Noble
ဟိုနေ့က facebook မှာ ကိုရီးယားမင်းသား Rain ရဲ့ အင်တာဗျုးတစ်ခု ကြည့်လိုက်ရတယ်
ဖြတ်ခနဲ ကြည့်လိုက်ရတာမို့လို့ အသေးစိတ်တော့ မမှတ်မိပေမယ့် သူပြောသွားတာလေး တစ်ခုက စိတ်ထဲမှာ စွဲပြီးကျန်ခဲ့တယ်
အိမ်တစ်အိမ်မှာ အပင်ပန်းဆုံးလူက အမေတဲ့…
ဒီ အမေတွေရဲ့ စိတ်ပင်ပန်းမှု၊ ခံနိုင်ရည် ရှိမှုတွေကို နောက်ကွယ်ကနေ ထောက်ပံ့ပေးနေတဲ့ လူကတော့ ‘အဖေ’ ပါပဲ တဲ့….ဘာလို့လဲ?
မိသားစု တစ်စုမှာ သားသမီး မွေးလာရင် အမေလုပ်တဲ့သူကပဲ ပြုစုပျိုးထောင်ရမယ် လို့ ယူဆကြတယ်။ ကလေးတွေကလည်း သူတို့ရဲ့ ကိစ္စ အဝဝ အတွက် အမေကိုပဲ ရှာကြ တောင်းဆိုကြတယ်တဲ့၊ ဒီတော့ အမေက အပင်ပန်းဆုံးပဲ…. ဒါပေမယ့် အမေ့ကို စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုတွေပေးနေတာက အဖေ ဖြစ်လို့ အဖေ့ရဲ့ ပင်ပန်းမှုတွေကိုလည်း လျစ်လျူမရှုသင့်ဘူးပေါ့
သူပြောတာ နားထောင်ရင်းနဲ့ ကျွန်မ အတွေးထဲမှာ ပေါ်လာတာက Norms လို့ ခေါ်တဲ့ လူအများစု လက်ခံထားကြတဲ့ စံသတ်မှတ်ချက်တွေ အကြောင်းပေါ့
ယောက်ျားဆိုတာ အိမ်တစ်အိမ်မှာ မြင့်မြတ်တဲ့ လူသား ဖြစ်လို့ လို့ အိမ်ထောင်ဦးစီး၊ အိမ်တွင်းနတ် စသဖြင့် တင်စားပြီး ခေါ်ဝေါ်ကြသလို မိန်းမတွေကလည်း ယောကျာ်း တွေကို ပါရမီ ဖြည့်ရင်း နေကြရတဲ့ ပုခက်လွှဲတဲ့လက်ပိုင်ရှင်တွေ တနည်းအားဖြင့် ကလေးတွေကို ပြုစုပျိုးထောင်ဖို့နဲ့ လင်သားရဲ့ ဆန္ဒကို ဖြည့်ဆည်းရတဲ့ မိခင်စိတ်ပြည့်ဝသူတွေလို့ ကျွန်မတို့ရဲ့ အစဥ်အလာအရ လက်ခံလာကြတာပါ။
ဒီ စံသတ်မှတ်ချက်တွေကပဲ ကျွန်မတို့ရဲ့ စိတ်ခံစားချက်နဲ့ မိသားစုကြား မေတ္တာတွေကို ဒီရေလို တိုက်စားနေတယ်ဆိုတာ ငြင်းဖွယ်ရာ မရှိပါဘူး…
တချို့ယောက်ျားတွေ ကျွန်မ မြင်ဖူးတယ် …
ကလေး ဝေယျာဝစ္စ လုပ်ရမယ်ဆိုလည်း အမေရှိနေတာပဲ.. အမေလုပ်ပေးလိမ့်မယ် … ငါက ငွေရှာနေတာပဲ
ကလေး တစ်ခုခု ထိခိုက်မိရင်လည်း နင်က အမေလေ ….ဒါလေးတောင် မကာကွယ်နိုင်ဘူးလား
ဆိုတဲ့ စကားလုံးတွေနဲ့ စိတ်ပိုင်းဆိုင်ရာအားဖြင့် ဖိအားပေးတာတွေ ရှိကြပါတယ်။
ဒါဟာ စံသတ်မှတ်ချက်တွေကို ဦးစားပေးမိရာကနေ ကိုယ့်ရဲ့ ဇနီးမယားအပေါ် စိတ်ပျက်အားငယ်အောင် လုပ်မိနေတာ ဖြစ်ပါတယ်။ ဒါက မုန်းလို့လည်း မဟုတ်ဘူး၊ တန်ဖိုးမထားလို့လည်း မဟုတ်ဘူး၊ စံသတ်မှတ်ချက် တချို့ရဲ့ ထိန်းချုပ်မှုကို မသိစိတ်ကနေ ခံနေရတာ ဖြစ်ပါတယ်။
ဒီလိုပဲ တချို့ အမျိုးသမီးတွေကျတော့လည်း မိသားစုမှာ ငွေလိုအပ်တဲ့ အခါ၊ ငွေကြေးဆိုင်ရာ ချို့တဲ့တဲ့အခါ အိမ်ထောင်ဦးစီးဖြစ်တဲ့ အမျိုးသားဖြစ်သူကို အပြစ်တင်ပြောဆိုတာတွေ၊ အခြေအနေ တခုခုကြောင့် ငွေမရှာနိုင်တဲ့အခါ အမျိုးသားဖြစ်သူကို စကားနဲ့ တမျိုး အပြုအမူနဲ့ တဖုံ စောင်းမြောင်း ပြောဆိုပြီး ရန်ရှာတာတွေ ရှိတတ်ကြပါတယ်။
တချို့ကံကောင်းတယ်လို့ လူအများအားကျရတဲ့ ဇနီးမောင်နှံတွေလည်း ရှိနေပြန်တယ် ၊ အထူးသဖြင့် အပြန်အလှန် Supportive ဖြစ်ကြတဲ့ သူတွေပေါ့။
အမျိုးသားကလည်း ငွေရှာတဲ့အလုပ်အပြင် ကိုယ့်ဇနီးမယားကို ကျေးဇူးတင်စိတ်တွေနဲ့ ရသလောက် အချိန်လေးမှာ ကလေးကိစ္စလေးတွေ တက်တက်ကြွကြွ ဝင်လုပ်ပေးတတ်ကြတယ်၊ တတ်နိုင်သလောက် ကိုယ့်အမျိုးသမီးရဲ့ လုပ်ဆောင်မှုတွေကို အသိအမှတ်ပြုပြီး စိတ်ပိုင်းဆိုင်ရာ အားပေးတယ်၊ အမျိုးသမီးလေးတွေ ကလေးတဖက်နဲ့ အလုပ်လုပ်ချင်စိတ် ရှိတဲ့အခါ တတ်နိုင်သလောက် အားပေးကူညီကြတယ်၊ လူတောတိုးရဲအောင် ဖေးမပေးပြီး စံသတ်မှတ်ချက်တွေရဲ့ အဝေးကနေ ဇနီးမယားကို မေတ္တာထား ကြင်နာတတ်ကြတယ်။
အမျိုးသမီးကလည်း အမျိုးသား ငွေရှာနိုင်တဲ့ အချိန်မှာရော ငွေရှာဖို့ အခွင့်မသာတဲ့ အချိန်မှာပါ အတူ ရုန်းကန် ဖေးမပေးတယ်၊ အပြစ်တင်စိတ် တွေနဲ့ ထမ်းထားတဲ့ ပုခုံးတွေ ဝန်ပေ့ါအောင် တတ်နိုင်သလောက် ကူညီပေးတယ်၊ စိတ်ပိုင်းဆိုင်ရာ ဖေးမမှုတွေပေးတာလည်း ရှိကြပါတယ်။
ဒီလို ဇနီးမောင်နှံတွေက တဦးလိုအပ်တဲ့ စိတ်ခွန်အားတွေကို တစ်ဦး ဆီက အပြည့်အဝ ရနိုင်တာကြောင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု အပြည့်အဝ ရသလို မိသားစုကို ပိုပြီး အချိန်ပေး ဂရုစိုက်ဖြစ်တယ်။ အိမ်ထောင်ရေးမှာလည်း ပိုပျော်ရွှင်ရသလို မိသားစု ဘဝကို ထူထောင်ရာမှာလည်း ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုရှိကြတာလည်း ပြောရမလားပဲ။
ဒီတော့ စံသတ်မှတ်ချက်တွေကို ထားခဲ့ပါ…
လူတိုင်းမှာ မတူညီတဲ့ အနေအထား၊ ကံကြမ္မာတွေရှိသလို ဒီအခြေအနေတွေအရ ဇနီးမောင်နှံတွေရဲ့ တာဝန်ယူမှုတွေက ကွဲပြားနေကြပါတယ်။ အကြောင်းကြောင်းကြောင့် ယောက်ျားတွေနဲ့ ရင်ဘောင်တန်းပြီး အလုပ်လုပ်နေကြတဲ့ အမျိုးသမီးတွေ ရှိသလို အိမ်မှုကိစ္စတွေနဲ့ သားသမီးကိစ္စတွေကို ပျော်ပျော်ပါးပါး လုပ်ရင်းနဲ့ မိသားစုကို ဖြည့်ဆည်းနေကြတဲ့ အမျိုးသားတွေလည်း ရှိကြတာပါပဲ…
အရေးကြီးဆုံးက မိသားစုရဲ့ စိတ်ပိုင်းဆိုင်ရာ ခွန်အားတွေကို အပြန်အလှန် ဖြည့်ဆည်းနိုင်ပြီး နေ့ရက်တွေကို ရှေ့ဆက်နိုင်ဖို့ကသာ အဓိကလို့ ကျွန်မကတော့ ယူဆမိပါကြောင်း….
Noble
(18.5.2025)
#Noble’sWellnessCorner
#SocialNorms
#စံသတ်မှတ်ချက်တွေကအချစ်ပေါ့စေသလား?
#Sharing
Keep Reading