Author's Profile Photo

Whisper of Words

8/05/2025

မြကတ္တီပါလမ်း (Book review)

1 min read
Book Review
Novel
မြကတ္တီပါလမ်း (Book review)'s photo

၁၈ရာစုအစတွေပေါ့။ အမေရိကန်ဟာ ကျွန်စနစ်ကိုလိုလားတဲ့ တောင်ပိုင်းဒေသနဲ့ ကျွန်စနစ်ကိုမနှစ်မြို့တဲ့ မြောက်ပိုင်းဒေသကြား ဗျာများနေရတယ်။ ဒီဒေသနှစ်ခု စစ်မဖြစ်ရလေအောင် မစ္စစပီမြစ်ကြီးက ခြားထားလေရဲ့။

ဒီကာလမှာမှ လူလားမြောက်လာတဲ့ အမျိုးသမီးလေးနှစ်ယောက်.....။
တစ်ယောက်က ကိုရီမေအပ္ပဂျွန်း။ ဆိပ်ကမ်းမြို့ကလေးက သူလိုကိုယ်လို သာမန်ဆင်းရဲတဲ့မိန်းကလေးပေါ့။ သူ့မှာ အခြားသူတွေနဲ့မတူတဲ့အရာတစ်ခုရှိတယ်။ ချမ်းသာချင်တဲ့စိတ်။ (အောင်မြင်ချင်တာမဟုတ်ဘူးနော်—ချမ်းသာချင်တာပဲ။)

ဒါပေမဲ့ သူ့ဘဝက ချမ်းသာနိုင်မယ့် အခွင့်အလမ်းနဲ့တော့ ဝေးလှတယ်။ အဖေက အရပ်အမြို့မှာ တရားပတ်ဟောနေသူ၊ အမေက မီးဖိုချောင်က မထွက်ရတဲ့ အိမ်ရှင်မ၊ အစ်ကိုနှစ်ယောက်ကလည်း မိသားစုတစ်စုကိုစားဝတ်နေဖို့ ရုန်းကန်နေရသူတွေ။ ဒီလိုမိသားစုအခြေအနေကြားမှာ ကိုရီမေဟာ မိမိကိုတစ်ဖက်သက် ချစ်မြတ်နိုးနေတဲ့ ဘတ်ခ်ျဆိုသူလေးကိုလည်းတွေ့ခဲ့တယ်။

ဒီအချိန်မှာပဲ ကိုရီမေရဲ့မိသားစုကလေး ယိုင်နဲ့မသွားအောင် ထောက်ကန်ပေးထားတဲ့ အစ်ကိုနှစ်ယောက် ငှက်ဖျားမိပြီး သေဆုံးသွားတော့တယ်။ အစ်ကိုတွေရဲ့ အလုပ်ရှင်ကတော့ ရှာရမီမိသားစုပေါ့။ အစ်ကိုတွေရဲ့သေဆုံးမှုအတွက် အသက်အာမခံကြေးကို ဒေါ်လာတစ်ရာတိတိပေးခဲ့ပေမယ့် တဖက်ကပြန်လှည့်စဉ်းစားကြည့်ရင် ရှာရမီမိသားစုဟာ ဒေါ်လာရာပေါင်းများစွာ ပေးဝယ်ရတဲ့ လူမည်းကျွန်တွေကိုမသုံးဘဲ ဈေးနည်းတဲ့ လူဖြူဆင်းရဲသားတွေကို အသုံးချခိုင်းစားတာမျိုးဖြစ်တယ်။ နဂိုကတည်းက ချမ်းသာချင်နေတဲ့ ကိုရီမေတစ်ယောက် ဒါကိုသိသွားခဲ့တဲ့အခါမှာတော့ ဆင်းရဲတဲ့ဘဝကို ပိုလို့တောင်စိတ်နာသွားပြီး ဘတ်ခ်ျရဲ့ လက်ထပ်ခွင့်ကိုပါ ငြင်းဆိုရင်း ကိုယ့်ဒူးကိုယ်ချွန်ဖို့ ကြိုးစားတော့တယ်....။

နောက်ထပ်အမျိုးသမီးလေးတစ်ယောက်ကတော့ အန်းရှာရမီပေါ့။ ရွှေဘုံပေါ်မှာစံရင်း လိုတိုင်းတ တ,တိုင်းရနိုင်တဲ့ မင်းသမီးလေးလိုအလှတရားနဲ့သူလေး။ အန်းရှရမီလို အဘက်ဘက်က ပြည့်စုံတဲ့ မင်းသမီးလေးရဲ့အချစ်ကို ကံထူးသွားတဲ့သူကတော့ လန်းမိသားစုက ဒေဗစ်တဲ့။

ဒီအချိန်မှာတော့ ကိုရီမေဟာ အန်းမိသားစုရဲ့ အဝတ်အထည်တွေကို ဖာထေးပေးရတဲ့ အပ်ချုပ်သမလေးဖြစ်နေပြီ။ မြောက်ပိုင်းဟာ ခွဲထွက်ရေးအတွက် တာစူနေတဲ့ကာလပေါ့။ တောင်ပိုင်းရဲ့လူတိုင်းက စစ်ချီသီချင်းတွေဆိုရင်း လက်နက်တွေပြင်ရင်း ယန်ကီးတွေကို ဖမ်းမယ်လို့တာစူနေကြတယ်။ ဒါပေမယ့် သူတို့မသိတာက ဒီတိုက်ပွဲဟာ နိုင်ငံကို ကာကွယ်ဖို့ တိုက်ရတဲ့ တိုက်ပွဲမဟုတ်ဘဲ အရင်းရှင်တွေကို ကာကွယ်ဖို့ တိုက်ခိုက်ရတဲ့ တိုက်ပွဲပါပဲ။ အကယ်၍ မြောက်ပိုင်းသာ စစ်နိုင်ခဲ့ရင် ကျွန်စနစ်ပျက်စီးသွားမှာဖြစ်ပြီး တောင်ပိုင်းသာ နိုင်မယ်ဆိုရင်တော့ ယန်ကီးတွေဟာ ကျွန်တွေအဖြစ်နဲ့ ဆက်နေသွားရမှာဖြစ်တယ်။ ဒီမှာတော့ မစ္စစပီမြစ်ကြီးကလည်း စစ်မဖြစ်အောင် မတားဆီးနိုင်တော့ဘူးထင်ပါရဲ့။

စစ်ကာလဟာ ကိုရီမေအတွက်ရော အန်းအတွက်ရော အချိုးအကွေ့တွေများတဲ့ကာလပါပဲ။ ကိုရီမေရဲ့ အဖေကလည်း စစ်ထဲမှာပဲ ပျောက်ဆုံးသွားခဲ့သလို အန်းရဲ့လင်တော်မောင်ကလည်း စစ်စခန်းမှာပဲ ကျဆုံးသွားလေရဲ့။

စစ်ပြီးစအချိန်‌တွေမှာ အန်းတို့လို စစ်ကိုစတင်ခဲ့တဲ့ မြေရှင်အရင်းရှင်တွေဟာ စစ်ရဲ့ဆိုးကျိုးကို အတိုးနဲ့ပါခံစားနေရပြီ။ အဆမတန်များလွန်းတဲ့ အခွန်တွေကို အန်းတယောက်ခါးစီးခံနေတဲါအချိန် ကိုရီမေကတော့ တရားသူကြီးနဲ့ပေါင်းပြီး လူဆိုးမကြီးဖြစ်နေလေရဲ့....။

ဒီစာအုပ်ကိုတော့ နွေကန္တာဖတ်ပြီးမှသာ ဖတ်စေချင်ပါတယ်။ ‌နွေကန္တာ၊ မြကတ္တီပါလမ်း၊ မဟာရံတံတိုင်းဆိုတဲ့ သုံးအုပ်က တစ်အုပ်နဲ့တစ်အုပ် အချိတ်အဆက်ရှိတဲ့အပြင် တအုပ်တည်းဖတ်လည်း အဆင်ပြေတဲ့သုံးပုဒ်ပါပဲ။ ၁၈ရာစုရဲ့ နေထိုင်မှုပုံစံ၊ လူမှုရေး၊ နိုင်ငရေး၊ စီးပွားရေး အားလုံးကိုမြင်တွေ့ရမှာဖြစ်ပြီး အမျိုးသမီးနှစ်ယောက်ရဲ့ ပက်သတ်မှုတွေ၊ တော်စပ်ပုံတွေတွေးရင်း ဘဝအလှည့်အပြောင်း အချိုးအကွေးတွေကိုပါ စိတ်ဝင်တစားဖတ်ရှုရမှာဖြစ်လို့ recommend လိုက်ပါရစေရှင်။

-မြကတ္တီပါလမ်း
-တင်မောင်မြင့်
#Review_by_NuNu

Keep Reading

တဇောက်ကန်းသမားဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်သုံး (၆-၁၀) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) ဆာကူရာထက် လှပါစေဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၁၅-၂၅) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၂၆-၃၂) မွှေး-ခင်နှင်းယုညဘက်ဆိုအိမ်မပျော်ဘူးလား? ဒါမှမဟုတ် အိပ်ရေးဝတယ်လို့ မခံစားရဘူးလား? 🤔ဘယ်သူလာကူပါ့မယ်မြကတ္တီပါလမ်း (Book review)