Author's Profile Photo

အက္ခရာ - Haruki

5/04/2024

ကျွန်တော် စားပွဲဝိုင်းလေး

3 mins read
Culture
History
18 Again
ကျွန်တော် စားပွဲဝိုင်းလေး's photo

ကျွန်တော် ဒီအကြောင်းလေးကို ဆရာဘုန်းရဲ့စာအုပ်လေးတစ်အုပ်မှာအရင်ကဖတ်ဖူးခဲ့တာ ကြာလှပါပြီ။ ဒီနေ့မှ တိုက်ဆိုင်မှုလေးတစ်ခုကြောင့် ပြန်လည်အမှတ်ရလာခဲ့ပါတယ်။

ဒီအကြောင်းအရာလေးကို ကျွန်တော်ကိုယ်တိုင် မိသားစုစားပွဲဝိုင်းလေးနေရာကနေ ပြန်လည်ခံစားရေးဖွဲ့ ရင်ဖွင့်ပါရစေ...။

ကျွန်တော်က...

ဒီအိမ်ရဲ့ ထမင်းစားတဲ့ စားပွဲဝိုင်းလေးတစ်ခုပါ။ အခုတော့ ဂျောင်လေးမှာကျွန်တော့်ကိုထိုးထားတယ်။ ဖုန်တွေ၊ ပင့်ကူမျှင်တွေနဲ့ ညစ်ပေလို့နေပါပြီ။ ဟိုးတုန်းကတော့လေ....

ဟိုးတုန်းကတော့ဆိုတာ... လွန်ခဲ့တဲ့ နှစ်(၁၀)၊ (၁၅) လောက်ကိုဆိုလိုတာပါ။ ဒီစားပွဲဝိုင်းလေးမှာ မိသားစုတွေ ညနေစာအတူစားခဲ့ကြတယ်။ အခုတော့ အဲ့ဒီလိုအပြုအမူတွေ မရှိတော့ဘူး။

ကျွန်တော့်ရဲ့အိမ်လေးမှာ မိသားစု (၄)ယောက်ရှိပါတယ်။ အဖေလုပ်တဲ့သူက အရောင်းအဝယ် လုပ်တယ်။ ပွဲစားလုပ်တယ်။ မနက်အစောကြီး အိပ်ရာထရင် လက်ဖက်ရည်ဆိုင်ကိုပဲ သွားတတ်တယ်။ မနက်စာဆိုတာ အိမ်မှာ ဘယ်တော့မှ မစားဘူး။

ညနေပိုင်းရောက်ရင်လည်း အိမ်ပြန်ပြီး ထမင်းစားတယ်ဆိုတာ မရှိပါဘူးဗျာ။ ဘီယာဆိုင်မှာ ဒါမှမဟုတ် ကာရာအိုကေမှာ ပျော်နေတတ်တယ်။ မန်ယူနဲ့ ချဲလ်ဆီး ဘောလုံးပွဲလာတဲ့နေ့ဆိုရင် အိမ်ပြန်ချိန်နောက်ကျတတ်တယ်။ ဒီအဖေ ငယ်ငယ်တုန်းကဆိုရင် သူတို့မိသားစုဟာ ညနေစာကို ကျွန်တော်နဲ့အတူ စားဖြစ်ကြ တယ်။ ဒီနေ့ခေတ် အဖေတွေက ညနေစာကို အိမ်မှာ မစားကြတော့ပါဘူး။

အစားနောက်မှာ ...

အသောက်ပါမှ၊ အပျော်ပါမှ၊ နေတတ်စားတတ်တဲ့ လူ့ယဉ်ကျေးမူကြီး ထွန်းကားနေပြီလေ။ အဲ့လိုဘီယာဆိုင်၊ လက်ဖက်ရည်ဆိုင်တွေမှာ ယောက်ျားသားတွေအားလုံး ညနေခင်းရဲ့အလှကို ယစ်မူးစွာနဲ့ ခံစားကြတယ်။ ဖခင်တစ်ယောက်ဟာ ညနေစာကို အိမ်မှာစားတဲ့ဓလေ့ မရှိတော့ဘူး။

အမေကိုလည်း ပြောရဦးမယ်...

ဒီအိမ်က မိခင်လုပ်တဲ့သူကလည်း အတူတူပါပဲ။ ကိုးရီးယား တီဗွီဇာတ်လမ်းတွဲနဲ့ အချိန်ဖြုန်းတယ်။ ညနေပိုင်းရောက်ပြီးဆိုရင် တီဗွီရှေ့မှာထိုင်တယ်။ ကိုးရီးယားဇာတ်လမ်းတွဲတွေကို စွဲလမ်းတယ်။ ညနေစာကို တီဗွီရှေ့မှာ တစ်ယောက်တည်းထိုင်ပြီး စားတယ်။

ယောက်ျားနဲ့ ထမင်းလက်ဆုံစားဖို့ အရေးမကြီးဘူး။ ကိုးရီးယားမင်းသားတွေရဲ့ မျက်နှာကို တစ်ဝကြီးကြည့်ပြီး ထမင်းလက်ဆုံ စားတယ်။ သူတို့ ကျွန်တော့်ကို ဂရုမစိုက်ကြဘူး။ ကျွန်တော့်ကို မေ့နေကြတယ်။

ဒီလိုပဲဗျာ...။

သူတို့မွေးထားတဲ့ သားသမီး (၂)ယောက်ကလည်း သနားစရာ

မနက်ဆိုရင် အိပ်ရာကို အစောကြီးထရတယ်။ မနက် ၆ နာရီလောက်ကျူရှင်သွားရတယ်။ ဟော... ကျုရှင်ပြီးတော့ ကျောင်းကို ဆက်သွားရတယ်။ အိမ်က လာပို့တဲ့ ထမင်းအေးအေး၊ ဟင်းအေးအေးတွေကို စားရတယ်။ ဘာတွေမှန်းမသိတဲ့ စာတွေကို ကျက်ရတယ်။ ရွတ်ဆိုရတယ်။ ကျောင်းလည်းဆင်းရော အိမ်ကို မပြန်ကြရရှာပါဘူး။

ကျူရှင်ကို ဆက်ပြီးသွားရတယ်။ ကျူရှင်တွေကလည်း စာတွေက သင်လိုက်တာ။ ဟိုတုန်းက “အ-သုံးလုံး”သင်တန်းဆိုတာ ဒီနေ့ခေတ် စာသင်နေတဲ့ စာသင်ခန်းတွေမှာ တွေ့နေရတယ်။ “အတင်းသင်၊ အတင်းကျက်၊ အတင်းရိုက်” စနစ်ကို ကျင့်သုံးကြတယ်။ ဒါ ဒီနေ့ခေတ်ရဲ့ “အ-သုံးလုံး”ပဲ။ ကလေးတွေက သနားစရာကောင်းပါတယ်။

ကျုရှင်တက်နေရတာကြောင့် ညနေစာကို အိမ်မှာ စားရတယ်လို့ မရှိပါဘူး။ အိမ်က လာပို့တဲ့ ထမင်းဟင်းကိုပဲ စားရတယ်။ ကျူရှင်ပြီးပြန်တော့ ည စာကျက်တန်းလိုလို ဂိုက်တန်းလိုလို သင်တန်းတွေမှာ စာကျက်ရပြန်တယ်။ အိမ်ပြန်ရောက်တော့ ည (၁ဝ)နာရီကျော်နေပြီလေ။ ကိုယ့်စိတ်နဲ့ကိုယ် နေခွင့်မရကြဘူး။

အိမ်ရောက်တော့ ဘာမှန်းမသိတဲ့ အိမ်စာတွေကို ကူးရတယ်။ ရေးရတယ်။ ကြာလာတော့ ဒီကလေးတွေဟာ ကျောင်းသားနဲ့ မတူကြတော့ဘူး။ ဝတ္တရားကျေ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေနဲ့တူလာတယ်။ အဖေ၊ အမေနဲ့လည်း တစ်နေကုန် မတွေ့ကြရဘူး။

အဖေ၊ အမေအိပ်ချိန်မှာ ကျောင်းသွားရတယ်။ အိမ်ပြန်လာတော့လည်း အဖေနဲ့အမေက အိပ်နေကြပြီ။ မိဘကို ပြုစုခွင့်လည်း မရကြဘူး။ ဆော့ကစားဖို့ အချိန်လည်း မရှိဘူး။ ကိုယ်လက် ကြံ့ခိုင်၊ ကျန်းမာရေးအတွက် အလေးမထားကြတော့ဘူး။

စာတွေကို ကျက်နေရင်းနဲ့ နှလုံးသားဗလာဖြစ်နေရတဲ့ လူငယ်လေးတွေအများကြီးပါ။ ရိုးရာပုံပြင်တွေ လည်း သူတို့ မကြားဖူးကြပါဘူး။ အိပ်ရာဝင်ရင် ပုံပြောပြမယ့် အဘိုးအဘွား အဖေအမေလည်း မရှိဘူး။

ကျွန်တော်အဲ့ဒါတွေကြောင့် ငိုချင်လိုက်တာ...။

စဉ်းစားကြည့်ပါ။ မိဘတွေ ဘာ့အတွက် ပိုက်ဆံရှာနေကြတာတုန်း။ ကိုယ့်သားသမီးအတွက် ပိုက်ဆံရှာနေတာဆိုရင် ပိုက်ဆံနဲ့ထပ်တူအရေးကြီးတာ မိသားစုနွေးထွေးမှုဆိုတာ မေ့နေကြတယ်။

ဒီလိုပါပဲ သားသမီးတွေကလည်း ဘာအတွက် ပညာသင်နေကြတာတုန်း။ ပညာရေးနဲ့ ထပ်တူအရေးကြီးတဲ့ မိသားစုမေတ္တာတရားဆိုတာ မေ့နေကြတယ်။ မိသားစုနွေးထွေးမှုဆိုတာ မေ့နေကြတယ်။ ရွတ်ဆိုနိုင်စွမ်းကို ပညာလို့ ထင်နေကြတော့တာပဲ။ အမှတ်အနည်းအများကို ပညာရဲ့ အရည်အချင်းလို့ သတ်မှတ်နေကြတော့တာပဲ။

မိသားစုရဲ့ ညနေခင်းဘဝတွေကို ဘီယာဆိုင်တွေက အပိုင်စီးသွားကြပြီ။ ကာရာအိုကေတွေက အနိုင်ယူသွားကြပြီ။ အရက်ဆိုင်တွေက အပိုင်သိမ်းသွားကြပြီ။ ဘောလုံးပွဲတွေက ဖမ်းစားပစ်လိုက်ကြပြီ။

ကိုရီးယားဇာတ်လမ်းတွဲတွေက ဝါးမြိုပစ်လိုက်ကြပြီ။ ကျူရှင်တွေ၊ သင်တန်းကျောင်းတွေ၊ စာကျက်တန်းတွေ၊ စာကြည့်တန်းတွေ၊ ဂိုက်တန်းတွေက မိသားစုဘဝတွေရဲ့ ညနေခင်းအလှတွေကို ဖျက်စီးပစ်လိုက်ကြပြီ။

မိသားစုဝင်တွေ ...

တစ်ယောက်ကို တစ်ယောက် တွေ့ဆုံချိန် မရှိကြတော့ဘူး။ မေတ္တာတရားထက် အပျော်အပါးက ပိုအရေးကြီးနေတယ်။ မိသားစု နွေးထွေးမှုထက် ငွေက ပိုပြီး အရေးပါနေတယ်။ မိခင်၊ ဖခင်အပေါ် ချစ်ခင်ဖို့ထက် စာအုပ်ထဲက စာတွေ အလွတ်ရဖို့က ပိုပြီး အဓိကျနေတယ်။ ဒီလိုနဲ့ မိသားစုဘဝတွေ ပျောက်ဆုံးနေကြရတယ်။

ကျွန်တော်တို့ မြန်မာ့ဓလေ့မှာ ညနေစာကို ဝိုင်းဖွဲ့ပြီး စားကြလေ့ရှိတယ်။ ကျွန်တော့်ကိုလည်း ထမင်းစား စားပွဲဝိုင်းလေးလို့ ခေါ်ကြတယ်။ ကျွန်တော့်နာမည်လေး ချစ်စရာကောင်းလိုက်တာ...။

“စား”ဆိုတဲ့ အဓိပ္ပာယ်ဟာ

ခန္ဓာကိုယ်ရဲ့ လိုအပ်တဲ့ အာဟာရကို ဖြည့်တင်းခြင်းပါ။

“ပွဲ”ဆိုတဲ့ ဝေါဟာရကတော့

ပျော်ရွှင်ခြင်း၊ ချစ်ကြည်ခြင်း၊ ချစ်ကျွမ်းဝင်ခြင်းလို့ အဓိပ္ပာယ် ပါတယ်။

“ဝိုင်း”ဆိုတဲ့ မြန်မာစကားကတော့

စုပေါင်းခြင်း၊ ညီညွတ်ခြင်း၊ မျှတခြင်း၊ အတူလက်တွဲဆောင်ရွက်ခြင်းလို့ အဓိပ္ပာယ်ရပါတယ်။

ဟိုတုန်းကတော့ . .

ကျွန်တော့်ကို အခြေပြုပြီး မိသားစုတွေ နွေးထွေးခဲ့ကြတယ်။ ချစ်ကြည်ခဲ့ကြ တယ်။ ရင်းနှီးခဲ့ကြတယ်။ ပျော်ရွှင်ခဲ့ကြတယ်။ တစ်ယောက်ကိုတစ်ယောက် နားလည်မှုတွေ ရှာဖွေခွင့်ရခဲ့ကြတယ်။

အခုတော့ ...

အခုတော့လေ... ဒါတွေ မရှိကြတော့ပါဘူး။ ကျွန်တော်အရမ်းဝမ်းနည်းတယ်။

ကျွန်တော်စားပွဲဝိုင်းလေးပေါ်မှာ ဘယ်တော့များမှ ဒီမိသားစုတွေ ပြန်ဆုံကြမလဲ။ ပျော်ပျော်ရွှင်ရွှင် ထမင်းလက်စုံစားကြမလဲ။ ကျွန်တော်ကတော့ အရင်လို ပျော်ရွှင်ဖွယ်မိသားစုဘဝကို ပြန်ပြီးမြင်ခွင့်ရဖို့ ငိုကြွေးရင်းနဲ့ ဆုတောင်းလိုက်ပါတယ်။

ᏂᏗᏒᏬᏦᎥ ( April 5,2024 . 12:19 PM )

Keep Reading

ကြိုတင်ပြင်ဆင်တတ်ခြင်း"Malala Day "အနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ပန်းကောင်းလေး တစ်ပွင့်သို့ကျောင်းစာကြည့်တိုက် ပညာရေး -----------------------------တန်ဖိုးနားလည်တတ်ပြီလားထပ်ကာထပ်ကာလေ့ကျင့်ခြင်းက ကျွမ်းကျင်စေတယ် ◾နွေရာသီသို့ရောက်လျှင် မိုးရာသီနှင့် ဝေးတော့မည် မဟုတ်နတ်နက္ခတ်၊ လူနက္ခတ်၊ ဘီလူးနက္ခတ်တို့အကြောင်းအို...သင်္ကြန် ဘယ်ခါမုန်းလို့ ဆုံးစေတော့