Author's Profile Photo

Noble

7/05/2025

‘ဘဝကြိုးတန်းပေါ်မှာ ဟန်ချက် မပျက်စေဖို့’

3 mins read
Life Style
Psychology
Self Improvement

ကြိုးတန်းပေါ်မှာ လမ်းလျှောက်တဲ့ သူကို မြင်ဖူးကြမယ် ထင်ပါတယ်။

ခြေလှမ်းတိုင်း လှုပ်ရှားမှုတိုင်းကို သူ အာရုံစိုက်ရတယ်၊ ဟန်ချက် မမှားအောင် ထိန်းရတယ်၊ တချက်လွဲတာနဲ့ သွားပြီပဲ။ တကယ်တော့ ကျွန်မတို့ ဘဝတွေကလဲ ဒီလိုပါပဲ။  ဟန်ချက် မပျက်အောင် ထိန်းရင်းနဲ့ မျှချေ ဖြစ်အောင် ကြိုးစားရင်းနဲ့ပဲ နေ့ရက်တွေကို ဖြတ်သန်းနေကြရတာပါပဲ။

တခါတလေ အလုပ်ကို စိတ်နှစ်ထားမိတဲ့အခါ မိသားစု၊ လူမှုရေး ကိစ္စတွေမှာ လစ်ဟင်းသွားတယ်။

မိသားစုရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရင်းနဲ့ပဲ အလုပ်ထဲမှာ လစ်ဟာမှုတချို့ ရှိသွားတယ်။

ကျောင်းပညာရေးကို ဦးစားပေးလိုက်ရင် ဝင်ငွေရှာနိုင်တဲ့ အပိုင်းမှာ အားလျော့သွားတယ်။

ဝင်ငွေတွေ ရှာပြီး  စုဆောင်းနေပေမယ့် တခါတလေ ဘဝက အဓိပ္ပါယ်ကင်းမဲ့သလို ဖြစ်လာတယ်။

ဒီလိုမျိုး တခုကို အားထည့်လိုက်ရင် တခုက အားလျော့သွားတယ်​ ၊ တခုကို အလေးပေးလိုက်ရင် တခုက လျော့တိလျော့ရဲ ဖြစ်သွားတယ်။

ဒါတွေကို ထိန်းညှိနိုင်ဖို့ ကြိုးစားရတာက တကယ်တော့ မလွယ်ကူပါဘူး။

အထူးသဖြင့် အသက်အရွယ်တခု ကို ရောက်လာပြီ၊  တာဝန်ယူထားရတဲ့ အပိုင်းတွေ ရှိလာပြီ၊ ကိုယ်ပိုင်မိသားစု တခုရှိလာပြီ ဆိုတဲ့အခါမှာ ဒီလို မျှချေ ညှိရတဲ့ အပိုင်းတွေက ပိုခက်ခဲ နက်နဲလာတတ်ပါတယ်။

တခါတလေ မထင်မှတ်ထားတဲ့ ကိစ္စတွေ ၊ ပြဿနာတွေ ရှိလာတဲ့အခါမှာ ကြိုးတန်းပေါ်ကနေ ခွေးကျ ဝက်ကျ ကျတာတွေလည်း ရှိတတ်တာပါပဲ။ ဒီတော့ ကြိုးတန်းပေါ်မှာ ဟန်ချက်မပျက်အောင် ဘာတွေ လိုအပ်လဲ? 

(၁) ခံနိုင်ရည် စိတ်ဓါတ် (Resilience) 

လဲကျတဲ့ အချိန်မှာ စိတ်ကို လွှတ်ချလိုက်မယ် ပြန်ရုန်းထဖို့ ခံနိုင်ရည် စိတ်မမွေးဘူးဆိုရင် ကြိုးတန်းပေါ်မှာ ကျွန်မတို့ အဆင်ပြေနိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ တခါလဲကျပြီးနောက်မှာ နောက်တခါ ပြန်လဲမှာကို တွေးပူနေမယ် ဆိုရင်လည်း လမ်းလျှောက်တဲ့အခါ ဟန်ချက်ထိန်းဖို့ မလွယ်ကူနိုင်ပါဘူး။ ဒီတော့ ဘယ်လို လောကဓံကိုပဲ ဖြစ်ဖြစ် ရင်ဆိုင်မယ်၊ ဖြစ်လာတဲ့ အခက်အခဲ ပြဿနာတွေကို ခံနိုင်ရည် အားကောင်းစွာနဲ့ ရင်ဆိုင်ဖြေရှင်းမယ် ဆိုရင် ဘယ်အရာကမှ ကျွန်မတို့ကို ဟန်ချက် ပျက်အောင် လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ 

(၂) အလုပ်နဲ့ ဘဝ မျှတမှု (Work-Life-Balance) 

Work-Life-Balance ဟာ သိပ်ကို အရေးကြီးတာပါပဲ။ ငွေရဖို့ပဲ ဖြစ်ဖြစ် ကိုယ့်ရဲ့ ဘဝတက်လမ်းအတွက်ပဲ ဖြစ်ဖြစ် အလုပ်လုပ်ကြတဲ့အခါ တခါတလေ ကျွန်မတို့ အလုပ်ထဲမှာ နစ်မြုပ်နေတယ်၊ လောကကြီးရဲ့ အလှအပတွေကို မေ့နေတတ်တယ်၊ ချစ်ခြင်းမေတ္တာတချို့ကို လျစ်လျုရှုလိုက်မိတယ်၊ ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန်နဲ့ ပျော်စရာ အချို့ကို မသိကျိုးနွံ ပြုလိုက်ကြတယ်၊ ဒီလိုနဲ့ပဲ မိသားစု၊ သူငယ်ချင်း ၊ မိတ်ဆွေ ၊ နောက်ဆုံး ကိုယ်တိုင်ရဲ့ လိုအပ်ချက်တွေကိုပါ မသိလောက်အောင် ဖြစ်လာတာတွေ၊ အလုပ်ရဲ့ သက်ရောက်မှုတွေက နေ့စဥ်ဘဝမှာ ပိုမို ကြီးထွားလာတာတွေ ကြုံရတတ်ပါတယ်။ ဒီတော့ အလုပ်နဲ့ ကိုယ့်ရဲ့ ဘဝ ထပ်တူကျဖို့ လိုပါတယ်။ 

(၃) ကျန်းမာတဲ့ လူနေမှုပုံစံ (Healthy Lifestyle) 

ကျွန်မသိပ်ကြိုက်တဲ့ စာအုပ်ထဲက ဥပမာလေးတစ်ခုကို သတိရမိတယ်။  ကားမောင်းပြီး ခရီးနှင်နေတဲ့ လူတစ်ယောက်ဟာ ကားဆီဖြည့်ဖို့ အချိန်မရှိတာကြောင့် ဆက်မောင်းရာကနေ တနေရာမှာ ကားထိုးရပ်သွားပြီး ခရီးစဥ် ပျက်စီးသွားတယ်၊ ဒီအချိန်ကျမှပဲ သူဆီဖြည့်ခဲ့ရင် ကောင်းမှာ လို့တွေးမိတယ်။ ဒီလိုပဲ ကျွန်မတို့တွေက ကိုယ့်ရဲ့ လိုအင်ဆန္ဒတွေနောက်၊ တာဝန်ဝတ္တရားတွေနောက်ကို လိုက်ရင်းနဲ့ ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့ မေ့လျော့နေကြတယ်။ 

အထူးသဖြင့် ကျန်းမာရေးနဲ့ ပတ်သက်လို့ သတိပြုမိတဲ့ အချိန်က မကျန်းမာတဲ့ အချိန် ၊ ဆေးရုံဆေးခန်း ရောက်တဲ့ အချိန်ဖြစ်တာကြောင့် တခါတရံမှာ နောက်ကျသွားတဲ့ ဖြစ်ရပ်တွေ ရှိတယ်။ ဟန်ချက် ပျက်သွားတယ် ပြောရမှာပေါ့ ။ ကျန်းမာရေး မကောင်းဘူးဆိုရင် စိတ်သွားတိုင်း ကိုယ်မပါတော့ဘူးလေ။ ဒီတော့ ကျန်းမာတဲ့ လူနေမှုပုံစံကိုလည်း နေ့စဥ် မပျက်မကွက် နေထိုင်ပေးဖို့ လိုပါတယ်။ 

(၄) စိတ်ခံစားချက် ထိန်းညှိမှု  (Emotional Regulation) 

‘မင်းဝမ်းနည်းနေလား… ငိုချင်နေတာလား၊ မျက်ရည်တွေ သုတ်လိုက်တဲ့’

ပျော်ရွှင်နေရင်လည်း … ‘သိပ်မပျော်နဲ့ ကိုယ့်လူ ပျော်ပြီးရင် ဘာလာမယ် မသိနိုင်ဘူးတဲ့’
လူပဲလေ … ခံစားချက်တော့ ရှိမှာပေါ့ ။
ဒါတွေကို ထိန်းချုပ်ဖို့ မလိုပါဘူး၊ ဒါပေမယ့် မလွန်ကဲအောင် ထိန်းညှိဖို့ တော့လိုပါတယ်။ ဒါကို Emotional Regulation လို့ ခေါ်ပါတယ်။ စိတ်လိုက်မာန်ပါ မလုပ်မိအောင် ၊ လွန်ကဲတဲ့ တုန့်ပြန်မှုမျိုး မရှိအောင်၊ ခံစားချက်တွေကြောင့် ကိုယ့်ကိုကိုယ် မညှင်းဆဲမိအောင် ထိန်းညှိတာမျိုးပေါ့ ။ ဒီလိုမျိုး Emotional Regulation ပြုလုပ်ခြင်းက စိတ်ကျန်းမာရေးအတွက် အရေးကြီးသလို ကိုယ့်ရဲ့ စိတ်ခံစားချက်ကြောင့် ကိုယ်အပါအဝင် တခြားသူတွေကို ဆိုးကျိုးမဖြစ်စေဖို့ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ 

(၅) ကိုယ့်ကိုကိုယ် ပြန်လည် သုံးသပ်ခြင်း (Self-Reflection)

တခါတရံမှာ နေ့ရက်တွေ ရှင်သန်ရတာ ခဲယဥ်းလာတယ်၊ ဘဝက အဓိပ္ပါယ်မဲ့သလို ခံစားရပြီး ကိုယ့်ကိုကိုယ် ပျောက်ဆုံးလာတယ် ဆိုရင် ကိုယ့်ကိုကိုယ် ပြန်လည် ရှာဖွေဖို့ အတွက် Self-reflection လို့ခေါ်တဲ့ ကိုယ့်ကိုကိုယ် ပြန်လည် သုံးသပ်မှုရှိဖို့ အရေးကြီးလာပါတယ်။ ကိုယ့်ရဲ့ ပန်းတိုင်၊ ရည်ရွယ်ချက်တွေက ဘာလဲ၊ ကိုယ့်ရဲ့ လက်ရှိခံစားချက်တွေက ဘာတွေဖြစ်မလဲ၊ ကိုယ့်ရဲ့ အတွေးတွေက ဘယ်ကို ဦးတည်နေသလဲ၊ ကိုယ့်ရဲ့ ရည်ရွယ်ချက်နဲ့ လက်ရှိ အခြေအနေနဲ့ ကိုက်ညီနေရဲ့လား ဆိုတာကို ပြန်လည်သုံးသပ်ဖို့ လိုပါတယ်။ ဒါကလည်း ဟန်ချက် မပျက်အောင် ထိန်းညှိနိုင်ဖို့ ကူညီပေးနိုင်တဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ 

ဘဝဟာ တိုတောင်းပါတယ်။ ကြိုးတန်းပေါ်မှာ လမ်းလျှောက်သလို ခက်ခဲတဲ့ အခြေအနေတွေမှာ ကိုယ်လွဲချော်ခဲ့ရင် ဖေးမမယ့်သူ ရှိနိုင်သလို ဟားတိုက်မယ့်သူတွေလည်း ရှိနေနိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီ အချက် (၅) ချက်ကို ပုံမှန် ပြုလုပ်ပြီး ကိုယ့်ရဲ့ နေ့ရက်တွေကို ဖြတ်သန်းမယ်ဆိုရင် ဟန်ချက် မပျက်စေဖို့ ကူညီပေးနိုင်မှာ ဖြစ်သလို မမျှော်လင့်ထားတဲ့ အရာတခုကြောင့် ဟန်ချက် ပျက်ခဲ့မယ် ဆိုရင်တောင် ဆိုးရွားတဲ့ အခြေအနေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ 

အခုဒီစာကို ဖတ်နေရင်းနဲ့ ကိုယ့်ဘဝမှာ ဟန်ချက်ပျက်တဲ့ အခြေအနေကို ရင်ဆိုင်ရဖူးလား? ဘယ်လိုကျော်ဖြတ်ခဲ့လဲ? အခု ပြောခဲ့တဲ့ အချက်တွေကရော လိုက်လုပ်ဖို့အတွက် ခက်ခဲနိုင်လား ဆိုတာကို စဥ်းစားကြည့်ရအောင်ပါ… 

Noble 
(7.5.2025) 


#Noble’sWellnessCorner 

#LifeBalance 

#ဟန်ချက် 

#Sharing

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)