တင်ညွန့်
လက်ထပ်ခြင်းသည် အခမဲ့လိင်ဆက်ဆံရန်အတွက် လိုင်စင်ယူလိုက်ခြင်းလားဟု ကျွန်မ မကြာခဏ အတွေးပွား မိသည်။ သူဆန္ဒရှိချိန် ကျွန်မဖြည့်ဆည်းပေးရမည်။ ကျွန်မသည် သူ့မယားဖြစ်နေသောကြောင့် သူ့မှာ အခွင့် အရေးတစ်ခုရှိနေသည်ဆိုသောသဘောဖြစ်နေသည်။
ကျွန်မတွေးမိသည့် အတွေးဖြစ်ပါသည်။
ကျွန်မတို့ မိန်းမသားဖြစ်နေခြင်းကပင် ကိုယ့်ခင်ပွန်း၏ ဆန္ဒကို လိုက်လျောပေးရန်တာဝန်ဖြစ်နေပါသလား။ သာယာသော အိမ်ထောင်တစ်ခုဖြစ်ရန်အတွက် လိင်ကိစ္စသည် အဓိကကျသလား။ ကျွန်မတွေးနေမိသည်။
ကျွန်မ အရွယ်ရောက်လာချိန်တွင် သက်တူရွယ်တူ သူငယ်ချင်းတွေ အိမ်ထောင်ပြုသွားကြသည်။ အိမ်ထောင် ပြုသွားသည့် သူငယ်ချင်းတွေနှင့် ပြန်ဆုံတိုင်း
“နင်အိမ်ထောင်မပြုသေးဘူးလား” ဟု မေးကြသည်။
ကျွန်မလည်း မိန်းမသားဖြစ်သောကြောင့် စိတ်ဝင်စားသည်။ အထူးသဖြင့် တစ်အိုးတစ်အိမ် ထူထောင်ကာ ကိုယ်ချစ်သူနှင့် သီးခြားကမ္ဘာလေးတစ်ခု တည်ဆောက်ချင်မိသည်။ နှစ်ကိုယ်တူ ချစ်ခရီးသည် သာယာ ဖြောင့်ဖြူးလိမ့်မည်ဟု ကျွန်မထင်ခဲ့သည်။
ကျွန်မ အလယ်အလတ်တန်းစားအဆင့်လောက်ရှိသော သူတစ်ဦးနှင့် အိမ်ထောင်ပြုလိုက်သည်။ ကျွန်မကို လေးစားချစ်ခင်မည့်သူဟု ထင်ရသူနှင့် ကျွန်မလက်ထပ်လိုက်ခြင်းပင်။ ကျွန်မတို့ ညားခါစတွင် သူက ကျွန်မကို ကောင်းစွာ ဂရုစိုက်ပါသည်။ သို့သော် ပျော်ရွှင်ခြင်းဆိုသည်မှာ အချိန်အတိုင်းအတာ တစ်ခုလောက်သာဖြစ်သည်။
နောက်ပိုင်းတွင် အစောပိုင်းကလို မဟုတ်တော့သည်ကအမှန်ပင်။ ပိုဆိုးသည်က သောက်လာသည်။ မူးလာသည်။ ရစ်လာသည်။ ဆဲလာသည်။ ယင်းကိုပင် သူတို့ယောက်ျားတွေ၏ လုပ်ပိုင်ခွင့်ဟု ထင်နေကြသည်။
ကျွန်မတို့ အိမ်ထောင်သက် ငါးနှစ်အကြာတွင် သားလေးတစ်ယောက်ရသည်။ ကျွန်မနှင့် သူဆက်ဆံရေးက သိသိသာသာ နီးလျက်နှင့် ဝေးလာသလို ခံစားရသည်။ အိမ်ထောင်ရေးသုခဆိုခြင်းထက် ဒုက္ခတွေကိုပဲ မြင်လာမိသည်။ အိပ်ရာထဲက ကိစ္စတွေကလည်း ခံစားချက်မဲ့လာသည်။
ကျွန်မစဉ်းစားမိပါသည်။ အိမ်ထောင်ရေးသုခဆိုသည်မှာ တစ်ဦးတည်းကသာ တာဝန်ရှိသလား။
ကိုဗစ်တွေဖြစ်လာသည်။ ကျွန်မယောက်ျားသည် ကုမ္ပဏီက အလုပ်ပြုတ်လာသည်။ ကျွန်မတို့ ၂ နှစ်ခန့် ငွေရေးကြေးရေး အတော်လေး အဆင်မပြေဖြစ်ခဲ့ကြရသည်။ ငွေကြေးအဆင်မပြေလေ သူနှင့်ကျွန်မ ဆက်ဆံရေးကလည်း တင်းမာလေဖြစ်သည်။ နောက်တော့ သူတက္ကစီထွက်မောင်းသည်။
ကျွန်မတို့မှာ အိမ်လခ၊ ကလေးကျောင်းစရိတ်၊ စားဝတ်နေရေးစရိတ်တွေအတွက် မနည်းရုန်းကန်နေရသည်။ ကျွန်မ အိမ်ထောင်မပြုမီက ထိုအချက်များကို အဘယ်ကြောင့်ထည့်မတွက်မိသနည်း။
“တူနှစ်ကိုယ် တဲအိုပျက်မှာနေရ ရွှေဘုံပေါ်မှာစံရ ချစ်တာ ချစ်တာ ပဓာန” ဆိုသည့် သီချင်းမှာ ကျွန်မအတွက် စိတ်ကူးယဉ်သာဖြစ်သည်။ နောက်ပိုင်း ထိုသီချင်းကို ညည်းရမည်ပင်ကြောက်လာသည်။
အိမ်ထောင်ရေးဆိုသည်မှာ လင်နှင့်မယား နှစ်ယောက်တည်းနှင့်သာ ဆိုင်သည့်ကိစ္စလား။
အလုပ်ရှိ၊ ဝင်ငွေကောင်း၊ မပူမပင်နေထိုင်ရလျှင် အိမ်ထောင်ရေးဆိုသည်မှာ သာယာကောင်း သာယာနိုင်ပါ လိမ့်မည်။ ဝင်ငွေမရှိ၊ အလုပ်မရှိသော အနေအထားတစ်ခုကို ရင်ဆိုင်လာရလျှင် အိမ်ထောင်ရေးဆိုသည်မှာ စိတ်ပျက်ဖွယ်ဖြစ်လာသည်။ ထိုကြောင့် အိမ်ထောင်ရေးဆိုသည်မှာ မိမိပတ်ဝန်းကျင်အနေအထားနှင့်လည်း ဆိုင်သည်ဟုပြောရမည်ထင်ပါသည်။
ဘာမဆို လက်တွဲပြီး ရင်ဆိုင်ကြမည်ဆိုသည် စိတ်ဓာတ်တွေနှင့် စိတ်တူကိုယ်တူ ချစ်ကြည်ဖြူကြလျှင် မည်မျှ ကောင်းမည်နည်း။
ကျွန်မ ၄ နှစ်တာကာလတွင် သူ့ထံက တစ်ပြားမျှ မတောင်းတော့။ အမှန်တော့ ယောက်ျားထံ လက်ဖြန့် တောင်းနေရသည့် မိန်းမတို့ဘဝကလည်း စိတ်ပျက်စရာကောင်းလှသည်။ ထိုအချက်ကိုလည်း ထည့်မတွက်ခဲ့သည်မှာ မှားသည်။ ကျွန်မ ဘွဲ့ရပြီးသော်လည်း ကိုယ်နှင့်ထိုက်တန်သည့် အလုပ်တစ်ခုခုကို မရွေးချယ်နိုင်ခဲ့ခြင်းကိုလည်း နောင်တရမိသည်။
ကျွန်မအိမ်ထောင်ရေးမှာ အဆင်အပြေကြီးမဟုတ်။ သို့သော် ယခုအချိန်တွင် ကျွန်မဘာမျှ မတတ်နိုင်တော့။ သားတစ်ယောက်ကို အနေအထားတစ်ခုရောက်ရန် မြှင့်တင်ပေးရမည်။
အိမ်ထောင်ပြုခြင်းကို ကျွန်မက အဆိုးမြင်နေခြင်းမဟုတ်ပါ။ သို့သော် မျှော်လင့်ချက်ထားတိုင်း ဖြစ်ချင်မှ ဖြစ်လာနိုင်သည်။ မမျှော်လင့်တာတွေလည်း ဖြစ်လာနိုင်သည်။ ဟိုကိစ္စတစ်ခုတည်းနှင့်တော့ အိမ်ထောင်ရေး မသာယာနိုင်ပါ။ သူ့မှာ ဟိုလိုလို သည်လိုလို သတင်းတွေကြားလည်း ကျွန်မ ဘာမျှ မတတ်နိုင်ပါ။ သူ့ကို စောင့်ကြည့်ရန် ကျွန်မမှာ တာဝန်မရှိပါ။
ကျွန်မဘဝအတွက် အဆိုးဆုံးအချိန်တွေမှာ လက်ထဲငွေမရှိချိန်တွေသာဖြစ်သည်။ သူပေးသလောက်လေးနှင့် ရပ်တည်နေရသည်။ သူက ငွေရှာပေးတာ သူ့တာဝန်ဟုနားလည်ထားသည်။ ကျွန်မကို ငွေပေးပြီးလျှင် သူ့တာဝန်ကျေပြီဟု ထင်နေသည်။ ကျန်သည့်ပြဿနာတွေမှာ သူ့ကိစ္စ မဟုတ်သလိုပင်။ မနက် ၇ နာရီ အိမ်က ထွက်သွားသည်။ ည ၉ နာရီလောက်အိမ်ပြန်လာသည်။ မူးချင်လည်း မူးလာသည်။
တကယ်တော့ ကျွန်မဘဝသည် သူ့အတွက် တရားဝင်လိုင်စင်ယူထားသူသာဖြစ်သည်။
(Marriage is a license for free sex ဆိုသည့် အိန္ဒိယဇာတ်လမ်းလေးတစ်ပုဒ်ကို မှီငြမ်းပါသည်)
တင်ညွန့်
၇.၉.၂၀၂၅
Keep Reading