မောရိသျှ
၁။ နေ့စဉ်နဲ့အမျှ ဘဝရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ အလဟဿ ကုန်ဆုံးနေတယ်။ အသက် ရှည်ရှည် နေနိုင်ခွင့် ရခဲ့ရင်၊ ဘဝကို နဂိုထက် ပိုပြီး အဓိပ္ပါယ်ရှိရှိ နေနိုင်မလား။ရှိပြီးသား အချိန်ကာလထက် ပိုပြီး ရှင်သန်ခွင့် ရခဲ့ရင် နတ်ဘုရား တို့နဲ့ အတူ၊ သဘာဝ လောကကြီးရဲ့ နက်နဲမှု ဂမ္ဘီရကို ပိုစူးစမ်း နိုင်မလား။
သိတတ်စိတ် စတင်ဖွံ့ဖြိုးလာကတည်းက သိချင်စိတ်နဲ့ အရာအားလုံးကို စူးစမ်းချင်ခဲ့ကြတယ်။ ဝင်သက်၊ ထွက် သက်တို့ ဟန်ချက်ညီညွှတ်နေကြသလို၊ အသက်ရှင်ဖို့ရာ အာဟာရဖြည့်တင်းရင်း၊ စိတ်ကူးယဉ်နိုင်မှုနဲ့ အိပ်မက်တွေ အခြေခံပြီး ရည်မှန်းချက်၊ ပန်းတိုင် အမျိုးမျိုး သတ်မှတ်တတ်ကြသလို၊ အလိုဆန္ဒရဲ့ စေ့ဆော်မှုနဲ့ ဘဝကို အနှစ်သာရ ရှိအောင် တည်ဆောက်ကြတယ်။
အာရုံမှာ ထင်ဟပ်လာတဲ့ အသိနဲ့ အမြင်ကို အခြေခံပြီး ဘဝကို ဟန်ချက်ညီအောင် ရှင်သန်ကြရတယ်။ အလျင်နဲ့ အမြန် ပြောင်းလဲနေတဲ့ လောကကြီးရဲ့ အရှိန်ကို မမီ မီအောင် လိုက်ရင်း၊ စိတ်ခွန်အား၊ လူခွန်အားကို မွေးမြူကြရတယ်။
သေဖို့ရာ ဝန်မလေးသလို၊ သေလို့လည်း နောင်တမရတဲ့ ဘဝမျိုးနဲ့ ရှင်သန်နိုင်ဖို့ အခက်အခဲများစွာ ရင်ဆိုင်ကြရတယ်။ သေမယ့် တစ်နေ့ မရောက်ခင်၊ ရှင်နေတဲ့ အခိုက်အတန့်တိုင်းကို အဓိပ္ပါယ် ရှိရှိ နေနိုင်ဖို့ ကြိုးစားကြရတယ်။ ဘဝတစ်လျှောက် သိခဲ့သမျှ၊နားလည်ခဲ့သမျှ အရာ အားလုံးဟာသေမှုနဲ့ ရှင်မှုစပ်ကြားက မတည်မြဲမှုတွေသက် သက်ပါ။ ဘဝ ဆိုတာ ဆန်းကြယ်မှု၊ ထူးခြားမှု မရှိသလို၊ အဟောင်းလည်း မဟုတ်၊ အသစ်လည်း မဟုတ်တဲ့ ပြောင်းလဲမှု ဖြစ်စဉ် သက်သက်ပါ။
၂။ စဉ်ဆက်မပြတ် ပြောင်းလဲနေခြင်းဟာ သဘာဝတရားရဲ့ အခြေခံ နိယာမ ဖြစ်တယ်။ ပေါင်မုန့် တစ်လုံး မုန့်ဖိုထဲကနေ ထွက်လာဖို့၊ ဂျုံစပါးဆိုတဲ့ သီးသန့် ဖြစ်တည်မှုကနေ အခြေတည်တယ်။ မီးအပူရှိန် နဲ့ တဆေးတို့ ရဲ့ ပေါင်းစပ်မှုကြောင့် ဂျုံမှုန့်တွေကနေ မုန့်လုံးဖြစ်သွားတယ်။
ဘယ်အရာကမှ တစ်သမှတ်တည်း ဖြစ်တည်ခွင့် မရနိုင်ဘူး။ ပြောင်းလဲမှု နဲ့ ပေါင်းစပ်မှသာ တိုးတက်မှု ရှိနိုင်တယ်။ ယိုယွင်း ပျက်စီးမှုကြောင့် ဖြစ်တည်မှု တစ်ခု ပေါ်ပေါက်နိုင်တယ်။ အစဉ်မပြတ် ပြောင်းလဲနေမှုသည်သာ သဘာဝ သစ္စာ ဖြစ်တယ်။
၃။ ကပ်ရောဂါ ဝေဒနာမျိုးစုံကို ဟစ်ပိုခရေးတီးစ် ကုသခဲ့ဖူးပေမယ့်၊ နောက်ဆုံးတော့လည်း ဖျားပြီး သေရတာပဲ။
သေကံ၊ နာကံတွေကို ရှေ့ဖြစ်ဟောနိုင်ပါတယ် ဆိုတဲ့ ချယ်ဒီးယန်း တွေတောင်မှ သေချိန်တန် သေကြတာပဲ။
မြင်းစီးသူရဲ ရာထောင်ချီကို စစ်မြေပြင်တိုင်းမှာ ခြေပြတ်လက်ပြတ်ဖြစ်အောင် ခုတ်ထွင်းကြပြီး၊ လူ့အသတ်များစွာ ဇီဝိန်ချုပ်ခဲ့ကြသလို၊ မြို့ကြီးပြကြီး တစ်ခုပြီး တစ်ခု မှုန့်မှုန့်ညှက်ညှက် ကြေသွားသည်အထိ၊ မီးလောင်တိုက်သွင်း၊ တိုက်ခိုက်ဖျက်ဆီးခဲ့ကြတဲ့၊ မဟာ အလက်ဇန်းဒါး ၊ ပွန်ပေ၊ ဆီဆာ တို့တောင်မှ သေခြင်းတရားကို မရှောင်နိုင်ကြဘူး။
ကမ္ဘာလောကကြီး တစ်ခုလုံး မီးလောင်ပြာကျပြီး ပျက်စီးသွားလိမ့်မယ်လို့ တွင်တွင် ပြောခဲ့တဲ့ ဟေရာခလီးထုစ် ဆိုရင် မီးနဲ့ မသေခဲ့ရဘဲ၊ နွားချေးတွေ ဗရပွနဲ့ သူ့ကိုယ်သူ လိမ်းကျံထားတော့ ခွေးဝိုင်းကိုက်လို့ သေခဲ့တယ်။အလွန် ထူးချွန်ပြောင်မြောက်ပါတယ် ဆိုတဲ့ ဒီမိုခရီးထုစ် ၊ လှေးမွှားခဲလို့ သေခဲ့ရတယ်လေ။လူသားတွေကို ချစ်မြတ်နိုးတဲ့ ဆော့ကရေးတီး လူတွေကြောင့်ပဲ သေခဲ့ရတယ်။
လူရယ်လို့ ဖြစ်လာပြီ။ လူပီသအောင် နေရမယ်။ လူသားဆန်အောင် ရှင်သန်ပါ။အချိန်တန် ထွက်ခွာဖို့ ပြင်ဆင်ပါ။
နောက်ဘဝ ဆိုတာများ ရှိခဲ့ရင်၊ ကိုယ့်အရေး မဟုတ်တော့ဘူး။ နတ်ဘုရားတွေရဲ့ အလိုတော်တိုင်း ဖြစ်သင့်ဖြစ်ထိုက်တာကို သူတို့ စီရင်ကြလိမ့်မယ်။
မသေခင်စပ်ကြားမှာတော့ ဘဝရဲ့ သာယာမှု နဲ့ နာကျင်မှုတွေကို ခံစား၊ စံစားလိုက်ပါ။သေပြီးသည်နောက်မှာတော့ ဘဝရဲ့ အကြောင်းခံ၊ အကျိုးဆက်တွေကို ထည့်တွေးနေစရာ မလိုတော့ဘူး။ရှင်နေတုန်းမှာတော့ မသေအောင် ရုန်းကန်ရတယ်။ သေပြီးရင်တော့ ယိုယွင်းပျက်စီးသွားမယ့် ခန္ဓာကိုယ်ပဲ ကျန်တော့တယ်။စိတ်နဲ့ ခန္ဓာ ချုပ်ငြိမ်းသွားရင်၊ ကျန်ခဲ့တာဆိုလို့ အမှိုက်တွေ စုပုံနေတဲ့ လောကကြီးပဲ ရှိတယ်။
၄။ ကိုယ်နဲ့ မဆိုင်ရင် အချိန်ကုန်ခံပြီး သူများအတွက် သောက များမနေနဲ့။ ပူပန်နေလို့ အကျိုးထူးမှာ မဟုတ်ဘူး။
သူများကိစ္စ ကိုယ့်ကိစ္စ ဖြစ်စရာ မလိုဘူး။ ကိုယ့်စိတ်နဲ့ ကိုယ့်ဘဝ၊ ကိုယ့် အလုပ်နဲ့ ကိုယ့်နေရာ၊ ကိုယ့်ဘာသာနေပါ။
အဓိပ္ပါယ် မရှိတာတွေ တွေးမနေနဲ့။ အကျိုးမရှိတဲ့ အရာတွေကြောင့် အချိန် မကုန်စေနဲ့။ ကိုယ်ကျိုးရှာပြီး အတ္တကြီးတိုင်း ကောင်းမယ် မထင်နဲ့။ ကိုယ့်ဖို့ပဲ ကြည့်တတ်သူက ကိုယ့်လည်ပင်းကို ကိုယ်တိုင် ကြိုးကွင်းစွပ်နေတာနဲ့ တူတယ်။ အခု ကိုပဲ အာရုံစိုက်ထားပါ။အခု ထက် ပိုအရေးကြီးတဲ့ အချိန် မရှိဘူး။
၅။ ဘယ်လို နေမလဲ။ ကိုယ်ကျိုးရှာလိုစိတ်နဲ့ မလုပ်မနေ ရလေလိုလေ မဖြစ်နဲ့။ စဉ်းစားဆင်ခြင်မှု မရှိဘဲ ပေးကမ်းစွန့်ကြဲ မလုပ်နဲ့။ အတွေးထူ ဗျာများပြီး တွန့်ဆုတ်တာမျိုး မဖြစ်နဲ့။မလိုအပ်တဲ့စကား မပြောနဲ့။မလုပ်သင့်တာ မလုပ်နဲ့။ ကလေး နေရာ ကလေး၊ လူရွယ် နေရာ လူရွယ်၊ လူကြီး နေရာ လူကြီး၊ ပြည်သူ နေရာ ပြည်သူ၊ ရောမသား နေ ရာ ရောမသား၊ အုပ်ချုပ်သူနေရာ အုပ်ချုပ်သူ၊ ဒူးနေရာ ဒူး၊ တော်နေရာ တော်၊နေရာမှန်မှန် နေတတ်ပါစေ။
အမိန့်တစ်ခုကို တသွေမတိမ်း လိုက်နာဖို့ အသင့်ဖြစ်နေတဲ့ စစ်သူရဲလို စိတ်မျိုးနဲ့၊ ဘဝ အခက်အခဲတွေ အတွက် အသင့်ဖြစ်နေပါစေ။
သစ္စာ မလို၊ သက်သေ မရှိ၊ ကတိ မပါ တဲ့ ဘဝ မျိုးမှာ မှန်အောင် နေပါ။ ပျော်ပျော်နေပါ။ အမှီအခို ကင်းအောင် နေပါ။ဘယ်လို အခြေအနေကိုပဲ ကြုံတွေ့နေရပါစေ၊ တန်းတန်းမတ်မတ် ရပ်တည်ပါ။ ကိုယ့်ဘဝကို ကိုယ်ပိုင်အစွမ်း အစနဲ့ ကိုယ်တိုင် ထူထောင်ပါ။
#မောရိသျှ
Keep Reading