တင်ညွန့်
၁၉၇၀ နှောင်းပိုင်းလောက်တွင် တရုတ်ခေါင်းဆောင် တိန်ရှောင်ပင် (Deng Xiaoping) သည် ဂျပန်နိုင်ငံနှင့် ချစ်ကြည်ရေးတိုးမြင့်စေရန်အတွက် ဂျပန်ကိုအလည်အပတ်ခရီးအဖြစ် ရောက်ခဲ့သည်။
တိန်ရှောင်ပင် ဂျပန်နိုင်ငံကိုရောက်စဉ်တွင် ဂျပန်တွေက ကျည်ဆန်ရထားကြီးနှင့် နိုင်ငံအတွင်းရှိ စက်မှုဇုန် တစ်ခုကို ခေါ်သွားခဲ့သည်။ ထိုမြန်နှုန်းမြင့် ကျည်ဆန်ရထားကြီးကို တိန်ရှောင်ပင်က စီးပြီး အလွန်သဘောကျ သွားသည်။
တိန်ရှောင်ပင်က ဂျပန်ရထားကြီးစီးပြီး ဂျပန်တို့၏ ဖွံ့ဖြိုးတိုးတက်မှုတွေကိုကြည့်ကာ ဘာတွေကိုသင်ခန်းစာ ယူသွားခဲ့သနည်း။ တိုင်းပြည်ခေါင်းဆောင်တစ်ယောက် အခြားဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်နိုင်ငံကို ရောက်သည့်အခါတွင် ဘာတွေကိုလေ့လာသင်ယူသွားသည်ဆိုခြင်းကို ပြောလိုသည်။
တိန်ရှောင်ပင်က ဂျပန်တွေ အဘယ်ကြောင့် တိုးတက်ရသနည်းဆိုခြင်းကို ခေါင်းဆောင်ကောင်းတစ်ယောက် ပီပီ ချက်ချင်းကောက်ချက်ချသွားသည်။
“ဂျပန်တွေ တိုးတက်မှာပေါ့ သင်္ချာနဲ့ အင်ဂျင်နီယာအတတ်ပညာတွေမှာ ကောင်းတာကိုး”
သူ့မှတ်ချက်မှာ ဤမျှသာဖြစ်သည်ထင်လျှင် မှားပါလိမ့်မည်။
သူတရုတ်နိုင်ငံကို ပြန်ရောက်သည့်အခါတွင် ၁၉၈၁ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ဆဋ္ဌမအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး (Sixth Plenary Congress) ၌ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံချက်များကို တင်ပြနိုင်ရန် စီစဉ်တော့သည်။
တိန်ရှောင်ပင် တင်ပြသည့် အချက်များကိုကြည့်လျှင်
- အထက်တန်းကျောင်းများတွင် သင်္ချာသင်ကြားနိုင်သည့် ဆရာများကို အဆင့်မြှင့်တိုးချဲ့ ခန့်ထားရန်
- သမိုင်း၊ နိုင်ငံရေးသိပ္ပံ၊ နိုင်ငံရေးသဘောတရား စသည်တို့ကို သင်ကြားနေမှုအစား ပညာရေးစနစ် တစ်ခုလုံးကို ပြုပြင်ပြောင်းလဲလိုက်ပြီး သင်္ချာနှင့် ရူပဗေဒပညာရပ်များကို အလေးပေး သင်ကြားရန်
- တရုတ်သမိုင်းတွင် ထည့်သွင်းသင်ကြားနေသည့် ဂျပန်တို့၏ ရက်စက်ယုတ်မာမှုများဆိုသော အခန်းများကို ပယ်ဖျက်လိုက်ရန်
- တရုတ်နိုင်ငံမှ ကျောင်းသားများကို ပညာတော်သင်အဖြစ် အမေရိကန်၊ ဗြိတိန်၊ ကနေဒါနှင့် ဂျပန်နိုင်ငံ များသို့ စေလွှတ်ရန်။ ထိုသို့စေလွှတ်ရာတွင်လည်း အင်ဂျင်နီယာနှင့် ထိုဘာသာရပ်များကို ပြန်လည် သင်ကြားပို့ချနိုင်မည့် ဆရာများကို ပညာတော်သင်အဖြစ်ရွေးချယ်ရန်။ (ထိုစီမံချက်အရ တရုတ် ကျောင်းသား ၁၂၀ ကို နိုင်ငံ ၄ နိုင်ငံကို စေလွှတ်ခဲ့ပြီး၊ ယခုအခါတွင် နိုင်ငံခြားသို့ စေလွှတ်သော ပညာတော်သင် ကျောင်းသားပေါင်း ၅၀,၀၀၀ ခန့်ရှိနေပြီဖြစ်သည်)
- တရုတ်နိုင်ငံတွင် လက်ရှိသင်ကြားနေသော ၃ နှစ် သင်ကြားရသည့် သိပ္ပံသင်ရိုးကို ၅၄ လ နှင့် သင်ကြားပေးရန်တိုးမြှင့်ပြီး၊ ၅၄ လ ထဲမှ နောက်ဆုံး ၁၈ လ ကို ကျေးလက်ဒေသများသို့ ဆရာများအားစေလွှတ်ပြီး ကျေးလက်ဒေသ ကျောင်းများ၌ သင်္ချာကို အလေးပေးသင်ကြားစေရန်
- အင်ဂျင်နီယာအတတ်ကို လယ်ယာနှင့် မွေးမြူရေးလုပ်ငန်းများတွင် ထိရောက်စွာ အသုံးချနိုင်ရေး အတွက် ဆောင်ရွက်ရန်ဆိုကာ တင်ပြခဲ့သည်။
တိန်ရှောင်ပင်၏ အမြော်အမြင်မှာ ၂၀၁၁ ခုနှစ်တွင် တရုတ်နိုင်ငံသည် စက်မှုနိုင်ငံများထဲတွင် မိမိတို့ အင်ဂျင်နီယာတွေ အစွမ်းပြကာ ကမ္ဘာလွှမ်းနိုင်ရမည်ဆိုသည့် အစီအမံဖြစ်သည်။
သူက သူအကောင်အထည်ဖော်လိုသည့် စီမံချက်ကို “နှစ် ၃၀ အိပ်မက်” (The Thirty Year Dream) ဟု အမည် ပေးထားသည်။
တရုတ်နိုင်ငံခေါင်းဆောင်တွေကလည်း တိန်ရှောင်ပင် မရှိတော့သည့် နောက်ပိုင်းတွင် သူချမှတ်ခဲ့သည့် လမ်းစဉ်အတိုင်း ဆက်သွားခဲ့သည်။ တရုတ်သည် ကွန်မြူနစ်နိုင်ငံဆိုသော်လည်း ကနေဒါ၊ ဗြိတိန်၊ အစ္စရေး၊ ဂျပန်၊ စင်ကာပူစသည့် အရင်းရှင်နိုင်ငံများနှင့် အဆက်အသွယ်မပြတ်ဘဲ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်သွားခဲ့ကြောင်းတွေ့ရသည်။
တိန်ရှောင်ပင်က မိမိတို့နိုင်ငံတွင် အင်ဂျင်နီယာ တစ်နှစ် ၅၀,၀၀၀ မွေးထုတ်ပေးနိုင်ရမည်ဆိုကာ မျှော်လင့်ချက်ဖြင့် အိပ်မက်တွေ မက်ခဲ့သည်။ သို့သော် နောက်ပိုင်းခေါင်းဆောင်တွေက ၁၀ နှစ်အတွင်း ၈ သိန်းကျော်ကို မွေးထုတ်ပေးနိုင်ခဲ့သည်။ လက်ရှိသမ္မတက လာမည့် ၂၀၃၅ တွင် ၁ သန်းအထိ မွေးထုတ်နိုင်ရမည်ဟု ဆိုထားသည်။
ကျွန်တော်တို့ တရုတ်ဘာလုပ်လုပ် မုန်းနေရန်မဟုတ်ပါ။ ကိုယ့်အိမ်နီးချင်းနိုင်ငံမှာ ပညာရေးစနစ်တွေကို ပြုပြင် ပြောင်းလဲပြီး ဘာတွေကို ဘယ်လိုလုပ်ကာ ဘယ်လိုတွေ လွှမ်းမိုးနိုင်အောင် လုပ်နေကြသနည်း ဆိုခြင်းကို လေ့လာရန် လိုပါသည်။
တရုတ်ခေါင်းဆောင်တွေက “ပညာရေး” အရေးကြီးကြောင်း ကောင်းကောင်းသိသည်။
ထို့ကြောင့်လည်း ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတည်ဆောက်မည်ဆိုသော ဆောင်ပုဒ်ကို ကျောင်းတွေရှေ့တွေ ဆိုင်းဘုတ်ကြီးတွေထောင်ကာ ဖော်ရှိုးလုပ်မည့်အစား လက်တွေ့ကျကျ ဆောင်ရွက် ပြုပြင်ကြသည်။ ထို့ကြောင့်လည်း သူတို့ နိုင်ငံတကာတွင် မည်မျှအထိတွင်ကျယ်လွှမ်းနေကြသနည်း ဆိုခြင်းကို လေ့လာသည့်အမြင်ဖြင့် ရှုမြင်သုံးသပ်သင့်ပါသည်။
တိန်ရှောင်ပင် အဘယ်ကြောင့် ပညာရေးကို ပြုပြင်ပြောင်းလဲရသနည်းဆိုခြင်းနှင့် သူ့အိပ်မက်တွေ လက်တွေ့ မည်မျှ အကျိုးရှိနေကြောင်း ပညာမျက်စိဖြင့်ကြည့်တတ်လျှင် မြင်သည်။
ပညာ အရေးကြီးပါသည်။
ပညာအရေးကြီးကြောင်း ပညာရှိသူတွေကသာ မြင်သည်။
တင်ညွန့်
၁၁.၄.၂၀၂၅
Keep Reading