Noble
ဦးလေးကြီးတစ်ယောက် ဓါတ်ဆားလာဝယ်တယ်။
‘ဓါတ်ဆားပေးပါဗျို့’
‘ဘာဓါတ်ဆားလဲ’
‘ဘာဖြစ်ဖြစ် ၊ ရှိတဲ့ဟာ သာ ပေးနော်၊ နေပြင်းတော့ ချွေးတွေ အရမ်းထွက်လို့’
‘ဟုတ် ဟုတ်’
ဓါတ်ဆားလို့ ပြောလိုက်ရင် တော်တော်များများက အကုန် တူတူပဲ ထင်ကြတယ်။ ဆေးဆိုင်တွေ ကိုယ်တိုင်လဲ သိပ်မရှင်းပြကြသလို ဝယ်သူတွေကလဲ သူတို့ အကြိုက်ပဲ ဝယ်ကြတာ များပါတယ်။ ဈေးကွက်ထဲမှာ ဓါတ်ဆားတွေ အများကြီး ရှိပေမယ့် လူသုံးများတဲ့ ဓါတ်ဆားကတော့ ၄ ၊ ၅ မျိုးလောက်ပဲ ရှိပါတယ်။ ဒီထဲမှာ မတူကွဲပြားတာလေးတွေ နည်းနည်းရှိပြီး အသုံးလေးနည်းနည်းကွာပါတယ်။ ဒီနေ့မှာတော့ ဓါတ်ဆားဘယ်လိုရွေးချယ်ရမလဲ ဆိုတဲ့ အကြောင်းကို ပြောပြပေးသွားပါမယ်။
ဓါတ်ဆားကို အမျိုးအစားခွဲရမယ်ဆိုရင် WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း)က သတ်မှတ်ထားတဲ့ ဖော်မြူလာနဲ့ အညီ ထုတ်ထားတဲ့ ဓါတ်ဆားနဲ့ WHO ဖော်မြူလာနဲ့ မထုတ်ထားတဲ့ ဓါတ်ဆားဆိုပြီး ၂ မျိုးရှိပါတယ်။ WHO Formula မှာလဲ မူလလက်ဟောင်း old formula နဲ့ osmolarity ချထားတဲ့ Low salt Formula (New Formula) ဆိုပြီး ၂ မျိုးရှိပါတယ်။ Low salt Formula ကတော့ ဆီးချိုသွေးတိုးသမားတွေအတွက် အထူးသင့်လျော်ပါတယ်။
✅ WHO ရဲ့ စံချိန်စံညွှန်းနဲ့ အညီ old formula အရထုတ်ထားတဲ့ ဓါတ်ဆားတွေဟာ တော်တော်လေး အသုံးများတယ်ပေါ့နော်။
အဓိကအားဖြင့် ဝမ်းလျှောတာ၊ ရေဓါတ်ခမ်းခြောက်တာ၊ ချွေးထွက်လွန်တာ စတဲ့ အခြေအနေအတွက် သုံးနိုင်ပါတယ်။
- BPI ကထုတ်တဲ့ ဓါတ်ဆား အပြာ
- Peditral ဓါတ်ဆားရိုးရိုး (လိမ္မော်၊ လီမွန် အရသာ)
- Electral Forte စတာတွေက ဒီအမျိုးအစားထဲကပါ။
✅ ဆီးချို သွေးတိုးအတွက် သီးသန့်ထုတ်ထားတဲ့ Low Salt Formula ဓါတ်ဆားတွေလဲ ရှိပါတယ်။ ဒီထဲမှာဆိုရင်
- BPI က ထုတ်တဲ့ ဓါတ်ဆား အစိမ်းလေးရှိမယ်
- Peditral မှာ Low salt Formula ဆိုပြီး ထုတ်ထားတာလေးရှိတယ်၊ သူလဲ အရသာနှစ်မျိုးနဲ့ပါပဲ။
- Electral ဓါတ်ဆား
- Best ORS
- ကလေးသောက်တဲ့ Pharolit တို့ Sunlife တို့ရှိပါမယ်။
✅ ဒီထဲမှာ မပါတာကWHO formula နဲ့ မထုတ်ထားတဲ့ ရိုးရိုးဓါတ်ဆားတွေပါ။ ဥပမာဆိုရင် Royal D တို့ Fresh D တို့ဆိုရင် ပင်ပန်းနွယ်နယ်လို့ အားကုန်တဲ့အခါ ရေနဲ့ ဓါတ်ဆား ဆုံးရှုံးမှု များလွန်းတဲ့အခါမှာ အသုံးပြုနိုင်တဲ့ ရိုးရိုး ဓါတ်ဆားတွေပါ။
အရသာလေးတွေပါပြီး သောက်လို့ ကောင်းပါတယ်။
အခု ပြောခဲ့တဲ့ ဓါတ်ဆားတွေက ဈေးကွက်ထဲမှာလဲ အလွယ်တကူလဲ ဝယ်လို့ရနိုင်တယ်၊ လူသိများ အသုံးများတဲ့ ဓါတ်ဆားတွေပါ။
✅ ဓါတ်ဆားဘယ်လိုသောက်မလဲ။
ဓါတ်ဆားသောက်တော့မယ်ဆိုရင် အရေးကြီးတာက
- ရေ ၁ လီတာနဲ့ဖျော်သောက်ပေးပါ။ ကလေးဓါတ်ဆားဆိုရင်တော့ ရေ 200 ml ပဲ လိုမှာဆိုတော့ အညွှန်းကို သေချာဖတ်ပေးပါ။
- ရိုးရိုးရေ ဒါမှမဟုတ် ရေကျက်အေးနဲ့ ဖျော်ပေးပါ။ ရေနွေးနဲ့ မဖျော်ပါနဲ့နော်။
- ဖျော်ပြီးရင် ၂၄ နာရီအတွင်းသောက်ပေးပါ။
- Expire Date ကို သေချာစစ်ပေးပါ။
- ဆီးချို သွေးတိုးရှိတယ်ဆိုရင် low salt formula ကို သုံးပေးပါ။ ဒီအချက်တွေကို သေချာ မှတ်သားထားဖို့ လိုပါလိမ့်မယ်။
ဒါဆိုရင်တော့ ဓါတ်ဆားတွေအကြောင်း ကွဲကွဲပြားပြားသိသွားပြီး ရွေးချယ်တတ်ပြီလို့ မျှော်လင့်ပါတယ်နော်။ ရာသီဥတုကလဲ တအားပူ ချွေးထွက်လဲ များတာမို့ ဂရုစိုက်ကြပါနော်။ နောက် post တွေမှာ ပြန်တွေ့ကြမယ်နော် ။
Pharmacist Noble
#HowToChooseORS
#BrandsOfORSInMyanmar
#TipsForORSChoosing
#PharmacistNoble
#FreelanceContentWriter
Keep Reading