန်းကဒ်တွေ ငါ့ဆီပစ်ပေး၊ ရော့…ငါ့နာမည် ရာထူး ကိုယ်ပိုင်အမှတ်တွေ ယူထား၊ မနက်ဖြန် သင်္ဘောပေါ်တက်လို့ရရင် တက်လာခဲ့ဆိုတော့ … သူကလဲ ယုံကြည်တယ်ဗျာ.. အိုကေဆိုပြီး ဖုန်းကဒ်တွေ ပစ်တင်သွားပါရော။
ဒါနဲ့ သင်္ဘောသားတွေ နားနေခန်းကို အမြန်ပြေး၊ အိမ်ကိုဖုန်းခေါ်လို့ရပြီး ဆင်းကဒ်တွေရမယ်ဗျားလို့ အော်လေတာ့… သင်္ဘော Captain ကနေစပြီး အကုန် ပြေးထွက်လာတော့တာပါပဲ။ တစ်ယောက်ကို သုံးကတ်လောက် အားပေးကြလေတော့ လူ ၂၀ စာ ကတ် ၆၀ ဟာ တစ်ချိုးထဲ ပြောင်သွားတဲ့အပြင် မနက်ဖြန်ကို ဘယ်နှကတ် ထပ်ယူဦးမယ်လို့ စာရင်းပေးထားကြတာကိုက အများကြီးပါပဲ။ လူတွေက အိမ်ကို လွမ်းနေတာကိုး။ ဒီကြားတဲ့ ဈေး ရောင်းတာ ငွေရေလို့မပြီးခင် ကတ်က ပြောလို့ကုန်ပြီဟဆိုပြီး ထပ်လာဝယ်သူက ရှိသေးရော။ တစ်နာရီအတွင်း ငွေပုံကြီးကြား ကျန်ခဲ့တဲ့ ကျွန်တော်လေးလည်း တွက်ကြည့်လိုက်တော့ ကတ် တစ်ရာ ကုန်သွားပါရော ။
နောက်နေ့ နေ့လည်မှာ တရုတ်ကြီးဟာ သင်္ဘောပေါ်တက်လာရင်း နားနေခန်းထဲက ကျွန်တော့်ကို တွေ့တော့ ရယ်ကျဲကျဲနဲ့ပဲ ..ကောင်လေး ရောင်းရသလားလို့ မေးပါတယ်။ သူ့အမြင်တော့ ဒီကောင် ဆယ်ကတ်မှ ကုန်ရဲ့လားပေါ့။ အဲဒီမှာပဲ အင်မတန် နှစ်ထောင်း အားရဖြစ်နေတဲ့ ကျွန်တော်ဟာ ဘုရင်ခံလောက်မျက်နှာပေးနဲ့ ရော့…ဒီမှာ ငွေ ခင်ဗျား ကတ်တွေ ကုန်ပြီ ၊ ပေးစရာရှိတာပေးတော့၊ ဖုန်းကတ် အနေနဲ့က ဘယ်နှကတ်ယူမယ် ငွေသားက ဘယ်လောက်ပေးလို့ စာရင်းတင်ရတော့တာပါပဲ ။ တရုတ်ကြီးလဲ ဆလံသရင်း ကတိအတိုင်း အမြတ်တွေ ခွဲပေးလိုက်လေတော့ လူတွေရှိရင် ပြဿနာရှိမယ် ဒီပြဿနာဟာ ငွေပဲဆိုတဲ့ စကားကို စွဲစွဲမြဲမြဲ ယုံကြည်သွားတော့တာပါပဲ။
အဲဒီကနေ အပြုအမူတစ်ခု စတင် ဖြစ်ပေါ်လာပါတော့တယ်။ ဒါကတော့ ပတ်ဝန်းကျင်တစ်ခုကိုရောက်တိုင်း ဒီလူတွေမှာ ဘာပြဿနာရှိနေမလဲလို့ စဉ်းစားကာ ငွေရနည်းကို ရှာဖွေတတ်လာတဲ့ အပြုအမူပါပဲ။ ဒီ အပြုအမူဟာ အခြားသူတွေ သတိမပြုမိဘဲ လျှံထွက်နေတဲ့ ငွေရှာဖွေနည်းတွေကို တဖြည်းဖြည်း မြင်လာစေနိုင်တဲ့ အပြုအမူဖြစ်ပါတယ်။ အဲဒီနေ့ကနေစပြီး ကျွန်တော်ဟာ ဘယ်နေရာ အသစ်တစ်ခုကို ရောက်ရောက် ငွေဘယ်လို ရှာလို့ ရနိုင်မယ့် ပြဿနာတွေများ ရှိနေမလဲဆိုပြီး စဉ်းစားတတ်တဲ့ အပြုအမူကို ရရှိလာခဲ့ပါတော့တယ်။ ဒါဟာ Personal Finance ပညာရပ်ရဲ့ အဓိက concept လို့တောင် ပြောနိုင်တာပါပဲ။
လုံလောက်တဲ့ အသိပညာဟာ ပြင်းထန်တဲ့ အခက်အခဲတွေကို လွယ်ကူစွာ ကျော်ဖြတ်စေနိုင်ပါတယ်။
Kaung Hein Soe _ Strategic
Serial Investor
Keep Reading