SarPhat Author
(ရီဗျူးမဟုတ်သော ဇာတ်ကြောင်းခံစားခြင်း)
Spoiler Alert !
ဘဝထဲမှာ အသက်ရှင်နေရင်း အရာရာဟာ သူ့အတွက်ပါလို့ ရည်ရွယ်ရလောက်တဲ့ အမျိုးသမီးတစ်ယောက်လောက် ရှိခဲ့ကြဖူးမလား. ပန်းလေးတစ်ပွင့်ကစလို့ ခမ်းနားတဲ့အိမ်တော်ကြီးအထိ သူ့အတွက်ဖြစ်စေချင်ရတဲ့ အမျိုးသမီးလေးတစ်ယောက်ကို တကယ်တွေ့ရမယ်ဆိုရင်ရော တွေ့ချင်ကြမလား. The Great Gatsby ဇာတ်ကားထဲက ဂတ်စ်ဘီကတော့ ဒေစီဆိုတဲ့ မိန်းကလေးတစ်ဦးကို အဲ့လိုအမျိုးသမီးအဖြစ်သတ်မှတ်ခဲ့တာပဲ.
အဓိက ဇာတ်ဆောင် “မစ္စတာဂတ်စ်ဘီ”
နယူးယော့ခ်တစ်မြို့လုံးက လူချမ်းသာတွေ အကုန်ကို အိမ်ခေါ်ပြီး ညတိုင်း ပါတီပေးနိုင်တဲ့ သူဌေးကြီး ဂတ်စ်ဘီပေါ့. အစစအရာရာ ပြည့်စုံနေတယ်လို့ ထင်ရတဲ့ ဂတ်စ်ဘီမှာလည်း လူငယ်ဘဝကတည်းက မပြည့်ခဲ့ရတဲ့ ရည်မှန်းချက်တစ်ခုကျန်နေသေးတယ်. ချစ်ရသူပါပဲ. သူအချစ်ရဆုံးသူ ဒေစီ၊ သူ ဆင်းရဲသားလေးဘဝမှာတောင် သူ့ကို ပုံပြီးချစ်ပေးခဲ့တဲ့ ရွှေမင်းသမီးလေး ဒေစီ. အရာအားလုံး ရှိလာအောင် ကြိုးစားခဲ့ရတဲ့ အကြောင်းအရင်းကလည်း ဒေစီအတွက်ပဲ. သူ့ကို စောင့်ပေးပါလို့ ပြောခဲ့ပေမဲ့ သူ့ပြန်လာချိန်က ကြာနေတဲ့အခါ မိဘကို မလွန်ဆန်နိုင်လို့ မနှစ်သက်ဘဲ တခြားလူနဲ့လက်ထပ်လိုက်ရတဲ့ ဒေစီရှိရာအနီးတဝိုက်ကို အခုသူပြန်လာနိုင်ခဲ့ပြီ.
ဆင်းရဲသား အရာရှိလေးအဖြစ်နဲ့ မဟုတ်တော့ဘဲ အရာရာပြည့်စုံနေတဲ့ သူဌေးကြီး ဂျေဂတ်စ်ဘီ၊ နယူးယော့ခ်တစ်မြို့လုံးက သတင်းစာတွေနဲ့ လူကုံထံအသိုင်းအဝိုင်းတွေရဲ့ စိတ်ဝင်စားခြင်းကို ခံရတဲ့ ရုတ်တရတ် ဘွားခနဲပေါ်လာတဲ့ သူဌေးကြီးဂတ်စ်ဘီ အဖြစ်နဲ့.
ဒေစီရဲ့ အစ်ကိုဝမ်းကွဲ နစ်ခ်ဟာ ဂတ်စ်ဘီအိမ်တော်ကြီးရဲ့ ဘေးက ယာတောအိမ်လို ခြံလေးဆီ အကြောင်းသင့်စွာပဲ ပြောင်းလာခဲ့တယ်. တစ်ညမှာ သူဟာ လူတစ်ယောက်က ဂတ်စ်ဘီအိမ်တော်ရှေ့က ဆိပ်ခံတံတားကနေ ဟိုမှာဘက် မြစ်တစ်ဖက်ခြမ်း မြို့ဆီက အိမ်တစ်လုံးကနေလာတဲ့ အလင်းရောင်လေးကို လှမ်းငေးနေတာကို တွေ့လိုက်တယ်. ဘယ်သူဆိုတာ မမြင်ရပေမဲ့ ဒါမစ္စတာဂတ်စ်ဘီပဲ ဖြစ်မယ်လို့ သူယုံတယ်. သူ့ကိုလည်း မစ္စတာဂတ်စ်ဘီက စောင့်ကြည့်နေတယ်လို့ သူထင်တယ်.
တကယ်လည်း ဟုတ်ခဲ့ပါတယ်. ဒေစီနဲ့ နီးစပ်ဖို့အတွက် သူ့အိမ်တော်ကြီးရဲ့ ဘေးခြံကို အကြောင်းတိုက်ဆိုင်စွာပြောင်းလာတဲ့ ဒေစီရဲ့ အစ်ကိုဝမ်းကွဲ နစ်ခ်ကို ဂတ်စ်ဘီက စပြီးချဉ်းကပ်ခဲ့တယ်. နယူးယော့ခ်ရဲ့ လူကုံထံအသိုင်းအဝိုင်းက လူပျော်လူညစ်တွေပဲ လာကြတဲ့ သူ့ပါတီကိုလာဖို့ တကူးတကဖိတ်တယ်. နစ်ခ်တစ်ယောက်တည်းဟာပဲ ဖိတ်စာနဲ့တကွ ဖိတ်ကြားခြင်း ခံရသူလည်းဖြစ်တယ်. ဂတ်စ်ဘီဟာ လူချမ်းသာတွေ ကြားထဲမှာတောင် ပိုအဆင့်အတန်းမြင့်တဲ့ ပညာတတ်သူဌေးတစ်ယောက်လို ပုံစံမျိုးဖြစ်အောင် သူ့ကိုယ်သူ ပြုပြင်ထားတယ်. နစ်ခ်နဲ့လည်း ရင်းနှီးမှု အရယူတယ်. နစ်ခ်ကိုယ်တိုင်ကလည်း ဂတ်စ်ဘီကို ပထမဆုံးစမြင်ချိန်မှာကတည်းက ယုံကြည်လေးစားခြင်းမျိုး စိတ်ထဲဖြစ်လာပြီး ခင်မင်သွားတယ်. တစ်ညတစ်ည သူဌေးကြီး ဂတ်စ်ဘီ ပါတီတွေပေးနေရတဲ့ အကြောင်းအရင်းကလည်း တစ်နေ့နေ့မှာ ဒေစီများ သူ့အိမ်ကို ရောက်လာမလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ.
သူတို့ တစ်ယောက်နဲ့ တစ်ယောက် သိပြီးတဲ့အချိန်မှာတော့ ဒေစီကို နစ်ခ်ရဲ့အိမ်မှာ လက်ဖက်ရည်သောက်ဖိတ်ပြီး ပြန်ဆုံစည်းဖို့ ဂတ်စ်ဘီက ဖန်တီးရဲ့၊ ဒေစီလာမယ့် နစ်ခ်ရဲ့ ခြံလေးခပ်ရှုပ်ရှုပ်ကို တစ်မနက်အတွင်း ပန်းပေါင်းစုံနဲ့ အလှဆင်ခိုင်း၊ ဒါတွေ ဒေစီကြိုက်ပါ့မလား၊ အရမ်းများပိုသွားမလားနဲ့ တစ်မနက်လုံးကို အငြိမ်မနေနိုင်ဘူး. ဒေစီ ရောက်လာတော့လည်း အခုမှ မြီးကောင်ပေါက်တဲ့ ဆယ်ကျော်သက်လေးတစ်ယောက်လို ဂနာမငြိမ်၊ မတွေ့ရဲ ကြောက်လန့်ပြီး မိုးရွာထဲ ထွက်ပုန်းလိုပုန်းနဲ့.
နောက်ဆုံး ဒေစီနဲ့ တွေ့တဲ့အချိန်မှာ သူတို့နှစ်ယောက်ရဲ့ ငယ်တုန်းက အချစ်စိတ်တွေက ပြန်နိုးကြွလာတာပဲ. တစ်လောကလုံးကို သူတို့မေ့သွားတယ်. ဒေစီဟာ အိမ်ထောင်သည်ဆိုတဲ့ အရှိတရားကို သူတို့မေ့သွားတယ် ဒါမှမဟုတ် မေ့ထားတာလည်း ဖြစ်ရင်ဖြစ်မယ်. ဂတ်စ်ဘီက ဒေစီ့အတွက်လို့ ရည်ရွယ်ပြီးဆောက်ထားတဲ့ သူ့ရဲ့အိမ်တော်ကြီးထဲကို ခေါ်သွားတယ်. ဒေစီ့အတွက် ရည်ရွယ်ပြီး ကြိုစုထားတဲ့ အကောင်းဆုံး အဝတ်အစားတွေကို ကြဲချ ပြေးလွှားရင်း သူတို့အတူပြန်ရှိရတော့မယ်ဆိုတဲ့ အတွေးနဲ့ ကိုယ့်ကိုယ်ကိုယ် အယုံသွင်းခဲ့ကြတယ်.
အဲ့ဒီဇာတ်ဝင်ခန်းမှာ ကိုယ်ကိုယ်တိုင်ပါ ချစ်ခြင်းကို ခံစားမိစေခဲ့တာပဲ. သူ့ချစ်ခဲ့ရသူနဲ့ မျက်နှာချင်းဆိုင်ပြန်တွေ့ရလို့ ပျော်နေတဲ့၊ သူ့ချစ်သူကို ခမ်းခမ်းနားနား ထားနိုင်ဖို့ အရာရာကြိုးစားခဲ့ပြီး သူတို့နှစ်ယောက် ပေါင်းဖက်ရဖို့ အိပ်မက်တွေ ဖြစ်လာတော့မယ်လို့ တွေးမိနေတဲ့ ဂတ်စ်ဘီရဲ့ အပြုံးတွေမှာ ချစ်ခြင်းတရားကို ထိတွေ့လို့ရခဲ့တယ်. နောက်ကနေ တိုးတိုးလေးဆိုနေတဲ့ Lana Del Rey ရဲ့ ကောင်းကင်ဘုံကလာသလို အသံမျိုးနဲ့ ဇာတ်ဝင်တေးဟာ လိုက်ဖက်ညီစွာပဲ ကြည့်ရှုသူကို ကြည်နူးနေမိအောင် ဆွဲခေါ်သွားခဲ့တယ်. ငယ်ရွယ်ပျိုမြစ်၊ လှပခြင်းတွေ မရှိတော့ရင်ရော ကျွန်မကို ရှင်ချစ်နေဦးမှာလားလို့ မေးနေတဲ့ Lana ရဲ့ အသံမှာ မလှတော့မှာ၊ အရာအားလုံးကို ဆုံးရှုံးလိုက်ရမှာကို ကြောက်တတ်တဲ့ ဒေစီရဲ့ အတွင်းစိတ်ကို ဖော်ပြနေသလို၊ ဒါပေမဲ့လည်း သူ့ချစ်သူကို ယုံပါတယ်ဆိုတဲ့ အသိကိုလည်းပဲ ထင်ဟပ်နေသလို.
သူ့ညီမဖြစ်သူနဲ့ သူ့မိတ်ဆွေဖြစ်သူကို ကြည့်ရင်း နစ်ခ်တစ်ယောက်ဟာလည်း ကြည်နူးနေမိခဲ့.
ဒါပေမဲ့ပေါ့လေ သူတို့တွေ ခဏမေ့ထားလို့ ရရင်ရမယ်ဆိုပေမဲ့ တကယ့်အဖြစ်မှန်ဟာ ပြောင်းလဲလို့မရပါဘူး. ဒေစီဟာ အိမ်ထောင်သည်. ကလေးလေးတစ်ယောက်ရဲ့မိခင်. သူတို့နဲ့ နစ်ခ်ပဲသိတဲ့ ဆက်ဆံရေးမျိုးကို ဘယ်ချိန်ထိ နေနိုင်မှာတဲ့လဲ. ဒေစီက နှစ်ယောက်သား အဝေးဆုံးထိ ထွက်ပြေးချင်ခဲ့တယ်. ဂတ်စ်ဘီကတော့ သူ့ရဲ့ဒေစီကို သူ့ယောကျ်ားကိုမချစ်ဘူးလို့ ပြောပြီး ပြတ်ပြတ်သားသား ကွာရှင်းလာစေချင်တယ်. သူဒေစီကိုခေါ်ပြီး ထွက်ပြေးရင်း မနေချင်ဘူး. ဒီနေရာ ဒီအိမ်တော်ကြီးမှာပဲ ဒေစီနဲ့ လူသိရှင်ကြား ခမ်းခမ်းနားနားနေချင်တယ်. ဒီလိုဖြစ်ဖို့ပဲ သူမျိုးစုံလုပ်ကိုင်ရင်း ကြိုးစားလာခဲ့ရတာမဟုတ်လားလေ.
“မစ္စတာဂတ်စ်ဘီ… ခင်ဗျား အတိတ်ကို တစ်ပတ်ပြန်လည်အောင်လုပ်လို့မရဘူးနော်” လို့ နစ်ခ်က ဂတ်စ်ဘီကို သတိပေးခဲ့တယ်.
သူ ဘယ်လက်ခံနိုင်ပါ့မလဲ. ဒီအတိတ်ကို တစ်ပတ်ပြန်လည်လာနိုင်ဖို့ သူအရာရာရင်းထားခဲ့တာပဲ. ပြီးတော့ ဒေစီသူ့အပေါ်ထားတဲ့ အချစ်ကို သူယုံတယ်. ဒေစီဟာ ဘယ်အချိန်မှာဖြစ်ဖြစ် သူ့ကိုပဲ ရွေးချယ်လိမ့်မယ်လို့ အတိအကျပဲ သူယုံကြည်မျှော်လင့်ထားခဲ့တယ်. ဒါကြောင့် အတိတ်ကို တစ်ပတ်ပြန်လည်အောင် လုပ်လို့ရပါတယ် နစ်ခ်ရယ်လို့ သူခိုင်ခိုင်မာမာပဲ ပြန်ပြောခဲ့တယ်.
ဒေစီရဲ့ ယောကျ်ား တွမ်ကို အိမ်ကိုဖိတ်ပြီး စကားပြောတဲ့အခါမှာတော့ မြွေမြွေခြင်းခြေမြင်တဲ့ တွမ်ဟာ ဂတ်စ်ဘီရဲ့ နောက်ကြောင်းတွေကို လိုက်စုံစမ်းတော့တယ်. နောက်ရက်တွေမှာ ဒေစီဟာ ဂတ်စ်ဘီရဲ့ အိမ်ကို ကြိုကြားကြိုကြားလာတယ်၊ နှစ်ဦးသားအချစ်တွေကို ဖွင့်ဟရင်း အနာဂတ်ကို အကောင်းဆုံးပဲ မျှော်လင့်ထားခဲ့ကြတယ်.
ဒေစီဟာ ဂတ်စ်ဘီရဲ့ တိုက်တွန်းမှုတွေကြောင့် တွမ်ကို ထုတ်ပြောဖို့ အဆင်သင့်ဖြစ်ပြီလို့ ယူဆရတဲ့ နေ့တစ်နေ့မှာ ဂတ်စ်ဘီရယ် သူတို့အားလုံးနဲ့ သိတဲ့ မစ္စဘိတ်ကာရယ် နစ်ခ်ရယ်ကို သူ့ရဲ့အိမ်ဆီ ပြန်ဖိတ်တယ်. အဲ့ရက်မှာပဲ ဂတ်စ်ဘီဟာ တွမ်နဲ့ ဒေစီရဲ့ဇာတ်လမ်းကို အပြတ်ဖြတ်ရမယ်လို့ တွေးထားတယ်. နစ်ခ်ကိုလည်း သူတို့နဲ့အတူရှိပေးဖို့ တောင်းဆိုပြီး ရအောင်လာခိုင်းခဲ့တယ်. ဂတ်စ်ဘီဟာ အရာရာအဆင်ပြေတော့မယ်လို့ပဲ တွေးထားခဲ့တယ်. ဒေစီက တွမ်ကို ပြတ်ပြတ်သားသား ပြောလိုက်ရင် အရာရာပြီးပြီလို့ပဲ သူထင်နေခဲ့တယ်.
တကယ်တမ်းမှာ ဒေစီဟာ ဂတ်စ်ဘီရဲ့စိတ်ကူးအတိုင်းလုပ်ဖို့ လုံလောက်တဲ့သတ္တိ မရှိခဲ့ရှာဘူး. ဒေစီရဲ့ စိတ်ထဲမှာ ဖိအားတွေ ဖြစ်နေခဲ့ရတယ်. လက်တွေ့ကျကျ ရင်ဆိုင်ရချိန်မှာ ဒေစီခမျာ တုန်လှုပ်နေခဲ့ရတယ်. ဒါကို တွမ်ကလည်း သိနေတယ်. ဒေစီနဲ့ ဂတ်စ်ဘီကြားမှာ ဆက်ဆံရေးတစ်ခုရှိနေတာကို သံသယဝင်နေတဲ့ တွမ်က တုန်လှုပ်နေတဲ့ ဒေစီကို ကြည့်ရင်း ပိုသေချာသွားတယ်. ဒေစီတစ်ယောက် ဂတ်စ်ဘီအားကိုးနဲ့ သူ့ဆီကထွက်သွားတော့မယ်ဆိုတာ သူသိသွားတယ်. အပြင်ထွက်ကြမယ်ဆိုတဲ့ တွမ်ရဲ့ စိတ်ကူးနဲ့ သူတို့အားလုံး နယူးယော့ခ်မြို့ထဲက ဟိုတယ်ဆီ ထွက်လာကြတယ်. ဂတ်စ်ဘီရဲ့ ကားအဝါကို တွမ်က နစ်ခ်နဲ့ သူတို့မိတ်ဆွေ မစ္စဘိတ်ကာနဲ့ အတူမောင်းပြီး ဒေစီနဲ့ ဂတ်စ်ဘီကတော့ တွမ်ရဲ့ ကားနဲ့ နှစ်ယောက်အတူ မောင်းလာခဲ့ကြတယ်. တွမ်က ဂတ်စ်ဘီရဲ့ ကားကိုမောင်းပြီး ဂတ်စ်ဘီနဲ့အတူ ကားစီးဖို့ ကြိုးစားတာပေမဲ့ ဒေစီက သူတို့နှစ်ယောက်ကို ကားတစ်စီးတည်း အတူလွှတ်ပေးဖို့လောက်ထိ စိတ်မချခဲ့ဘူး.
တိုက်ဆိုင်ခြင်းတွေက အချိန်ကိုက်ဖြစ်လာတတ်သလိုပဲ. နယူးယော့ခ်မြို့ထဲကို မရောက်ခင် အလုပ်သမားရပ်ကွက်က ဆိုင်တစ်ခုမှာ ကားဆီဝင်ဖြည့်တဲ့ တွမ်ဟာ ဆိုင်ရှင်ဂျော့ရဲ့ပြောစကားကြောင့်ပဲ ဂျော့က သူ့မိန်းမကိုခေါ်ပြီး တခြားနေရာကို ပြောင်းတော့မယ်ဆိုတဲ့ သတင်းကို ကြားလိုက်ရတယ်. ဘာလို့ဆို ဂျော့ရဲ့မိန်းမက သူဌေးတစ်ယောက်နဲ့ဖောက်ပြန်နေတယ်ဆိုပြီး သတင်းကြားရလို့တဲ့. ဂျော့က တွမ်နဲ့ ခင်မင်ရတာကို သဘောကျတယ်. သူထင်တာ တွမ်က သူနဲ့ စီးပွါးတွဲလုပ်ဖို့ အလားအလာရှိတယ်လို့. ဒီထက်ပိုတာက ဂျော့မိန်းမနဲ့ ဖောက်ပြန်နေတယ်ဆိုတဲ့ကောလဟာလထဲက သူဌေးဟာ တွမ်ဖြစ်နေတာ. ဒါကိုတော့ ဂျော့မသိရှာဘူး.
ကျွန်တော်ဒီကနေ ပြောင်းတော့မှာလို့ ပြောလိုက်တဲ့ ဂျော့ရဲ့ အသံကို ကြားရချိန်မှာ တွမ်တစ်ယောက် ထိတ်လန့်စွာနဲ့ ဆိုင်အပေါ်ထပ်ကို ငေးကြည့်မိတယ်. သူသံယောဇဉ်တွယ်နေတဲ့ သူ့ရဲ့တိတ်တိတ်ပုန်းအပျော်မိန်းမဟာ ပြတင်းတံခါးကနေ သူ့ကိုကြည့်ရင်း ဒီကထွက်မသွားချင်ကြောင်း အကြည့်တွေကနေ ပြောနေသလို. တွမ်ဟာ ဒီနေ့တစ်ရက်တည်းမှာတင် သူ့ရဲ့ တရားဝင်မိန်းမကိုရော တိတ်တိတ်ပုန်းမိန်းမကိုပါ ဆုံးရှုံးရမလို ဖြစ်နေခဲ့ပြီ. ဒါပေမဲ့ အခုချိန်မှာတော့ သူ့ရဲ့တရားဝင်မိန်းမဖြစ်တဲ့ ဒေစီကို ဂတ်စ်ဘီနဲ့တွဲပြီး သူမကြည့်နိုင်သေးဘူး. ပြတင်းကနေ သူ့ကိုအားကိုးတကြီး ကြည့်နေတဲ့ မိန်းမကို ကျောခိုင်းခဲ့ပြီး သူတို့ကားကို ကျော်တက်သွားတဲ့ ဂတ်စ်ဘီတို့နောက်ကို ဒရကြမ်းလိုက်ခဲ့တယ်.
ဟိုတယ်ခန်းထဲမှာ စိတ်လှုပ်ရှားနေတဲ့ ဒေစီ၊ စိတ်အားထက်သန်နေတဲ့ ဂတ်စ်ဘီ၊ သူ့မိန်းမကို လက်လွှတ်ပေးဖို့ လုံးဝမလုပ်နိုင်တဲ့ တွမ်နဲ့ အဖြစ်အပျက်တွေကို အနည်းနဲ့ အများသိနေကြတဲ့ နစ်ခ်တို့ကြားလူနှစ်ယောက်ဟာ ထိုင်နေကြတယ်. အငြင်းအခုံတွေ စလာပြီး နောက်ဆုံးတော့ ဒေစီဟာ ကျွန်မရှင့်ကို ဘယ်တုန်းကမှ မချစ်ခဲ့ဖူးဘူးလို့ တွမ်ကို တကယ်ပြောခဲ့လိုက်တယ်. ဒါပါပဲ. ဂတ်စ်ဘီ လိုချင်ခဲ့တာက အဲ့ဒါလေးပဲ.
“တစ်ခါမှ မချစ်ခဲ့ဖူးဘူးလား”
“Kapiolani မှာတုန်းကရော…၊ ရေတံခွန်မှာ မင်းခြေထောက်တွေ ခြောက်သွားတဲ့ထိ ငါမင်းကို ပွေ့ချီထားတုန်းကရော… မင်းငါ့ကိုမချစ်ခဲ့ဖူးဘူးလား” လို့ တွမ်ရဲ့ တန်ပြန်မေးခွန်းတွေ ထွက်လာတဲ့အခါ… ကံကြမ္မာချိန်ခွင်ဟာ ဂတ်စ်ဘီဘက်ကနေ တစ်ဖက်ကို မသိမသာ ပြန်စောင်းသွားပြန်တယ်. ဒေစီခမျာ ပြန်တွေဝေသွားရတယ်. သူတွမ်ကို မချစ်ဘဲ လက်ထပ်ခဲ့ရတာ မှန်ပေမဲ့ အိမ်ထောင်သက် တလျှောက်လုံးမှာ ချစ်တယ်လို့ ခံစားခဲ့ရတဲ့ အခိုက်အတန့်တွေ ရှိနေခဲ့တယ်. သူ ဂတ်စ်ဘီကို ပိုချစ်ရင်ချစ်လိမ့်မယ်. သူ့ဘဝတလျှောက် အနားမှာ ရှိနေခဲ့တဲ့ ခင်ပွန်းသည် တွမ်ကိုလည်း သံယောဇဉ်တွယ်နေခဲ့တယ်. တွမ်ဟာ မိန်းမပွေတယ် အပျော်အပါးမက်တယ်. ဒါပေမဲ့ ဒေစီအပေါ်မှာ မကောင်းနေသူတစ်ယောက်လည်း မဟုတ်ပြန်ဘူး. Gaslight လုပ်ခံလိုက်ရတယ်လို့ ပြောလို့ရကောင်းရမယ်.
ဘယ်လိုဖြစ်ဖြစ် ဒါတွေကို ဂတ်စ်ဘီ ထည့်မတွက်မိခဲ့ဘူး. သူထင်ထားတာဟာ ဒေစီဟာ အစကနေအဆုံးထိ သူတစ်ဦးတည်းအပေါ်ပဲ ချစ်ခဲ့တယ်လို့ပဲ. တွမ်ဟာ နှစ်ပေါင်းများစွာ ဒေစီနဲ့ တူတူနေလာခဲ့တဲ့သူ၊ သူတို့သမီးလေးရဲ့ အဖေ…၊ ဒီကြိုးတွေကို ဂတ်စ်ဘီမမြင်ခဲ့ဘူး. သူနဲ့ ဒေစီရဲ့ အချစ်ပေါ်မှာပဲ အားလုံးပုံအောပြီး စွန့်စားခဲ့တယ်. အချိန်ကိုက်ပဲ တွမ်ဟာ သူစုံစမ်းထားတဲ့ ဂတ်စ်ဘီရဲ့ မကောင်းတဲ့နောက်ကြောင်းတွေ၊ တရားမဝင်လုပ်ငန်းတွေအကြောင်း ထုတ်ပြောလိုက်ချိန်မှာ ဒေစီထိတ်လန့်သွားတယ်. တစ်ချိန်လုံး လူကြီးလူကောင်းတစ်ယောက်လို နေနေခဲ့တဲ့ ဂတ်စ်ဘီက ဒေါသတကြီးနဲ့ တွမ်ကို ကိုယ်ထိလက်ရောက်လုပ်ဖို့ ကြိုးစားချိန်မှာတော့ ဒေစီက ကြောက်ရွံ့တဲ့အခြေအနေအထိကို ရောက်ရှိသွားခဲ့တယ်.
ဂတ်စ်ဘီ ပြောသမျှကို ဒေစီ နားမထောင်နိုင်တော့ဘူး. သူ ဒေစီကို ဘယ်လောက်ချစ်ကြောင်း အနားကပ်ရင်း ပြောနေချိန်မှာ ဒေစီဟာ တဖြည်းဖြည်း အကြောက်တရားနဲ့ ကျုံ့ဝင်လာခဲ့တယ်. နောက်ဆုံးမှာ ဒေစီဟာ ရွေးချယ်မှုတစ်ခု လုပ်သွားတယ်.
“တွမ် ငါ့ကိုအိမ်ပို့ပေးပါ. ငါ ဒါတွေကို မခံနိုင်တော့ဘူး”
ပြောပြောဆိုဆို ပြေးထွက်ရင်း ဂတ်စ်ဘီရဲ့ ကားအဝါပေါ် တက်သွားတဲ့ ဒေစီနောက်ကို ဂတ်စ်ဘီတစ်ယောက် ပြေးလိုက်ပြီး ကားမောင်းထွက်သွားတဲ့အထိကို သူ ဒေစီကို ဖြောင်းဖျဖို့ ကြိုးစားနေတုန်းပဲ. နောက်ကနေ တွမ်၊ နစ်ခ်နဲ့ မစ္စဘိတ်ကာတို့က တွမ်ရဲ့ ကားတစ်စီးနဲ့ပေါ့.
တွမ်နဲ့ နစ်ခ်တို့ရဲ့ကား အလုပ်သမားရပ်ကွက်ကို ပြန်ဖြတ်လာရချိန်မှာတော့ တွမ်ရဲ့အပျော်မိန်းမတို့ အိမ်ရှေ့မှာ လူတွေရုတ်ရုတ်သဲသဲနဲ့. တွမ် ကားကို ရပ်ပြီးအိမ်ထဲဝင်လာတဲ့အချိန်မှာတော့ ကားတိုက်ခံလိုက်ရလို့ ပွဲချင်းပြီးသေသွားတဲ့ သူ့ရဲ့ အပျော်မိန်းမအလောင်းကို တွေ့လိုက်ရပြီ. သူတုန်လှုပ်သွားတယ်. တိုက်သွားတဲ့ကားက ကားအဝါတဲ့. ဆိုင်ရှင်ဂျော့က နေ့လယ်က တွမ်’ဆီလာဖြည့်တုန်းက မောင်းလာတဲ့ကားအဝါမှန်း မှတ်မိပြီး တွမ်ကို ငိုယိုကြေကွဲရင်း ရန်ရှာတယ်. တွမ်က သူအခုမှ တခြားကားနဲ့ရောက်တာ အဲ့ဒါသူ့ကားမဟုတ်ဘူး. ဂတ်စ်ဘီရဲ့ကားပဲလို့ ပြောလိုက်တော့တာပဲ. အဲ့စကားတစ်ခွန်းနဲ့တင် သူကြားထားတဲ့သတင်းထဲက သူ့မိန်းမနဲ့ဖောက်ပြန်နေတဲ့သူဌေးကလည်း ဂတ်စ်ဘီပဲ ဖြစ်မှာ၊ အဲ့ဒါကြောင့် သတင်းထွက်မှာစိုးလို့ သူ့မိန်းမကို တိုက်သတ်တာဖြစ်မယ်လို့ ဂျော့က တထစ်ချယုံကြည်သွားခဲ့တယ်. တွမ်ဟာလည်း ဟုတ်ရင်ဟုတ်လိမ့်မယ်ဆိုတဲ့ ပုံစံမျိုး ပြောဆိုခဲ့တယ်. ဆိုင်ရှင်မိန်းမနဲ့ ဖောက်ပြန်နေတာဟာ သူဖြစ်နေခဲ့တာတောင် ဂတ်စ်ဘီကို အရှုံးမပေးလိုစိတ်နဲ့ ချောက်ချခဲ့တယ်.
လူတစ်ယောက်ကို တိုက်မိတာတောင် ထွက်ပြေးသွားတဲ့ ဂတ်စ်ဘီကို နစ်ခ်တစ်ယောက်လည်း အံ့ဩမိတယ်. သူတို့ တွမ်ရဲ့ အိမ်ကို ပြန်ရောက်ချိန်မှာ အိမ်ဘေးနားက ခြုံထဲမှာ ထိုင်နေတဲ့ ဂတ်စ်ဘီကို နစ်ခ်တွေ့လိုက်တယ်. ခင်ဗျားကားနဲ့ တိုက်လိုက်လို့ လူတစ်ယောက်သေသွားပြီ. ခင်ဗျားဘာလို့ ထွက်ပြေးလာတာလဲ ဘာညာပြဿနာရှာချိန်မှာ မောင်းသူက ဂတ်စ်ဘီမဟုတ်ဘဲ ဒေစီဖြစ်ခဲ့ကြောင်းကို နစ်ခ်သိလိုက်ရတယ်. ဂတ်စ်ဘီက သူတိုက်မိခဲ့သလို ဟန်ဆောင်ပြီး ဒေစီအပြစ်လွတ်အောင် ဖုံးကွယ်ဖို့ ကြိုးစားခဲ့သေးတယ်. တကယ်တော့ ဒေစီကအရမ်းစိတ်ရှုပ်နေလို့ စိတ်ပေါ့အောင် သူကားမောင်းမယ်ဆိုပြီး ကားကို အရှိန်တင်မောင်းလာချိန်မှာ သူတို့ရဲ့ကားအဝါကို တွမ်ရဲ့ကားလို့ထင်ပြီး ဒီကနေ မသွားချင်ဘူးဆိုတာကို ပြောဖို့ ကားလမ်းမပေါ်ပြေးတက်လာတဲ့ ဂျော့ရဲ့မိန်းမကို တိုက်မိခဲ့တာပဲ.
ဂတ်စ်ဘီခမျာတော့ ဒေစီကိုပဲ စိတ်ပူနေမိတယ်. ဒေစီ့အပြစ်မဟုတ်ဘူး သူ့ဘာသူကားလမ်းမပေါ် ပြေးတက်လာလို့ တိုက်မိတာ ဆိုတဲ့အကြောင်းပြောပြီး ဖြောင်းဖျထားကြောင်း နစ်ခ်ကိုပြောပြတယ်. ဝင်တိုက်မိခဲ့တာ ဒေစီဖြစ်ကြောင်းကို ဘယ်သူမှသိလို့မရဘူးဆိုတာကိုလည်း နစ်ခ်ကို သတိပေးခဲ့တယ်. စာနာစိတ်မရှိဘူးလို့ ထင်ကောင်းထင်ရပေမဲ့ ချစ်မိနေတဲ့လူတစ်ယောက်က သူချစ်တဲ့သူကလွဲရင် ဘာကိုမှ မမြင်ဘူးဆိုတာ တကယ်ပဲရှိတယ်. ဂတ်စ်ဘီဟာ အချစ်မျက်ကန်းတစ်ယောက်ပဲ. ဒီနေ့ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကြောင့် ဒေစီကို တွမ်က တစ်ခုခုလုပ်ခဲ့ရင် ကာကွယ်ပေးဖို့အတွက် မနက်မိုးလင်းထိ တွမ်ရဲ့အိမ်ဘေးမှာ ရပ်စောင့်ပြီး မိုးလင်းခါနီးလို့ ဒေစီရဲ့ မီးအိမ်လေး မှိတ်လိုက်မှ သူ့အိမ်ဆီကို ပြန်လာတယ်.
သူ အိမ်အောက်မှာ ရပ်စောင့်နေတဲ့အချိန် ဒေစီက တွမ်ကို အကြောင်းစုံပြောပြလိုက်ပြီး သူတို့နှစ်ယောက်အဆင်ပြေသွားကြတာကိုတော့ ဂတ်စ်ဘီမသိခဲ့ဘူး. ဒေစီ့အခြေအနေကို ဝင်ကြည့်ရင်း တွမ်နဲ့ဒေစီတို့ စကားသံကို ကြားခဲ့တဲ့ နစ်ခ်ဟာလည်း သူ့မိတ်ဆွေ ဂတ်စ်ဘီ စိတ်ထိခိုက်သွားမှာစိုးရိမ်တဲ့အတွက် အဖြစ်မှန်ကို ပြောမပြရက်ခဲ့ဘူး. ဂတ်စ်ဘီထင်နေခဲ့တာက မနက်မိုးလင်းလာရင် ဒေစီ သူ့ဆီဖုန်းဆက်လာလိမ့်မယ်. သူတို့နှစ်ယောက်အတူ ဒေစီအရင်က ပြောခဲ့သလို ထွက်သွားကြမယ်ပေါ့. နစ်ခ်ကိုလည်း သူ့ရဲ့စိတ်ကူးတွေကို ပြောပြီး ပျော်နေခဲ့ရှာတယ်. တကယ်တမ်းမှာ ဒေစီဟာ တွမ်ကိုပဲ သူ့အားကိုးရာအဖြစ် ရွေးချယ်ခဲ့လိုက်ပြီဖြစ်တယ်.
မိုးစင်စင်လင်းခဲ့ပြီးပြီ. နစ်ခ်ဟာလည်း အရုဏ်တက်ချိန်တစ်ခုလုံးမှာ တူတူရှိနေခဲ့ပြီးနောက် ဂတ်စ်ဘီကို နှုတ်ဆက်ပြီး ပြန်သွားခဲ့ပြီ. ဂတ်စ်ဘီတစ်ယောက် သူ့ရဲ့ ရေကူးကန်မှာ ရေကူးရင်းနဲ့ ဒေစီဆီက လာမယ့်ဖုန်းကို စောင့်နေခဲ့တယ်. သူအိမ်ရှေ့ကနေ လှမ်းကြည့်ရင် လှမ်းမြင်နေရတဲ့ မြစ်တစ်ဖက်ကမ်းက ဒေစီတို့အိမ်ကို ရေကူးကန်ကနေ တက်လာရင်း ငေးနေခဲ့တယ်. အဲ့အချိန်မှာ သူ့ရဲ့ဖုန်းဆီကနေ အသံမြည်လာတယ်. သူပျော်သွားတယ်. နောက်ဆုံးတော့ သူ့ဆီဒေစီဖုန်းဆက်ပြီ (တကယ်က မဟုတ်ပါ). တဆက်တည်းမှာ ဒိုင်းခနဲအသံတစ်ချက်ကို သူကြားလိုက်ရတယ်. အသံကြားပြီးပြီးချင်း သူသိလိုက်ရတာက သူ့ဘယ်ဘက်ရင်အုံကနေ သွေးတွေ စီးကျလာတာပဲ. ဂျော့က သူ့မိန်းမသေဆုံးမှုအတွက် ဂတ်စ်ဘီဆီ လက်စားလာချေခဲ့တယ်. ဂတ်စ်ဘီကို ပစ်သတ်ပြီး သူ့ကိုယ်သူပါ တစ်ခါတည်း သတ်သေလိုက်တာပဲ.
အချစ်တစ်ခုတည်းကိုပဲ မျက်စိမှိတ်ယုံခဲ့တဲ့ ဂတ်စ်ဘီဟာ မြစ်တစ်ဖက်ကမ်းက ဒေစီရှိနေတဲ့ အိမ်ကို ငေးမောရင်း ဒေစီ့နာမည်ကို ရေရွတ်ရင်းနဲ့ပဲ အသက်ပျောက်သွားရှာတယ်. သူ့ရဲ့နောက်ဆုံးထွက်သက်မှာတော့ ဒေစီတစ်ယောက် တွမ်ကိုထားခဲ့ပြီး သူနဲ့အဝေးကိုထွက်သွားဖို့ ဖုန်းဆက်တယ်ဆိုတဲ့ ယုံကြည်မှုလေးကို အပါခေါ်သွားခဲ့တယ်.
သူဌေးကြီး ဂတ်စ်ဘီရဲ့ ဈာပနဟာ ခြောက်ကပ်လွန်းတယ်. တစ်ချိန်က သူ့အိမ်မှာ ညတိုင်းမူးရူးပျော်ပါးခဲ့ကြတဲ့ လူကုံထံအသိုင်းအဝိုင်းက တစ်ယောက်မှ သူ့နာရေးကို မလာခဲ့ကြဘူး. သတင်းစာတွေကလည်း ဂတ်စ်ဘီကို ဖောက်ပြန်သူ၊ လူတစ်ယောက်ကို ကားနဲ့တိုက်သတ်ပြီး ထွက်ပြေးတဲ့ လူသတ်သမားအဖြစ်ပဲ ပုံဖော်စွပ်စွဲရေးသားခဲ့ကြတယ်. နစ်ခ်တစ်ယောက်တည်းကပဲ ဂတ်စ်ဘီရဲ့ မိတ်ဆွေအဖြစ်နဲ့ ဂတ်စ်ဘီရဲ့ ဈာပနမှာ ရှိနေခဲ့တယ်. ဂတ်စ်ဘီရဲ့ ဈာပနကိုလာဖို့အတွက် ဒေစီ့ဆီ နစ်ခ်ဖုန်းခေါ်ခဲ့တယ်. နစ်ခ်ဖုန်းဆက်တာ သိပေမဲ့ ဒေစီဖုန်းကိုလည်းမကိုင်ခဲ့သလို ဈာပနကိုလည်း မလာခဲ့. ဒေစီတစ်ယောက် တွမ်နဲ့ အတူ တခြားနေရာကို ထွက်သွားခဲ့ပါတယ်. သူချစ်ပါတယ်ဆိုတဲ့ ဂတ်စ်ဘီရဲ့ နောက်ဆုံးခရီးကိုတောင် လာနှုတ်မဆက်တော့ဖို့ သူရွေးချယ်လိုက်တယ်.
ဂတ်စ်ဘီတစ်ယောက်ခမျာတော့ သူတရားမဝင်အလုပ်တွေ လုပ်နေမှန်း ဒေစီသိသွားရင် တစ်မျိုးမြင်သွားမှာ စိုးရိမ်ပြီး ဖွင့်မပြောနိုင်ခဲ့တဲ့ ဖုံးကွယ်မှုတွေကြောင့်ပဲ သူတို့ကြားက ယုံကြည်မှုကို အရောင်မှိန်စေခဲ့တယ်. ရုတ်တရတ်ပြန်ပေါ်လာခဲ့ပေမဲ့ အချိန်တွေ အရမ်းကြာခဲ့ပြီမို့ လုံလောက်အောင် မချည်နိုင်ခဲ့တဲ့ သံယောဇဉ်ကြိုးတွေဟာလည်း ပြတ်လွယ်ခဲ့သလိုပါပဲ. အချစ်တွေရှိခဲ့ပေမဲ့ အချစ်အပြင် လိုအပ်တဲ့ အရာလေးတွေဟာ ဂတ်စ်ဘီနဲ့ ဒေစီတို့ကြားမှာ လစ်ဟာနေခဲ့တယ်. အချစ်ဆိုတဲ့ အရာတစ်ခုတည်းက လူနှစ်ဦးအတူတူရှိဖို့အတွက် မပြည့်စုံနိုင်ခဲ့ဘူး.
အဲ့ဒါကြောင့် ဒီဇာတ်လမ်းမှာတော့ အချစ်ကြီးသူဂတ်စ်ဘီရယ် သူ့အချစ်ရယ်ဟာ အသက်နဲ့ရင်းပြီး ရှုံးသွားခဲ့တယ်...
The Great Gatsby (2013)
Keep Reading