အက္ခရာ - Haruki
ဒီနေ့မှာတော့ ကျွန်တော့်ရင်ထဲထာဝရဆွဲနေတဲ့ ဆရာတော်အရှင်စန္ဒိမာရဲ့ တန်ဖိုးရှိလှပါသော ဘဝစာစုအချို့ကို ကျွန်တော်ဆောင်းပါးအနေနဲ့ မျှဝေပေးပါမယ်ခင်ဗျာ။ ( ကျွန်တော့်ကိုရင့်ကျက်စေခဲ့တဲ့ စာစုတွေဆိုလည်း မမှားပါဘူး။ )
စာဖတ်သူလေးအနေနဲ့ စာဖတ်ရင်း တွေးတောပါ၊ ပြင်ဆင်ပါ၊ ပြုပြင်ပါခင်ဗျာ။
၁။ အတွေးတွေက အရေးကြီးသလား
* လူတိုင်း အလုပ်တစ်ခု စတင်လုပ်တဲ့အခါမှာ အတွေးကနေ စတင်လေ့ရှိတတ်ကြပါတယ်။
* အတွေးရှိမှ အလုပ်ဆိုတာရှိလာပါမယ်။ အတွေးလေးတောင်မရှိရင် အလုပ်ဆိုတာလည်းရှိမလာနိုင်ပါဘူး။
* အတွေးကောင်းမှ အလုပ်ကောင်းလာပါမယ်။ အတွေးလေးတောင် မကောင်းရင် အလုပ်ဆိုတာလည်း ကောင်းမလာနိုင်ပါဘူး။
* ပိုမိုကောင်းမွန်တဲ့ အတွေးရှိမှ ပိုမိုကောင်းမွန်တဲ့ အလုပ်ဖြစ်လာပါမယ်။ ပိုမိုကောင်းမွန်တဲ့ အတွေးလေးတောင်မရှိရင် ပိုမိုကောင်းမွန်တဲ့ အလုပ်ဆိုတာလည်း ဖြစ်မလာနိုင်ပါဘူး။
* ဒါကြောင့် တွေးပါ ၊ ကောင်းအောင်တွေးပါ၊ ပိုမိုကောင်းမွန်အောင်တွေးပါ။ အတွေးတွေက လူတိုင်းအတွက် တကယ်အရေးကြီးပါတယ်။
၂။ အတွေးနဲ့အလုပ် ညီမျှပါစေ
* တချို့က အတွေးကောင်းရှိပါတယ်၊ အလုပ်မလုပ်ပါဘူး။ တချို့က အလုပ်တော့လုပ်ပါတယ်၊အတွေးကောင်းကောင်းမရှိပါဘူး။
* အတွေးစိတ်ကူးကောင်းရှိပေမယ့် အလုပ်မလုပ်ရင် ကိုယ်လိုရာမရောက်နိုင်ပါဘူး။ အလုပ်လုပ်ပေမယ့် အတွေးစိတ်ကူးကောင်းမရှိရင်လည်း ကိုယ်လိုရာ မရောက်နိုင်ပါဘူး။
* အတွေးစိတ်ကူးကောင်းလည်းမရှိ အလုပ်လုပ်တာလည်းမရှိရင်တော့ ကိုယ်လိုရာကို ရောက်နိုင်စရာ အကြောင်းကိုမရှိတော့ပါဘူး၊
* အတွေးစိတ်ကူးကောင်းလည်းရှိ အလုပ်လုပ်တာလည်းရှိမှ ကိုယ်လိုရာ ရောက်နိုင်ပါတယ်။
* ဒါကြောင့် အတွေးစိတ်ကူးလည်း ကောင်းပါစေ၊ အလုပ်လည်းလုပ်ပါစေ၊ အတွေးနဲ့အလုပ် ညီမျှပါစေ။
၃။ မရပ်တန့်လိုက်ပါနဲ့
* ပညာသင်ယူတဲ့အခါ လေ့လာမှု ရှိဖို့လိုပါတယ်။ရပ်တန့်ပစ်လို့ မရပါဘူး။
* အလုပ်လုပ်တဲ့အခါ လေ့လာမှု ရှိဖို့လိုပါတယ်။
ရပ်တန့်ပစ်လို့ မရပါဘူး။
* ဘဝမှာ နေထိုင်ဖို့ရှင်သန်ကြိုးစားတဲ့အခါ လေ့လာမှုရှိဖို့လိုပါတယ်။ ရပ်တန့်ပစ်လို့မရပါဘူး။
* လေ့လာမှုရှိသူနဲ့ လေ့လာမှုမရှိသူ ရေရှည်မှာ ဘဝတွေခြားနားတတ်ပါတယ်။ လေ့လာမှုရှိတဲ့သူက ဘဝမှာ တိုးတက်အောင်မြင်ဖို့လွယ်ကူပါတယ်။လေ့လာမှုကို ရပ်တန့်ပစ်သူက ဘဝမှာ တိုးတက်အောင်မြင်ဖို့ ခက်ခဲပါတယ်။
* ဘယ်နေရာမှာမဆို ကိုယ့်ဘဝကို တိုးတက်အောင်မြင်ချင်ရင် လေ့လာမှုရှိဖို့ လိုပါတယ်။လေ့လာမှုကို ရပ်တန့်ပစ်လို့ လုံးဝမရပါဘူး။
* လေ့လာမှုကို ရပ်တန့်လိုက်ရင် ဘဝမှာ အရာအားလုံး ရပ်တန့်သွားပါလိမ့်မယ်။
၄။ ကိုယ့်အတွက် ကိုယ်ပဲရှိပါတယ်
* ကိုယ့်ဘဝမှာ ကျရှုံးရင် ထပ်ကာထပ်ကာ ကြိုးစားရပါမယ်။ ကိုယ့်အတွက် ကိုယ်ပဲ ကြိုးစားရပါမယ်။ ဘယ်သူမှ ကိုယ့်အတွက် ကြိုးစားပေးလို့မရပါဘူး။
* ကိုယ့်ဘဝမှာ လဲကျရင် ထပ်ကာထပ်ကာ ထရပါမယ်။ ကိုယ့်အတွက် ကိုယ်ပဲ ထရပါမယ်။ ဘယ်သူမှ ကိုယ့်အတွက် ထပေးလို့မရပါဘူး။
* ကိုယ့်ဘဝမှာ အားနည်းချက်တွေ့ရင် ထပ်ကာထပ်ကာ အားသာချက်ဖြစ်အောင် လုပ်ရပါမယ်။ ကိုယ့်အတွက် ကိုယ်ပဲ အားသာချက်ဖြစ်အောင် လုပ်ယူရပါမယ်။ ဘယ်သူမှ ကိုယ့်အတွက် အားသာချက်ဖြစ်အောင် လုပ်ပေးလို့မရပါဘူး။
* ကိုယ့်ဘဝမှာ စိတ်အားငယ်မိရင် ထပ်ကာထပ်ကာ စိတ်ခွန်အားဖြည့်ရပါမယ်။ ကိုယ့်အတွက် ကိုယ်ပဲ စိတ်ခွန်အားဖြည့်ရပါမယ်။ ဘယ်သူမှ ကိုယ့်အတွက် စိတ်ခွန်အားဖြည့်ပေးလို့မရပါဘူး။
* ကိုယ့်ဘဝမှာ လိုအပ်ချက်တွေ့ရင် ထပ်ကာထပ်ကာ ဖြည့်ဆည်းရပါမယ်။ ကိုယ့်အတွက် ကိုယ်ပဲ ဖြည့်ဆည်းရပါမယ်။ ကိုယ့်အတွက် ဘယ်သူမှ ဖြည်ဆည်းပေးလို့မရပါဘူး။
၅။ မျက်နှာမငယ်ရအောင် ကြိုးစားထားပါ
* ဘဝမှာ ပညာမတတ်ရင် လူ့ဘုံအလယ်မှာ ကိုယ်ပဲ မျက်နှာငယ်ရတတ်ပါတယ်။ မျက်နှာမငယ်ရအောင် ပညာသင်ယူတဲ့အချိန်မှာ ကြိုးစားကာ ပညာကို ဂရုတစိုက် သင်ယူလေ့လာပါ။
* ဘဝမှာ စီးပွားဥစ္စာ မပြည့်စုံရင် လူ့ဘုံအလယ်မှာ ကိုယ်ပဲ မျက်နှာငယ်ရတတ်ပါတယ်။ မျက်နှာမငယ်ရအောင် စီးပွားဥစ္စာရှာတဲ့အချိန်မှာ စီးပွားဥစ္စာကို ကြိုးစားကာ ဂရုတစိုက် ရှာဖွေစုဆောင်းပါ။
* ဘဝမှာ ကိုယ်ကျင့်သီလမကောင်းရင် လူ့ဘုံအလယ်မှာ ကိုယ်ပဲ မျက်နှာငယ်ရတတ်ပါတယ်။ မျက်နှာမငယ်ရအောင် အသက်ရှင်သန်နေတဲ့အချိန်တိုင်းမှာ ကြိုးစားကာ ကိုယ်ကျင့်သီလကို ဂရုတစိုက် စောင့်ထိန်းပါ။
၆။ အခက်အခဲဆိုတာ လူတိုင်းမှာရှိပါတယ်
* အခက်အခဲဆိုတာ လူတိုင်းမှာရှိပါတယ်။ ဒီအခက်အခဲတွေကပဲ ကိုယ့်ဘဝကို ခိုင်မာအောင် ရင့်ကျက်လာအောင် လုပ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အခက်အခဲတွေဟာ များများရှိတာနဲ့ နည်းနည်းရှိတာ၊ ဖွင့်ပြောပြဖြစ်တာနဲ့ မပြောပြဖြစ်တာလောက်သာ ကွာခြားမှုတွေရှိပါတယ်။
* ကိုယ်တစ်ယောက်တည်းပဲ ဒီအခက်ခဲတွေကို ခံစားရတယ်လို့တော့ မတွေးမိပါစေနဲ့။
* ကိုယ့်မှာ အခက်အခဲရှိသလို သူ့မှာလည်း အခက်အခဲရှိပါတယ်။
* ကိုယ့်မိသားစု ကိုယ့်နေရာ ကိုယ့်ပတ်ဝန်းကျင်မှာ အခက်အခဲရှိသလို သူ့မိသားစု သူ့နေရာ သူ့ပတ်ဝန်းကျင်မှာလည်း အခက်အခဲရှိပါတယ်။
* ကိုယ့်အလုပ်မှာ အခက်အခဲရှိသလို သူ့အလုပ်မှာလည်း အခက်အခဲရှိပါတယ်။
* ကိုယ့်မှာ ဖိနပ်မရှိတာကို အခက်အခဲလို့ ခံစားနေရရင် ခြေထောက်တောင် မရှိတော့တဲ့သူကို မြင်ယောင်ပေးပါ။
* ကိုယ့်ထက်ပိုပြီးတော့တောင် အခက်အခဲရှိတဲ့သူ၊ အခက်ခဲတွေ့နေသူ၊ အခက်အခဲဒဏ်ကို ခံစားနေရသူတွေ လောကကြီးမှာ အများကြီးရှိသေးတယ်ဆိုတာကို တွေးကြည့်ရင်း အခက်အခဲကို ပယ်ဖျောက်ပေးပါ။
အပိုင်း ၂ ၊ ၃၊ ၄.... တွေကို ကျွန်တော်ပြန်လည် တွေးတောပြီး ဆက်လက်ရေးသားမျှဝေပေးသွားပါ့မယ်ခင်ဗျာ။
မိမိကိုယ်ကို ပြုပြင်နိုင်ပါစေနော်။
ᏂᏗᏒᏬᏦᎥ ( 6 April,2024 . 7:12 PM )
Keep Reading