Author's Profile Photo

Youth’s Book Reflections

31/05/2025

ရိုးမတိုက်ပွဲ-ဗန်းမော်တင်အောင်🏹

1 min read
Book Review
General Knowledge
History
ရိုးမတိုက်ပွဲ-ဗန်းမော်တင်အောင်🏹's photo

“ဓားမိုးပြီး ကျွန်ပြုထားတဲ့ကိစ္စကို ဓားဆွဲပြီး ပြန်လှန်ခုခံရမှာကို ကြောက်စရာလို့ ထင်နေရင်လည်း ဒီလူမျိုးဟာ ကျွန်ဘဝနဲ့ပဲ ထိုက်တန် တယ်လို့ ရာဇဝင်က အဆုံးအဖြတ်ပေးပါလိမ့်မယ်”

~pg.77,ရိုးမတိုက်ပွဲ-ဗန်းမော်တင်အောင်



“ဘယ်တိုင်းပြည်နဲ့ ဘယ်လူမျိုးကော လွတ်လပ်ရေးကို သွေး မထွက် သံမယိုဘဲနဲ့ ရဖူးတယ်လို့ ရဲဘော် ကြားဖူးသလဲဟင်”

~pg.34,ရိုးမတိုက်ပွဲ-ဗန်းမော်တင်အောင်

ဆရာဗန်းမော်တင်အောင်ကို အများစုက မြိုင် နဲ့ပတ်သက်ပြီးသိကြတာများတယ်။ဒီစာအုပ်ကတော့ ဆရာ့လက်ရာတွေထဲက အနှစ်ပဲ။ဖတ်ကြည့်စေချင်တယ်။နောက်ခံကတော့ ပဲခူးရိုးမဖြစ်ပါတယ်။

မြန်ပြည်တစ်ဝှမ်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားတွေရဲ့ အရေးကြီးလာတော့ သွေးစည်းလာကြပုံကို ကြည်နူးစရာမြင်ရတယ်။ဗြိတိသျှအဆုတ် ဂျပန်အဝင် မှာ ပဲခူးရိုးမကရွာကလေးတစ်ရွာ။ထိုရွာထဲက လူတွေရဲ့စရိုက်။ဝတ္ထုက ပါးပါးလေးပေမယ့် ဇာတ်ကောင်တွေရဲ့ စရိုက်တွေကို ဖွဲ့ထားတာ အလွန်လှတယ်။

“အောင်ဆန်း မင်းပင့်လာတဲ့ ဘုရားတွေ မင်းပြန်ပို့” ဆိုပြီးသခင်ကိုယ်တော်မှိုင်းကဆိုခဲ့ဖူးတယ်။ မြန်မာပြည်သူ/သားတွေ ကျောကော့နေအောင်ခံခဲ့ရတဲ့ နယ်ချဲ့တွေ၊ဖက်ဆစ်တွေရဲ့ဒဏ်တွေကတော့ ဖတ်ရင်းနဲ့ ရင်ထဲအတော်မကောင်းဖြစ်ရတယ်။လွန်လေပြီးသော အတိတ်ကဖြစ်ရပ်တွေဆိုပေမယ့် ယခုခံစားရသလို ခံရခက်လှပါတယ်။စစ်ဆိုသည်မှာကား အနိဋ္ဌာရုံနဲ့မကင်းနိုင်ပါလား။ စစ်ဦးဘီလူးပါတယ်ပဲပြောပြော စစ်ဖြစ်လျှင် ဘဝအနာဆုံးက မြေစာပင်တွေများသာဖြစ်ကြပါတယ်။

လမ်းပန်းဆက်သွယ်ရေးက ကဏ္ဍအသီးသီးမှာ အဆုံးအဖြတ်ပေးနိုင်လောက်အောင် တာသွားပါတယ်။စစ်ရေးမှာလည်း လမ်းပန်းဆက်သွယ်ရေးက အချက်အချာကျသလို စီးပွါးရေး၊လူမှုရေး၊နိုင်ငံရေး စသဖြင့် သမိုင်းစာမျက်နှာအသီးသီးကို အရောင်တင်ပေးပါတယ်။

တော်လှန်ရေးရဲဘော်တစ်ယောက်ရဲ့ စိတ်ဓာတ်အကြောင်းနဲ့ပတ်သက်ရင်တော့ သင်တိုင်းဝတ် တောင်ပေါ်ကရင်များနဲ့ မျိုးချစ်စိတ်ထက်သန်ကြတဲ့ မထင်မရှားအမျိုးကောင်းသားများက သက်6သသာဓက ပြပါလိမ့်မယ်။နေရာတကာမှာ ကမူးရှူးထိုးလုပ်ရဲတာကို သတ္တိလို့မခေါ်ဘဲ လက်ရုံးရည်၊နှလုံးရည် နဲ့ ပြည့်ဝသူတွေကသာ စစ်မှန်သော သူရဲကောင်းများဖြစ်ကြပါတယ်။အင်အားနည်းခြင်း၊များခြင်းက တိုက်ပွဲတစ်ပွဲမှာ အဓိကမကျ ထို့ထက်ပို အဓိကကျသော အစိတ်အပိုင်းများလည်းရှိသေးကြောင်း….

ဒီဝတ္ထုနဲ့ပတ်သက်ပြီး သတိထားမိတဲ့အချက်က ဣတ္ထိယတွေ သိပ်မပါဘဲ ဇာတ်ကိုဆွဲဆောင်ထားနိုင်တာပဲ။တကယ့်တကယ်တမ်းတော့လည်း စစ်မြေပြင်
ဆိုသည်က အဖွင့်မှ အစ အလယ် အဆုံး ရက်စက်ကြမ်းကြုတ်ကာ စွန့်စွန့်စားစား လုပ်တတ်ကြသော ယောက်ျားသားတို့နဲ့မှ ကိုက်မည်မဟုတ်ပါလား။

တောင်ပေါ်ကရင်ရွာက ဖထီးကြီးရဲ့ အရိုးခံစိတ်ဓာတ်ကိုဖတ်ရတဲ့အခါ၊ ကျွန်သဘောက်ဘဝမှာငုံ့မခံကြဘဲ သတ္တိရှိရှိတော်လှန်ခဲ့ကြတဲ့ သတ္တိနှင့်စွမ်းရည်တွေကို မြင်တွေ့ရတဲ့အခါ၊ ဂျပန်တွေ၊အလိုတော်ရိတွေရဲ့ အော့နှလုံးနာစရာတွေ ဖတ်မိတဲ့အခါမှာ ဒီစာအုပ်ရဲ့ရသနဲ့သုတကို ကျေကျေနပ်နပ်ကြီးလက်ခံယူနိုင်ကြမှာပါ။

ထိုကာလက ရိုးမ’တောင်ပေါ်သားတို့၏ တောင်ယာလုပ်ငန်း၊ စီးပွားရေးအခြေအနေ၊ ဖက်ဆစ်ဆန့်ကျင်ရေး စိတ်ဓာတ်ရင့်သန်လာပုံကို ပေါ်လွင်ပီသစေရုံမက’ စာဖတ်သူတို့ကို ဆွဲဆောင်ထားနိုင်သည်မှာလည်း ဒီဝတ္ထု၏ ပြောင်မြောက်သည့်အတတ်ပင်။

“လက်နက်ကိုင်လာသော ဓားပြကို ဘယ် တုန်းကမျှ တောင်းပန်၍ သော်လည်းကောင်း၊ အသားနာခံ၍ သော်လည်း ကောင်း၊ မျက်ရည်ခံထိုး၍ သော်လည်းကောင်း ရခဲ့ဖူးသည် မရှိချေ။ လက်နက်နှင့် လုယက် တိုက်ခိုက်ရန်လာသော လူဆိုးနှင့် ဓားပြတို့ကို ၎င်းတို့နည်းတူ လက်နက်နှင့် ပြန်လည် ခုခံတိုက်ခိုက်မှသာ ထိုလူမိုက် သည် နားလည်တတ်ကြပေသည်။”

~pg.41,ရိုးမတိုက်ပွဲ-ဗန်းမော်တင်အောင်

“အရေးအသား ရှင်းပြတ်သည်။ ပေါ်လွင်ထိရောက်သည်။ ဆွဲဆောင်စွမ်းရှိသည်။ ထို့ပြင် နှစ်လိုဖွယ်ရာသော အမျိုးသမီးကောင်းများလည်း မပါရှိ။”

~မလိခအညွှန်း

အညွှန်းလည်းအတော်ရှည်သွားပါပြီ။အဆုံးထိ ဖတ်ပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

#bookreview #ဗန်းမော်တင်အောင်
#Youths_book_reflections #ရိုးမတိုက်ပွဲ
#စာအုပ်အညွှန်း

Keep Reading

အချိန်ဆွဲတဲ့အကျင့်ဆိုးညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးလိုမှသုံးပါမေတ္တာမဏ္ဍိုင်အင်တာနက်နဲ့ လူနေမှုဘဝ စိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်ပေးဆပ်သူရဲ့ နှလုံးသားဝိညာဉ်ကော်ဖီတမ်းချင်းဟိုလိုလို ဒီလိုလို ဝေလည်လည်