Author's Profile Photo

Pai Phyo Wai

9/09/2025

သူငယ်နှစ်ယောက်…အပိုင်း(၃)

2 mins read
Novel
Fiction
Entertainment

"မင်းက ရမည်းသင်းကလား…ငါလည်းရမည်းသင်းသားပဲ…ကျောင်းကြီးကပဲလား"
"မဟုတ်ပါဘူးဦး…ရွာကပါ"
"ဟ…ဒါဆိုတော်တော်တော်တာပဲကွ…မန္တလေးထိ တက်လာဖို့မလွယ်ဘူးနော်…ငါသားတောင် ဆရာတွေနဲ့သေချာလေ့ကျင့်ထားရတာ"
"ကံကောင်းတာပါဦးရယ်"

"မင်းကတကယ် ထမင်းမစားဘူးလားကွဟေ"
"မစားတော့ ပါဘူး ဦးရယ်…ကျွန်တော့်အမေက တစ်ဦးတစ်ယောက်ဆီက ထမင်းအလကားမစားဖို့ပြောထားတာ"
"ဟုတ်လားကွ…ဒါဆိုငါထမင်းရောင်းမယ်ကွာ…မင်းမှာမုန့်ဖိုးတော့ပါတယ်မလား"
ကျောင်းသားသည် ခဏ ငြိမ်သွားပြီးမှ
"ပါပါတယ်ဦးလေး ဒါပေမယ့် ကျွန်တော်အရဲစွန့်ပြီးပြောတာနော်…(တံတွေး မျိုချလိုက်ပြီး)… ထမင်းထက် အဖိုးတန်တာ ဦးလေးဆီမှာ ရှိမယ်ထင်တယ်…ကျွန်တော်အဲ့ဒါ ဝယ်ချင်တယ်"
"ဘာလည်းကွ"
"ဦးလေးက ချမ်းသာတာလား"
လူကြီးက စဉ်းစားဟန်ဖြင့်
"မင်းအဓိပ္ပာယ်ဖွင့်တဲ့ အပေါ် မူတည်တာပေါ့…သေချာတာကတော့ ငါက လွတ်လပ်ပါတယ်…ငါ စားချင်တာစားရတယ်ကွာ…ငါ့မိသားစုအတွက်လည်းသူတို့စားချင်တာ ဝယ်ကျွေးနိုင်တယ်…သွားချင်တဲ့နေရာ သွားနိုင်တယ်…အကောင်းဆုံးလို့ထင်တဲ့အရာတွေကို ရွေးချယ်ပေးနိုင်တယ်ကွာ…ဒီလောက်ပါပဲ"
ကျောင်းသားသည် ခဏ ငြိမ်သက်သွားပြီးမှ
"ကျွန်တော်လည်း ဦးလို လွတ်လပ်ချင်တယ်…အခု ကျွန်တော့်မှာ မုန့်ဖိုးတစ်သောင်းပါပါတယ်…ဦးလေး အနေနဲ့ နည်းအားလုံးမဟုတ်တောင် တစ်သောင်းဖိုးလောက် အကြံဉာဏ်ရောင်းပါ"
လူကြီးက ထူးဆန်းဖွယ်မှော်စကားများကြားလိုက်ရသလို အံ့ဩသွားဟန်ဖြင့်
"ထူးဆန်းတဲ့ ကလေးပါလားဟေ့…ဟေ့ မိန်းမ ဒီ‌ကောင်လေး အတွက် ထမင်းခူးလိုက်ကွာ…ငါတို့နှစ်ယောက်တည်း အတူစားမယ်…မင်းတို့က တစ်ခြားနေရာသွားစားကြရေ"
"ကျွန်တော် ထမင်းမစားတော့ပါဘူး‌ဦး
ကျွန်တော့်ကို ဦးဘယ်လို လုပ်ခဲ့လည်းသာ ပြောပါ"
"စားလိုက်ပါကွာ…ငါ့ဘဝမှာ ဒီလိုမေးခွန်းမျိုး မင်းတို့လို ကလေးတစ်ယောက်ဆီက မပြောနဲ့…လူကြီးတစ်ယောက်ဆီကတောင်မျှောင်လင့်မိတာ မဟုတ်ဘူး…မင်းကမေးလာလို့ လေးစားလို့ ကျွေးတာပါ"
ချီးကျူးစကားများနှင့်ပြောလေတော့သည်။

"မင်းဒီလိုမေးခွန်းမျိုးမေးဖို့ ဘယ်က အကြံရတာလည်း"
"စာအုပ်ထဲကဦး"
"ထင်ပါတယ်…ဒါမျိုးက စာအုပ်နဲ့ ရုပ်ရှင်တွေထဲမှာပဲ ဖြစ်နိုင်တယ်မဟုတ်လား
…တကယ်လို့ ငါငြင်းလိုက်ရင်ကောကွာ…အူကြောင်ကြောင်ကောင်ဆိုပြီး ဟားတိုက်ရင်ကောကွာ"
"ကျွန်တော်လည်း လိုက်ရယ်ရမှာပေါ့ဦးရယ်"
"အရူးကွက်နင်းပေးရမှာပေါ့"
"ဟား…ဟား…ဟား"
လူကြီးကသဘောကျစွာရယ်သည်။ အဝေးမှ သားအမိနှစ်ယောက်က ထူးဆန်းသလို လှမ်းကြည့်နေသည်။

"ဘာတွေများပြောနေပါလိမ့် မေမေ"
"အေးဟယ် နင့်အဖေကလည်း ထူးထူးဆန်းဆန်း … ငါတို့ကိုတောင် အဝေးသွားခိုင်းတယ်ဆိုတော့ မသင်္ကာစရာပဲ…နင့်သူငယ်ချင်းက မှော်တွေတော့ မတတ်ပါဘူးနော်"
"အမေကလည်း ပေါက်ပေါက်ရှာရှာ"
"ငါသိပါတယ်ဟဲ့ ထူးဆန်းလို့ပါ"
"ဒါနဲ့ ညီမလေးကော အမေ…မမြင်မိပါလား"
"ဟောဟိုမှာလေ အိပ်နေတာ မမြင်ဘူးလား"
"ခရီးပန်းလို့ထင်ပါရဲ့…နေခဲ့ပါဆို"
"သူလည်းလိုက်ချင်မှာပေါ့ဟဲ့"
"အင်းပါ နေမကောင်းတော့ မဖြစ်လောက်ပါဘူးနော်"
ကောင်လေးသည် ကားနောက်ခန်းတွင်အိပ်နေသော သူ့ ညီမလေးထံသွား၍ ကြည့်ရှုလေသည်။

"…………လွတ်လပ်ဖို့ဆိုတာ ပိုက်ဆံအပေါ်မှာ မမှီခိုဘူးဆိုတာ မင်း သိထားစေချင်တယ်… တကယ်လို့ ပိုက်ဆံကိုစွဲလန်းမိရင် မင်း လွတ်လပ်တော့မှာ မဟုတ်ဘူး…ကဲ သင်ခန်းစာက ဒီလောက်ပဲ ပေးတော့ ငွေတစ်သောင်း"
"အမှန်တိုင်းဝန်ခံရရင် ဦးလေး ငွေတကယ် မတောင်းဘူးထင်တာ
အခုတော့လည်းပေးရတာပေါ့"
ကျောင်းသားသည် အိတ်ကပ်ထဲမှ ထောင်တန်များနှင့် ငါးရာတန် အကြွေများကို ရေတွက်ပြီးပေးလိုက်သည်။
"ငါလည်းမတောင်းချင်ပါဘူး…ပညာဆိုတာ အလကားရရင် တန်ဖိုးမဲ့တတ်လွန်းလို့ပါ… ဒါဆိုမင်းမေ့တော့မယ်မထင်ဘူး…ထမင်းလည်းစားပြီးပြီ‌ဆိုတော့ မင်းလည်း လူတွေ့ဖြေဖို့ ကျန်သေးတယ်မလား သွားတော့"
"ကျွန်တော့် သူငယ်ချင်းကကော"
"စောင့်မနေနဲ့တော့ အခုက စပြီး မင်းမှာ တိုက်ပွဲတစ်ခုရှိသွားပြီ…တစ်ယောက်တည်းအနိုင်ယူမှရမှာ…သွားတော့"
"ကောင်းပါပြီ …ဦိးလေးသားကို ကျွန်တော် နှုတ်ဆက်ခဲ့တယ်လို့ပြောပေးပါ"
ကျောင်းသားသည်း လူကြီးအားစာရွက်တစ်ရွက်ပေးခဲ့၍ ကျောင်းဝန်းရှိရာသို့ ပြန်ထွက်ခွာလာသည်။ စာရွက်ထဲ‌တွင်တော့ မိုးကုတ်သား၏ ဖုန်းနံပါတ်။

" ဘယ်တွေသွားနေတာလည်း…ထမင်းစားကြရအောင် မြန်မြန်လာ လူတွေ့က စတော့မယ်"
ဆရာက စိုးရိမ်တကြီးလှမ်းမေးသည်။
"စားပြီးပါပြီဆရာ…ကျွန်တော် သင်ယူခဲ့ပြီးပါပြီ"
"ဘာကိုလည်းကွ"
ကျောင်းသားက ပြုံးကာ
"တစ်သောင်းပေးရင်ပြောပြမယ်"
…………ပြီး။
ရေးသူ-ပိုင်ဖြိုးဝေ




Keep Reading

ဘဝဟူသည်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်သည်းခြေကြိုက် စာအုပ် ၆ အုပ်အနုပညာနည်းလမ်းနှစ်သွယ်ဆုလာဘ်တောရိုင်းမြေပါရီကျဆုံးခန်းပျင်းတာနဲ့ အချိန်ဆွဲတဲ့ အကျင့်ကို ဘယ်လိုဖျောက်မလဲ ရေကန်သာကြာတိုင်းအေး