Pai Phyo Wai
ကန်ရေပြင်ကို တင်မောင်မြင့် တစ်ယောက် ငေးကြည့်နေသည်။ လပြည့်ညမို့ လရောင်သည် ကန်ရေပြင်မှရောင်ပြန်ဟပ်ကာ လှချင်သလို လှနေသည်။ တစ်ချက်တစ်ချက်လေပြည်သွေးချိန်တွင် လှိုင်းကြက်ခွပ်ကလေးများ ထလာကာ ကြည့်ရှု၍မငြီးငွေ့နိုင် ဖြစ်လေသည်။
တင်မောင်မြင့်တစ်ယောက် ကန်ရေပြင်ကို ငေးကြည့်ရာမှ ခံတွင်းချဉ်လာသလို ဖြစ်၍ အိတ်ကပ်ထဲမှ ဆေးလိပ်ဘူးကို ထုတ်လိုက်သည်။ ဆေးလိပ်ဘူးထဲမှ ဆေးလိပ်တစ်လိပ်ကို ဆွဲထုတ်လိုက်ပြီး နှုတ်ခမ်းတွင်တေ့လိုက်သည်။ မီးညှိရန် မီးခြစ် လိုက်ရှာသော် မတွေ့။ ရှိသမျှ အိတ်ကပ်တွေထဲ ရှာသော်လည်း မတွေ့၍ ဘယ်နားထားမိမှန်းပြန်တွေးရတော့သည်။ သို့သော် တွေးရမည်မှာ ပျင်းသွား၍ မတွေးတော့ဘဲ ဆေးလိပ်ဘူးပြန်ထုတ်ကာ ဆေးလိပ်ကို ဘူးထဲပြန်ထည့်လိုက်သည်။ ဘူးကိုတော့ အိတ်ကပ်ထဲ ပြန်ထည့်သည်။
"ဟူး"
ဟု လေပူများကိုမှုတ်ထုတ်လိုက်သည်။
"ဘာတွေတွေးနေတာလည်း ကိုတင်မောင်မြင့်ရဲ့"
ဟူသောစကားသံကိုရုတ်တရက်ကြားလိုက်ရသောကြောင့် တင်မောင်မြင့် နောက်လှည့်ကြည့်လိုက်သည်။
"အလို…မခင်ခင်ထွန်းပါလား…ဘယ်တုန်းကပြန်ရောက်နေတာလည်း…အခုကောဘယ်ကလာသလည်း"
ခင်ခင်ထွန်းသည် တင်မောင်မြင့်တို့ရွာမှ ဦးမြင့်ထွန်း၏ သမီးဖြစ်သည်။ မြို့တွင် ယူနီဗာစတီ တက်နေသူလည်းဖြစ်သည်။ ရွာသို့ ကျောင်းပိတ်ချိန်များတွင်သာ ပြန်လာလေ့ရှိသူဖြစ်သည်။ တင်မောင်မြင့် နှင့် ငယ်သူငယ်ချင်းလည်းဖြစ်သည်။ သို့ရာတွင် အရွယ်ကလေးများရလာသောအခါ နှစ်ဦးသား၏ ခင်မင်မှုမှာ တဖြည်းဖြည်း စိမ်းသွားကြသည်။
"မနက်ကတည်းက ရွာပြန်ရောက်နေတာ…ဟိုမှာလေ ကျွန်မတို့ ဘုရားပေါ်မှာ ဆီမီးထွန်းနေကြတာ…အဲ့ဒီက လာတာ"
တင်မောင်မြင့်လည်း ဘုရားဘက်သို့ လှမ်းကြည့်လိုက်သည်။ ရွာက မိန်းကလေးတစ်ချို့ ဘုရားပေါ်တွင်ဆီမီးထွန်းနေကြသည်ကိုမြင်သည်။ရေကန်သည် ဘုရား၏ တောင်ဘက်တွင်ရှိသည်။တင်မောင်မြင့်တို့ရှိနေသည်မှာ ကန်အရှေ့ဘက်ဘောင်ပေါ်တွင်ဖြစ်သည်။
"ဘာအကြောင်းရှိလို့လည်း မခင်ခင်ထွန်း"
"ဘာမှတော့ မဟုတ်ပါဘူးရှင်…ကျွန်မ ဆီမီးထွန်းပြီးတာနဲ့ ပျင်းလို့ ကန်ဘောင်ပေါ်လာတာ…ရှင်နဲ့တွေ့ရတာပါပဲ…"
"ဟိုမှာ မီးထွန်းနေတုန်းမဟုတ်လား"
"ဟုတ်ပါတယ်…အလှည့်ကျ ထွန်းကြတာပါပဲ…ကျွန်မ အလှည့်ပြီးလို့ အညောင်းပြေ အညာပြေ လမ်းလျှောက်လာတာပါ"
"တစ်ယောက်တည်းလား မခင်ခင်ထွန်း…တော်ကြာ မှောင်ကမှောင်နဲ့ တစ်ယောက်တည်းလာတာ မကြောက်ဘူးလား"
"မကြောက်ပါဘူးရှင်…ဒါကျွန်မရွာပဲ…မြို့မှာတောင် သွားနေသေးတာ…မြို့လောက်အန္တရာယ်များမယ်မထင်ပါဘူး"
ခင်ခင်ထွန်းက ပြုံးလျက်ပြော သည်။ ခင်ခင်ထွန်းပြုံးပုံမှာ ကျတ်သရေပေါင်းနှင့် ပြည့်စုံပြီး လရောင်အောင်တွင် ငွေသွားဖြူကလေးများလည်းလင်းလက်နေရာ တင်မောင်မြင့်ရင်ထဲ တစ်မျိုးကြီးဖြစ်၍သွားရရှာတော့သည်။ စိတ်တွင်မရိုးမရွဖြစ်၍ ကန်ထဲပဲ ခုန်ချရတော့မလို ထိုင်ပြီးပဲ ငိုရတော့မလို ဖြစ်သွားတော့သည်။ လှုပ်ရှားနေသော စိတ်ကို ထိန်းရန် ခင်ခင်ထွန်းအား ဘာမျှ ပြန်မပြောသေးဘဲ ဆေးလိပ်ကို ပြန်ထုတ်ကာ နှုတ်ခမ်းဖျားသို့ တေ့လိုက်လေသည်။
"တော်…မိန်းကလေးတစ်ယောက်ရှေ့မှာ ဆေးလိပ်သောက်မယ်ပေါ့ ကိုတင်မောင်မြင့်"
ခင်ခင်ထွန်း၏ စိတ်ဆိုးဟန်ပါသော စကားကြောင့် တင်မောင်မြင့်မှာ ဆေးလိပ်ကို လက်ဖြင့်ပြန်ယူကာ ကိုင်ထားမိသည်။
"မဟုတ်ပါဘူး မခင်ခင်ထွန်း…စိတ်လှုပ်ရှားသွားလို့ပါ…ကျွန်တော့်မှာ မီးခြစ်လည်း မပါပါဘူး"
"စိတ်လှုပ်ရှားလို့… ဟုတ်ကဲ့လားရှင်"
"ဟုတ်တာပေါ့ဗျာ…ညကြီးဒီအချိန် မိန်းမပျိုတစ်ယောက်နဲ့ ကန်ဘောင်ပေါ်မှာ နှစ်ယောက်တည်းရှိတာ ဘယ်ယောကျာ်းက ခံနိုင်ရည်ရှိမှာလည်း…အနည်းနဲ့ အများစိတ်လှုပ်ရှားကြတာပေါ့"
"ရှင်ကကော ဒီမှာ ဘယ်သူနဲ့ ချိန်းထားလို့ကန်ဘောင်ပေါ် လာတာလည်း"
"ဘယ်သူနဲ့မှ မချိန်းပါဘူး…စိတ်ပြေလက်ပျောက်ပါပဲ"
"အို…ရှင်ကြတော့ တစ်ယောက်တည်းလာပြီး ကျွန်မကိုတော့ မကြောက်ဘူးလားဘာလားနဲ့"
တင်မောင်မြင့် ခေါင်းရှုပ်သွားသည်။ မြို့ကလူတွေ ဘယ်လိုအတွေးတွေ ခင်ခင်ထွန်းခေါင်းထဲ ထည့်ပေးလိုက်သည်မသိ။
"ဒါကတော့ဗျာ…မိန်းမသားနဲ့ ယောကျာ်း…"
တင်မောင်မြင့်တစ်ယောက် စကားပင် မဆုံးသေး၊ ခင်ခင်ထွန်းက
"မိန်းမသား ဟုတ်လား…ခင်ခင်ထွန်းတို့က သန်မာပြီးသား…မိန်းမသားဆိုပြီး ယီးတီးယားတား လုပ်သေသွားမယ်…ဟောဒီမှာတွေ့လား ဓား…အမြဲတမ်းပါတယ်"
တင်မောင်မြင့် ခေါင်းကုတ်ရတော့သည်။ မိန်းမများသည် ဤသို့ အရူးများချည်းလား မသိ။ ရွာရှိ လူပျိုကြီး ကိုလူအေးသည် မိန်းမများသည် အပြောင်းအလဲ အလွန်မြန်ကြောင်းပြောဖူးသည်။ ယခုလည်း ဓားနဲ့ ထိုးခံ ရမလား မသိ။
တကယ်ဆိုလျှင်တင်မောင်မြင့်တစ်ယောက် ထွက်သွားချင်နေပြီ။ မိန်းမသားတစ်ယောက်တည်းထားခဲ့ရမည်မှာ မကောင်းဖြစ်၍ နေပြန်လျှင် ဓားထိုးခံရတော့မည့် ကိန်းဖြစ်နေသည်။
"အဲလောက်ကြီး စိတ်ဆိုးစရာ မလိုဘူးမလား…မခင်ခင်ထွန်း စိတ်လျှော့ပါဗျာ"
ခင်ခင်ထွန်းကလည်း ဓားကို ထုတ်သည့်နေရာသို့ ပြန်ထည့်ကာ
"ပြောပြတာပါ"
ဆို၏။
တင်မောင်မြင့်လည်း ဒီမိန်းမတော့ မလွယ်။ ငါတော့ ဆက်နေလျှင် သေဖို့ရှိတယ်ဟုတွေးမိပြီး
"ကျွန်တော် သွားတော့မယ် မခင်ခင်ထွန်း"
နှုတ်ဆက်လိုက်သည်။ ထို့နောက် တစ်ဆက်တည်း ကန်ဘောင်ပေါ်မှ ထွက်ခွာလာတော့သည်။
ကန်ဘောင်မှ ထွက်ခွာလာပြီး မရှေးမနှောင်းမှာပင်
"အမယ်လေး"
ဟူသော အော်သံသည် ကန်ဘောင်ပေါ်မှ ထွက်ပေါ်လာရာ တင်မောင်မြင့်လည်း ကြားလျှင်ကြားချင်း နောက်သို့လှည့် ပြန်ပြေးလေတော့သည်။ ကန်ဘောင်ပေါ်ရောက်သည့် အခါ ခင်ခင်ထွန်းမှာ ကြောက်လန့်လွန်းဟန်ဖြင့် တင်မောင်မြင့်ကို ပြေး၍ ဖက်၏။ ခင်ခင်ထွန်းမှာ ကိုယ်လုံးကိုယ်ဖန်ထွားရကား တင်မောင်မြင့်သည် မထိန်းနိုင်ဘဲ ကန်ပေါင်ပေါ်မှ တလိမ့်ခေါက်ကွေး ကျလေတော့သည်။ ခင်ခင်ထွန်း၏အော်သံကို ဘုရားပေါ်မှ မိန်းကလေးများ ကြားသွားသောကြောင့် လာရောက် ရှာဖွေကြသော် ထွေးလျက်ရှိသော နှစ်ယောက်သားအားတွေ့ကြ၍ တစ်မျိုးတစ်မည် ထင်ကြကုန်ရာ နောက်နေ့ မနက် ရွာသူကြီးအိမ်တွင် သတို့သား၊သတို့သမီး နှစ်ဦးဆုံညီ လက်ထပ်မင်္ဂလာ အကျဉ်းချုံး၍ ပြုကြရလေသည်။
ခင်ခင်ထွန်းမှာ ငိုလျက်နှင့်
"သေချင်းဆိုး မြွေ …သေချင်းဆိုး မြွေ"
ဟု ပြေဆိုမြည်တမ်းနေ၏။
တင်မောင်မြင့်မှာကား တစ်နေရာတွင် သွားထိုင်ကာ ခေါင်းကို တွင်တွင်ကုတ် ၍သာနေတော့သည်။
ပြီး…။
Keep Reading