Oasis

?ကျောက်.. သံ… ပတ္တမြား … ရွှေငွေဆိုတာ… လူတိုင်း လိုချင် တပ်မက်ကြတဲ့ အရာတွေပါ….. ?
ဒါပေမယ့် လူတွေ မကြိုက်တဲ့ ကျောက်တွေလည်း ရှိပါတယ်
? အဲ့ဒါကတော့… ခန္ဓာကိုယ်အတွင်းထဲမှာ ရှိနေတဲ့ ‘ကျောက်’ တွေပဲ ဖြစ်ပါတယ်….. ပြောရရင်တော့ ကျောက်ကပ်မှာ တည်တဲ့ ကျောက်၊ တနည်းအားဖြင့် ဆီးကျောက်နဲ့ နောက်တစ်ခုကတော့ သည်းခြေကျောက်ပါ…. ? ဒီကျောက်တွေ ဘယ်ကနေ ရောက်လာတာလဲ…. ဘယ်လို အန္တရာယ် ပေးနိုင်တာလဲ ဆိုတာကို ဒီနေ့ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
? ကျောက်ရဲ့ ကနဦးအစကတော့ အနည်ကျရာကနေ ဖြစ်လာတာပါပဲ… ဥပမာအားဖြင့် ကျောက်ကပ်ကနေ ဆီးနဲ့အတူ မလိုတဲ့ အရာတွေဖြစ်တဲ့ ဆားဓါတ်တွေ၊ သတ္ထုဓါတ်တွေနဲ့ အညစ်အကြေးတွေကို ကို ခန္ဓာကိုယ်ကနေ စွန့်ထုတ်ပေးတယ်။ ဒါပေမယ့် စွန့်ထုတ်ရမယ့် အရာတွေက လိုတာထက် ပိုလာပြီဆိုရင်တော့ အနည်ထိုင်လာပြီး ဒီကနေ ကျောက်ဆိုတာ စဖြစ်လာတာပါပဲ…..
? ကျောက်ကပ်မှာ ကျောက်တည်ရာကနေ ဆီးပြွန်တစ်လျှောက် ဆီးလမ်းကြောင်း တစ်လျှောက် ရွေ့ပြီဆိုရင်တော့ ဒါကို ဆီးကျောက်လို့ ပြောကြတာလည်း ရှိပါတယ်။ ဒါဆိုရင်…. သည်းခြေကျောက် အကြောင်းကို ဆက်ကြည့်ကြရအောင်…..
?⚕️ သည်းခြေကျောက်အကြောင်း မပြောခင် သည်းခြေအိတ် (Gall Bladder) အကြောင်းကို အရင် ပြောရပါမယ်။ Gall Bladder (သည်းခြေအိတ်) ဆိုတာ သူ့ရဲ့ နာမည်အတိုင်းပဲ ဝမ်းဗိုက်ရဲ့ အောက်ဘက် အသည်းရဲ့ အောက်ခြေမှာ ရှိတဲ့ အစိတ်အပိုင်း တစ်ခုပါ။ အသည်းကနေ ထုတ်ပေးတဲ့ သည်းခြေရည် (Bile) တွေဟာ ဒီ သည်းခြေအိတ်ထဲမှာ သွားစုပါတယ်။
သည်းခြေရည်ရဲ့ အဓိက လုပ်ငန်းကတော့ အစားအသောက်မှာ ပါဝင်တဲ့ ကိုလက်စထရော အဆီကို ချေဖျက်တာပါ။ ဒီအဆီတွေက လိုတာထက်များလာမယ်၊ ချေဖျက်ရတာ မနိုင်တော့ဘူးဆိုရင်တော့ ဂျိုးကပ်လာနိုင်ပြီး ကျောက်စပြီး ဖြစ်လာပါတယ်။ ဒါကိုတော့ သည်းခြေကျောက်လို့ ပြောကြတာပါ။ ??
?⚕️ ဆီးကျောက်တို့ သည်းခြေကျောက်တို့ဟာ အရွယ်အစားအားဖြင့် သေးငယ်မယ်၊ ကျောက်ရှိနေတဲ့ နေရာဟာ ပိတ်ဆို့နေခြင်း မရှိဘူး၊ လက္ခဏာအားဖြင့်လည်း မပြင်းထန်ဘူးဆိုရင် စိုးရိမ်ဖွယ်ရာ မရှိပါဘူး။ သူ့အလိုလို ကျောက်ပျော်သွားတာလည်း ဖြစ်နိုင်သလို တခါတရံမှာ အနေအထိုင်ဆင်ခြင်တာနဲ့ သောက်ဆေး (ကျောက်ပျော်ဆေး) တွေနဲ့ပဲ သက်သာသွားတာလည်း ဖြစ်နိုင်ပါတယ်။
? တကယ်လို့ ဆီးကျောက်ရဲ့ အရွယ်ဟာ ကြီးတယ်၊ ဆီးပြွန်၊ ဆီးလမ်းကြောင်းမှာ ပိတ်ဆို့နေတယ်၊ နာကျင်မှုက မခံနိုင်အောင် ပြင်းထန်တယ်ဆိုရင်တော့ အန္တရာယ်ရှိတာကြောင့် စနစ်တကျ ကုသဖို့ လိုပါလိမ့်မယ်။ အခုဆိုရင် အသံလှိုင်းနဲ့ ကျောက်ချေတာ၊ လေဆာနဲ့ ကျောက်ချေတာ၊ မှန်ပြောင်းနဲ့ ကျောက်ချေတဲ့ နည်းလမ်းတွေလည်း ရှိနေပြီ ဖြစ်ပါတယ်။ နောက်ဆုံး လိုအပ်မှသာ ခွဲစိတ်တဲ့ နည်းလမ်းကို အသုံးပြုကြတာ ဖြစ်ပါတယ်။
? သည်းခြေကျောက်ဆိုရင်လည်း သည်းခြေအိတ်အဝမှာ ပိတ်တာ၊ သည်းခြေပြွန်မှာ ပိတ်တာ ကနေ အစပြုပြီး သည်းခြေအိတ်ရောင်တာ၊ သည်းခြေပြွန်ပိတ်တာ၊ သည်းခြေအိတ်ပြည်တည်တာ၊ ပေါက်ထွက်တာ၊ သွေးအဆိပ်တတ်တာအပြင် တခါတရံမှာ မုန့်ချိုအိတ်ပြွန်မှာ ပိတ်မိပြီး မုန်ချိုအိတ်ရောင်တာတွေအထိ ဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ အချိန်မှီ ကုသမှု ခံယူမှပဲ ဖြစ်မှာပါ။ ဆေးဝါးနဲ့ ကုသလို့ မပျောက်ကင်းတဲ့အခါမှာတော့ ခွဲစိတ်ကုသရတာတွေ ရှိနိုင်ပါတယ်။
ဒါဆိုရင် ဆီးကျောက်နဲ့ သည်းခြေကျောက် မဖြစ်စေဖို့ ဘယ်လို ကာကွယ်ကြမလဲ?? ????
ဆီးကျောက်ဖြစ်ခြင်းကနေ ကင်းဝေးစေဖို့ဆိုရင်….
(၁) ? ရေများများသောက်ပါ (ရေတစ်နေ့ကို ၃ လီတာကနေ ၄ လီတာလောက် သောက်နိုင်ရင် အကောင်းဆုံးပါ)
(၂) ? ကျန်းမာစေတဲ့ အစားအသောက်တွေကို ရွေးချယ်စားပါ (အဆီများတဲ့ အစားအစာတွေထက် အသီးအရွက်၊ အစေ့အဆံတွေက ပိုသင့်တော်ပါတယ်)
(၃) ရောဂါအခံ ရှိရင် ပိုသတိထားပါ (အဝလွန်တာ၊ အဆစ်အမြစ်ရောင်ဂေါက်ရောဂါနဲ့ ဆီးချိုလူနာတွေမှာ ဆီးကျောက်ဖြစ်နိုင်ချေ ပိုများပါတယ်)
? သည်းခြေကျောက်ကိုတော့ အပြည့်အဝ ကာကွယ်နိုင်မယ့် နည်းလမ်းအတိအကျ မရှိပေမယ့် ကိုယ်အလေးချိန်ထိန်းတာ၊ ပုံမှန် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်တာ၊ အဆီများတဲ့ အစားအစာတွေ လျှော့စားတာဟာ သည်းခြေကျောက် ဖြစ်နိုင်တဲ့ အလားအလာကို နည်းစေမှာ ဖြစ်ပါတယ်။
ကျောက်ရဲ့ သဘောက တစ်နေရာထဲမှာ မနေပဲ ရွေ့လျားတတ်တဲ့ သဘောရှိတာကြောင့် အရေးကြီးတဲ့ နေရာတွေမှာ ပိတ်ဆို့တဲ့အခါ ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ဒါ့အပြင် ကျောက်ပြဿနာ အများစုက လက္ခဏာမပြတတ်ပဲ အခြေအနေဆိုးမှပဲ သိရတာလည်း ရှိတာကြောင့် ကြိုတင်ဆင်ခြင်နိုင်ဖို့ ဗဟုသုတ အနေနဲ့ မျှဝေလိုက်ရပါတယ်။
Pharmacist Noble
MedicalWriter
#Gallstones&KidneyStones
#PharmaicistNoble
#MedicalKnowledgeSharing
Reference
https://www.yalemedicine.org/news/what-causes-kidney-stones#
https://www.health.harvard.edu/womens-health/what-to-do-about-gallstones#:~:text=There's%20no%20proven%20way%20to,reduce%20the%20frequency%20of%20attacks.
Keep Reading