Youth’s Book Reflections
“အသက်ရှင်နေသေးသရွေ့တော့ လူ့လောက တွင် အများကြီး အလုပ် လုပ်နိုင်သေးသည်။ တန်ဖိုးရှိသေးသည် မဟုတ်ပါလား။”
~Pg.201
“သူများ မိန်းကလေးဘဝကို စကြတယ် ဆိုတာက သုညက စရတာ။ မွှေးက သုညမှာ နောက် အနုတ်လက္ခဏာ ပါသေးတယ်”
~Pg.97
“ဒါပေမင့် သမီး... ဘဝဆိုတာ ဒီလိုပဲ။ ကံ၊ ကံ၏အကျိုးတရား၊ အကြောင်းတရား ဆိုတာကတော့ ဘယ်သူမှ မလွန်ဆန်နိုင်ဘူး။ ဆင်းရဲတာဟာ အပြစ် မဟုတ်ပါဘူး။ တစ်ခုပဲ၊ ဘယ်လိုပဲ ဆင်းရဲပေမယ့် ကိုယ်ကျင့်တရား မပျက်ဘဲ ကြံ့ကြံ့ခံနိုင်ဖို့တော့ သမီး သတ္တိရှိရလိမ့်မယ်။”
~Pg.79
မွှေးဘာကြောင့် နာမည်ကြီးရသလဲလို့ အဖြေရှာကြည့်တဲ့အခါ ကျွန်တော့်အမြင်အရတော့ မိန်းမတို့ရဲ့အခန်းကဏ္ဍကို ကွက်ကွက်ကွင်းကွင်း သရုပ်ဖော်နိုင်စွမ်းအားပဲ။
‘မွှေး’ထဲမှာ ယောက်ျားသုံးယောက်ကိုတွေ့ရတယ်။ ချစ်တတ်ကြတာချည်းပဲ။အချစ်တွေချင်းတော့မတူကြဘူး။တစ်ယောက်က အဆင်မပြေချိန်မှာ ကိုယ်လွတ်ရုန်းတဲ့လူမျိုး၊ တစ်ယောက်က ကိုယ်ဖန်တီးတဲ့ပုံစံခွက်အတိုင်းရှိနေစေချင်တဲ့ပုံစံ၊နောက်တစ်ယောက်ကတော့ အတွေးအရမ်းများလွန်းတယ်။
မွှေးကိုဖတ်ရင် အလွမ်းအဆွေးပျော်စရာရသအပြင် စိတ်ဝင်စားဖို့ကောင်းတာက မွှေးရဲ့ ဘဝနဲ့ရင်းတဲ့နှလုံးသားဆုံးဖြတ်ချက်တွေကို မျှဝေခံစားကြည့်ရတာလို့ မြင်မိတယ်ဗျ။နှလုံးသားကိုဦးစားပေးတဲ့အရွယ်မှာ မွှေးဟာ အမျိုးအဆွေရော မိဘကိုပါ ပမာမမှုဘဲ စွန့်စားချစ်တယ်။ မရဲတရဲ အချစ်မှာလတ်ဆတ်မှုနဲ့ ထက်သန်ပြင်းပြမှုကို ကျွန်တော်တို့အတူ လိုက်ခံစားမိကြတယ်။နောက်တစ်ယောက်မှာ အရွယ်နဲ့မလိုက်အောင် ရင့်ကျက်ထားရတဲ့ စိတ်ကလေးနဲ့ အနာကောင်းကောင်းမကျက်သေးတဲ့နှလုံးသားပိုင်ရှင် မွှေးကိုတွေ့ရတယ်။ စာအုပ်ရဲ့အဆုံးက မွှေးကတော့ လောကဓံလှိုင်းပုတ်ဒဏ်တွေကို ဂရုမထားတဲ့ သင်္ဘောတစ်စင်းလို သူ့လမ်းကိုပဲသူရွေ့နေတဲ့ခံစားချက်မျိုးရတယ်။
ပြီးရင်တော့ ဒီတစ်အုပ်လုံးမှာ အဆိုးရွားဆုံး ကာလတွေဖန်တီးတဲ့ မပါမဖြစ်လက်သည် အဆုတ်နာရောဂါ(သို့မဟုတ်) တီဘီရောဂါ။ မွှေးကတော့ လူစဉ်မမီတဲ့ရောဂါလို့တံဆိပ်ကပ်လိုက်တယ်။ သူ့မိခင် သူ့အစ်မ သူချစ်ရသူတွေကို ရှင်ကွဲရောသေကွဲပါ ကွဲစေတဲ့ဘီလူးသဘက်ကို သူစွမ်းသမျှ ကြိုးစားတိုက်ထုတ်ပစ်ချင်နေတာ မဆန်းပါဘူး။(အခုအခါ ကုသလို့လွယ်ကောင်းလွယ်နေပါလိမ့်မယ်။သို့သော်သူ့ခေတ်သူ့ခါ မွှေးကြုံခဲ့ရတဲ့အခြေအနေနဲ့ ခေတ်ကာလများမှာတော့ ခက်ခဲပင်ပန်းခဲ့ရတာတွေကိုတော့ ခံစားကြည့်စေချင်ပါတယ်။)
မွှေးကိုဖတ်ရတဲ့အခါ ဝါးခယ်မမြို့ပြင်လယ်ကွင်းထဲက အသားညိုညိုကလေးမလေးတစ်ယောက်ရဲ့ ငယ်ဘဝမှာ အပူအပင်ကင်းမှုနဲ့ဖြူစင်မှု၊စစ်ငွေ့စစ်ရိပ်က ဝါးခယ်မဒေသကိုပါ အဖျားခတ်သွားတဲ့နောက်တော့ သူတို့တွေရဲ့ကြမ္မာအလှည့်အပြောင်း၊ဘဝပေးအခြေအနေအရ ရန်ကုန်ကိုပြောင်းလာရတဲ့မိန်းမပျိုလေးတစ်ယောက်ရဲ့ အခက်အခဲစိန်ခေါ်မှုတွေရင်ဆိုင်ရပုံတွေ၊ဇနီးဘဝမှာကျင်လည်ရင်း လောကဓံအထုအထောင်းကို အံတုရင်ဆိုင်ခဲ့ပုံတွေက ‘မွှေး’စာအုပ်သတင်းကို မွှေးစေခဲ့သလိုပဲ၊ ‘မွှေး’မေမေ ကြီးကြီးတင် အခန်းကဏ္ဍကလည်း အံဩလေးစားစရာ..။မွှေးကတော့ ကိုကိုနိုင် ပြောသလိုပင် ဘောင်းဘီဝတ်ပြီး သေနတ် မကိုင်တာဘဲ ကွာမယ် တကယ့်အာဂ ‘မွှေး’။အချစ်ရေး၊လူမှုရေးနဲ့ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ ‘မွှေး’ရဲ့ ရဲရင့်တက်ကြွမှုနဲ့ ခိုင်မာတည်ကြည်မှုတွေက ဒီစာအုပ်တစ်အုပ်လုံးရဲ့ ရသတန်ဖိုးကို အမှန်တကယ်ဆုံးဖြတ်ပေးပါလိမ့်မယ်။
“ရန်ကုန်ပတ်ဝန်းကျင်သည် တောမှ တက်လာသောဆင်းရဲသူလေးများဒုက္ခရောက်ချိန်၊စိတ်ဓာတ်ပျက်ပြားချိန်တွင် အလွန်ဝါးမျို ဖျက်ဆီးလွယ်သော ပတ်ဝန်းကျင်ဖြစ်၏။ ကားနှင့်နိုင်လွန် ပင်လယ်ဝယ် စုံးစုံးမြုပ်ကာ ဘဝဆုံးကြသည်သာ များခဲ့၏။ မွှေးကတော့ ခုံဖိနပ်စီး၍ ပိတ်အင်္ကျီဝတ်ကာ သူသည် မျက်စိစုံမှိတ်၍ ရေဆန်လှော်ခဲ့သည် တကား။”
အဆုံးထိဖတ်ရှုပေးတဲ့အတွက်ကျေးဇူးပါဗျ။အမြင်မတူတာရှိရင်ဖြစ်ဖြစ် ဖတ်ရင်းခံစားခဲ့ရတာလေးများရှိရင်ဖြစ်ဖြစ် ပြန်လည်မျှဝေခဲ့ပါဦးခင်ဗျာ။
Youth’s Book Reflections
#Youths_book_reflections #မွှေး
#ကံ့ကော်ဝတ်ရည် #ခင်နှင်းယု #bookreview
Keep Reading