Monologue By Mon
အချစ်နဲ့တွေ့တဲ့အခါ အကောင်းဆုံး ချစ်တက်ဖို့ စာအုပ်လေး နှစ်အုပ် ဆီကနေ သင်ခန်းစာ ယူခဲ့ဖူးပါတယ်။
အခုစာအုပ်လေးက နှစ်အုပ်ထဲက ဒုတိယမြောက် တစ်အုပ်ပေါ့။
မွန် ပြောပြတာထက် တကယ်ကိုယ်တိုင်ဖတ်ကြည့်ရင် ပိုပြီး သဘောကျမယ် အသုံးဝင်မယ် ၊ တကယ်လို့ အချစ်ရေးမှာ ဘာလုပ်ရမှန်းမသိ လမ်းပျောက်နေတဲ့သူတွေဆိုရင် လမ်းစ တစ်ခုခုကို လမ်းပြပေးနိုင်မယ့် စာအုပ်လေးပါ။
လမ်းခွဲခြင်းဆိုပေမယ့် အတက်နိုင်ဆုံး လမ်းမခွဲရအောင် လမ်းပြထားတဲ့ စာအုပ်လေးပါ။
.
ဖတ်တုန်းကတော့ ကျေနပ်စွာ လမ်းခွဲတက်ဖို့ ဖတ်လိုက်တာပါပဲ။ ဒါပေမယ့် ဖတ်ရင်း ဖတ်ရင်းနဲ့ ပေါင်းသင်းဆက်ဆံရေးတစ်ခု မှာ အထူးသဖြင့် ကိုယ့်ဘဝအတွက် လက်တွဲဖော်လို့ရည်ရွယ်ထားတဲ့ တစ်စုံတစ်ယောက်နဲ့တွေ့လာတဲ့အခါမှာ ဘယ်လိုနေထိုင်သင့်လဲ ဆိုတာတွေ ၊ လွတ်ချသင့်တဲ့စိတ်ထားနဲ့ အမူအကျင့်တွေ ၊ ဆုတ်ကိုင်ထားရမယ့် စိတ်နေသဘောထားတွေ ၊ မလုပ်အပ်တဲ့ အပြုအမူတွေ ၊ ဖြစ်လာတက်တဲ့ ပြသာနာ နဲ့ အခြေအနေတွေ ကို ဘယ်လိုရင်ဆိုင်သင့်လဲဆိုတာတွေ ကို ရှုထောင့်အမျိုးမျိုးကနေ လေ့လာလိုက်ရသလိုပါပဲ။ ပြီးတော့ လမ်းခွဲတော့မယ်ဆိုရင်လည်း ဘယ်လိုမျိုး အပြတ်သားဆုံး ကျေနပ်စွာ လမ်းခွဲမလဲဆိုတာပေါ့။
လူတစ်ယောက်နဲ့ တစ်ယောက် လမ်းခွဲကြတဲ့အခါ ကျေနပ်စွာ လမ်းခွဲနိုင်ဖို့ ဘာလိုပါသလဲဆိုရင် ကျမကတော့ နောင်တကင်းဖို့ လိုတယ်လို့ မြင်မိပါတယ်။ ဒီလိုမျိုး နောင်တကင်းဖို့ ကျတော့ ဆက်ဆံရေးတစ်ခုမှာ ကိုယ်ဟာ အကောင်းဆုံးနေထိုင်ခဲ့သူဖြစ်ဖို့ ၊ ကိုယ့်ကြောင့် ဘယ်သူ့နောက်ကျောမှာမှ ဓားရာမရှိဖို့ လိုအပ်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးတစ်ခုမှာ နားလည်မှု ၊ လေးစားမှု ၊ ချစ်ခင်ကြင်နာမှုတွေအပြင် သူ့ဘက်ကိုယ့်ဘက်မျှတစွာ တွေးတောပြုမှုတက်မှုကလည်း အရမ်းအရေးကြီးပါတယ်။
တစ်ဦးနဲ့တစ်ဦး ရေရှည်တည်မြဲပြီး အသက်ဝင်တဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ကြတဲ့အခါ ဘယ်သူကမှ ပန်းနုသွေး ရော ခင်မို့မို့အေးရော ဖြစ်မနေဖို့ ဘက်မျှနေဖို့ ဘက်မျှအောင်နေတက်ဖို့လိုပါတယ်။
ဒါမှလည်း မတော်တဆ ဆိုတဲ့ အဖုအထစ်လေးတွေ ဖြစ်မလာပဲ ကြံ့ခိုင်တဲ့ မပြိုလဲလွယ်တဲ့ ခိုင်မာတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။
ဒီစာအုပ်က ကိုယ်ချစ်ခင်ရတဲ့သူတွေ နဲ့ နောင်တကင်းစွာ အကောင်းဆုံး ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်အောင် လမ်းပြပေးထားတာဖြစ်သလို ၊ လောကမှာ နေထိုင်တဲ့အခါမှာ အထူးသဖြင့် အမျိုးသမီးတစ်ယောက်အနေနဲ့ အိမ်ထောင်ရေး ၊ အချစ်ရေး နဲ့ ပတ်ဝန်းကျင် ကို ဘယ်လိုမျိုး ရင်ဆိုင်နေထိုင်မလဲဆိုတာကို ပါ အမျိုးသမီး အမျိုးမျိုးအတွက် ရှုထောင့်အမျိုးမျိုးကနေ ရေးသားထားတာတွေ အများကြီးပါပါတယ်။
အထူးသဖြင့် ကျမတို့ရဲ့ "ငါ" ဆိုတဲ့ စိတ်ကလေးပေါ်လာတဲ့အခါ ပေါင်းသင်းဆက်ဆံရေးတစ်ခုမှာ သူ့ကြောင့် အရုပ်ဆိုး အကျည်းတန်သွားတာတွေ မဖြစ်ရအောင် ဘယ်လို စီမံဆောင်ရွက်မလဲဆိုတာ ကိုပါ ပြောပြထားတဲ့ စာအုပ်ပါ။ ဆရာမက ဖြစ်တက်တဲ့သဘောတွေအပေါ်မှာ ဒါတော့မလုပ်နဲ့ ဟိုဟာတော့ လုပ်ဆိုတာထက် ဒီလိုလေးတော့ ကျမလုပ်ခဲ့တယ် ဆိုပြီး အတွေ့အကြုံပေါ်မှာ မြင်သာအောင်ရေးပြထားတာပါ။
ကျမကတော့ ဒီစာအုပ်ကို လူတိုင်းဖတ်သင့်တယ်လို့ ညွှန်းချင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးလေးတွေ ဖတ်သင့်ပါတယ်။ ရည်စားရှိမှ ၊ ခင်ပွန်းရှိမှ ဖတ်သင့်တဲ့ စာအုပ်မဟုတ်ပါဘူး။ တစ်ဦးတည်း နေထိုင်ရှင်သန်နေတဲ့ သူတစ်ယောက်အနေနဲ့လည်း ဖတ်ကို ဖတ်ကြည့်သင့်ပါတယ်။
နောက်ပြီး အိမ်ထောင်သည် ဇနီးတွေသာမက ခင်ပွန်းတွေလည်း ဖတ်သင့်ပါတယ်။ ဖတ်တဲ့အခါ ကိုယ်တိုင်ထက် ဇနီးရဲ့ ရှုထောင့်ကနေ ခံစားပြီး ဖတ်ပေးရင် ကိုယ့်ဇနီးမယားအပေါ်မှာ နားလည်မှု ပိုလာမယ် ၊ အမျိုးသမီးတွေဘက်ကနေ စာနာနားလည်ပေးနိုင်မယ်လို့ မြင်မိလို့ပါ။
ကျမက ဆရာမ မွန်ဟော်စီ ရဲ့ စာဖတ်ပရိသတ် မဟုတ်ခဲ့ပါဘူး။ အခု တော့ ကျေနပ်စွာ လမ်းခွဲခြင်း ကြောင့် ဆရာမရဲ့ စာဖတ်ပရိသတ်အဖြစ် ကျေနပ်စွာ ခံယူလိုက်ပါပြီရှင်။
ဖတ်ကြည့်ကြပါ။ ကျမပြောပြတာထက် ပိုကောင်းတယ်ဆိုတာ သိသွားပါလိမ့်မယ်။ အပိုတစ်ခွန်းမှမပါတဲ့ ရေးဟန်ကြောင့် ဖတ်ရတာ ပိုပြီး နှစ်ခြိုက်မိပါတယ်။
P.S : ေကျနပ်စွာလမ်းခွဲခြင်းကိုဖတ်ပြီး ရာသတ်ပန်မြဲမြံတဲ့ မိသားစုဘဝလေးတွေ ပိုင်ဆိုင်ကြပါစေရှင်။
#monhalsey
#ကျေနပ်စွာလမ်းခွဲခြင်း
* စာအုပ်ပုံက ဆရာမတင်ဖူးတဲ့ ပုံလေးကို သဘောကျလို့ ယူသုံးထားတာပါရှင့်။
* စာအုပ်ပုံလေးကို ယူသုံးခွင့်လေး ဆရာမ မွန်ဟော်စီ ဆီကတောင်းခွင့်ပြုပါရှင့်။
Keep Reading