Author's Profile Photo

Noble

8/04/2024

အတွေးလွန်နေပြီလား?

2 mins read
Health
အတွေးလွန်နေပြီလား?'s photo

ကမ္ဘာက နောက် ၅ နှစ်ဆို တကယ်ပျက်မှာလား……..

အဲ့နေ့က ငါသူနဲ့မတွေ့ခဲ့ရင်…….. ဘာဖြစ်နိုင်လဲ?

ငါသာ ဒီအလုပ်ကို မလျှောက်ခဲ့ရင်……. ငါ့ဘဝက ပြောင်းလဲသွားနိုင်မလား?

ငါလုပ်နိုင်ပါ့မလား…… အရမ်းကြောက်တယ်။

အဲ့လိုမျိုး ကိစ္စတစ်ခုထဲ အကြောင်းအရာတစ်ခုထဲကို တစ်ချိန်လုံး ထပ်ခါ ထပ်ခါ တွေးပြီး စိတ်သောကရောက်နေလား။

လူက အနားယူနေပေမယ့် စိတ်က အနားလုံးဝမရပဲ ဟိုတွေး ဒီတွေး အတွေးပေါင်း သောင်းခြောက်ထောင်နဲ့ စိတ် ပင်ပန်းနေရလား။

အတွေးတွေကြောင့် ညဘက်တွေ အိပ်မပျော်ပဲ စိုးရိမ်ခြောက်ခြားနေရလား​။

စိတ်နဲ့ လူနဲ့မကပ်ပဲ ဘယ်အရာမှာမှ အာရုံမစိုက်နိုင်လို့ နေရာတိုင်းမှာ အမှားအယွင်းတွေဖြစ်နေပြီလား​။

ဒါဆိုရင် သေချာပါတယ်​။ သင်အတွေးလွန်နေပါပြီ။

ကဲ……….. ဒီနေ့မှာတော့ လူတိုင်းကြုံနေကြ ဖြစ်တဲ့ အတွေးလွန်ခြင်း(overthinking) အကြောင်းကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။

? အတွေးလွန်တယ်ဆိုတာ ဘာလဲ?

လူတိုင်းဟာ အတွေးတွေနဲ့ ရှင်သန်နေရတာပါ။ တနေ့တာမှာ တွေးမိတဲ့ အတွေးတွေဟာ မရေတွက်နိုင်အောင်ပါပဲ။ ရိုးရိုးတွေးတာနဲ့ အတွေးလွန်တာကတော့ ကွဲပြားပါတယ်။ အတွေးလွန်နေတဲ့သူဆိုတာ အရေးမကြီးတဲ့ အကြောင်းအရာတစ်ခုကိုပဲ အချိန်အကြာကြီး အကြိမ်ပေါင်းများစွာတွေးနေတာမျိုးပါ။ ဥပမာ - တစ်ခါတစ်လေ တစ်ချိန်က ရှက်စရာကောင်းခဲ့တာတွေ၊ မှားခဲ့တာတွေ စသဖြင့် ပြန်ပြင်မရတော့တဲ့ အတိတ်တွေက်ို တွေးပြီး ရင်တွေပူနေမယ်။ နောင်တစ်ချိန် ကြုံလာနိုင်တဲ့ မရေရာမသေချာတဲ့ အနာဂတ်ကို တွေးပြီး စိုးရိမ်နေမယ်။ လက်တွေ့ပစ္စုပ္ပန်ကို မေ့လျော့ပြီး အတွေးတွေလွန် ဆုံးဖြတ်ချက်တွေ မချနိုင်ပဲ တွေဝေနေမယ် ။ ကိုယ့်ကို လူတစ်ယောက်က ဒီတိုင်း စနောက် လိုက်တာကို တွေးပြီး မကျေမနပ်နဲ့ ဒေါသတွေထွက်နေမယ်။ အဲ့လိုတွေ ဖြစ်နေပြီဆိုရင် သင့်စိတ်တွေကို ပြန်ဖမ်းဆုပ်ဖို့ လိုနေပါပြီ။

? ဘာကြောင့် အတွေးလွန်တာလဲ?

အတွေးလွန်တာဟာ စိတ်ရောဂါတစ်ခုလို့တော့ အတိအကျ ပြောလို့မရပေမယ့် အတွေးလွန်တာနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေက ကြက်ဥနဲ့ ကြက်မ လိုပါပဲ။ ပြောချင်တာက စိတ်ပူပန်တာတွေ စိတ်ဓါတ်ကျတာတွေကြောင့် အတွေးလွန်တတ်သလို တစ်ခါတစ်လေမှာ အတွေးလွန်တာကြောင့်လဲ စိတ်ဖိစီးပြီး စိတ်ဓါတ်ကျတာတွေ စိုးရိမ်သောကတွေ ဖြစ်တတ်ပါတယ်။

? အတွေးလွန်တာကို ဘယ်လိုဖျောက်မလဲ?

(၁) ချရေးပါ​။

ကိုယ့်ရဲ့ အတွေးစတွေကို ရှင်းလင်းသွားအောင် တစ်ခုချင်းစီ စာရွက်ပေါ်မှာ ချရေးကြည့်လိုက်ပါ။ တစ်ခါတစ်လေ ကိုယ်လေးလေးနက်နက်နဲ့ စိတ်ပူပန်နေတာတွေက ချရေးလိုက်ရင် ဘာမှမဟုတ်တော့တဲ့ အသေးအမွှားလေးပဲ ဖြစ်သွားတာမျိုးလဲ ရှိပါတယ်​။ ဖြစ်နိုင်ရင် journal ရေးတာတို့ Diary ရေးတာတို့အတွက် အချိန်လေး ပေးကြည့်ပါ​။ စိတ်ထွက်ပေါက်လဲရသလို ကိုယ့်အတွေးတွေကိုလဲ ပြန်မြင်လာပါလိမ့်မယ်။ ပြီးရင် ဘာလို့ ဒါက်ို တွေးမိနေတာလဲ? ဘယ်လိုဖြေရှင်းရင်ရမလဲ? ဒါကို ဆက်တိုက် တွေးနေရလောက်အောင် အရေးပါလ်ို့လား။ အဲ့လို ရေးချပြီး တစ်ခုချင်းစီ ဖြေချလိုက်ရင် နေရတာ ပေါ့ပါးသွားပါလိမ့်မယ်။

(၂) ရင်ဖွင့်ပါ။

သူငယ်ချင်း၊ ချစ်သူ၊ မိသားစု ဒါမှမဟုတ် ယုံကြည်ရတဲ့ သူတစ်ယောက်ကို ရင်ဖွင့်ပါ။ တစ်ခါတစ်လေမှာ ဖြေရှင်းရ ခက်ခဲတဲ့ အတွေးတွေ ဒွိဟဖြစ်မှုတွေဟာ တခြားသူတစ်ယောက်ရဲ့ အကြံဉာဏ်နဲ့ အဆင်ပြေသွားတာ အများကြီးပါ။ စိုးရိမ်ပူပန်မှုတွေကိုလဲ ပေါ့ပါးစေသလ်ို လက်တွေ့ဘဝထဲကို ပြန်မြင်စေပါတယ်။

(၃) တရားထိုင်ပါ။

လွင့်နေတဲ့ အတွေးတွေကို အားလုံးစုစည်းပြီး ပြန်ယူနိုင်ဖို့ဆိုရင် အကောင်းဆုံး နည်းလမ်းက တရားထိုင်ခြင်းပါ​။ ဝင်လေထွက်လေမှတ်နေတဲ့အချိန် စိတ်ကို အေးချမ်းစေတယ် ဟိုတွေး ဒီတွေး ဖြစ်နေတာတွေ လျော့စေတယ်။ စိုးရိမ်ကြောင့်ကျမှုတွေလဲ သိသိသာသာ နည်းသွားစေပါတယ်။

(၄) ခန္ဓာကိုယ် လှုပ်ရှားပါ။

နောက်အထိရောက်ဆုံး နည်းလမ်းက လေ့ကျင့်ခန်း လုပ်တာ လမ်းလျှောက်တာလိုမျိုး ကိုယ်လက်လှုပ်ရှားမှုတစ်ခုခု လုပ်ပေးပါ။ ဒီအချိန်မှာ ခန္ဓာကိုယ်ရဲ့ ဟော်မုန်းအပြောင်းအလဲတွေဖြစ်ပြီး Endorphin hormoneကြောင့် စိတ်ကို နေပျော်စေပါတယ်။ ကိုယ့်ကိုကိုယ် ကျေနပ်မှု ယုံကြည်မှုတွေလဲ ပိုရစေနိုင်ပါတယ်။

(၅) ပစ္စုပ္ပန်တည့်တည့်မှာ နေပါ။

အတိတ်နဲ့ အနာဂတ်အကြောင်းကို ခဏမေ့ထားပြီး လက်တွေ့ဘဝကို အကျိုးရှိရှိ ဖြတ်သန်းကြည့်ပါ​။ ခုလက်ရှိအချိန်ဆိုတာ ပြန်မရနိုင်တော့တဲ့ တန်ဖိုးအရှိဆုံး အခိုက်အတန့်ပါ။ ပြင်ဆင်လို့မရတော့တဲ့ အမှားတွေ၊ ဖြစ်မလာသေးတဲ့ မရေရာမှုတွေကို ကြောင့်ကြနေရင်းနဲ့ အချိန်ကုန်သွားမယ်ဆိုရင် နောင်တတွေနဲ့ပဲ ဘဝဟာ စိတ်ညစ်စရာဖြစ်နေပါလိမ့်မယ်။ အဲ့တော့ လက်ရှိဘဝကို တန်ဖိုးထားပြီး အစွမ်းကုန်ချစ်လိုက်ပါ။ ပျော်လိုက်ပါ။ ကြိုးစားအားထုတ်လိုက်ပါ။

ဒီ အချက် ၅ ချက်ကို လေ့ကျင့်ကြည့်မယ်ဆိုရင် အတွေးလွန်တတ်တဲ့ စိတ်တွေ အိပ်မရတဲ့ညတွေ၊ ပတ်ဝန်းကျင်နဲ့ အချိန်ကို သတိမပြုမိလောက်အောင် တွေဝေနေတဲ့ အခိုက်အတန့်တွေ အကုန်လုံး သိသိသာသာပဲ နည်းသွားပါလိမ့်မယ်။

သင်ရော ခဏ ခဏ အတွေးလွန်တတ်တဲ့ သူလား။ ဒါဆိုရင်တော့ ဒီနေ့ပြောပြခဲ့တဲ့ အချက်တွေက သင့်ကို အတွေးကမ္ဘာထဲကနေ ဆွဲထုတ်ပေးဖို့ ကူညီပါလိမ့်မယ်။ နောက် post တွေမှာ ပြန်တွေ့ကြမယ်နော်။

Pharmacist Noble

#Overthinking
#HowToRelieveOverthinking
#အတွေးလွန်ခြင်းပြဿနာ
#PharmacistNoble
#FreelanceContentWriter

Keep Reading

အမြဲလိုလို ချွေးထွက်နေတတ်တဲ့လက်ဖဝါးတွေ သင့်မှာရှိနေပြီလားသင်သိပါသလား? ၂၀၂၅မှာ ကမ္ဘာ့လူဦးရေ သန်း၂၈၀ကျော် စိတ်ဓာတ်ကျခြင်းဝေဒနာခံစားနေရတယ်ဆိုတာ…ဖားပြုပ်အဆိပ်အရေးပေါ် ဓာတ်ဆားဖျော်နည်းNeurocycle ဆိုတာဘာလဲ?မှန်ကန်စွာ သင့်စွမ်းအင်ကိုစီမံခန့်ခွဲပြီး အောင်မြင်မှုကိုရယူလိုက်ပါလူငယ်များ သတိပြုစရာ Social Media နှင့် Dopamine ဟော်မုန်းဆက်နွယ်မှု Doorway Effectငိုစရာ မျက်ရည်တွေ မကျန်တော့တဲ့အထိ ငိုပါ‘Me Time များများပေးပါ’