Author's Profile Photo

လူငယ်

19/03/2025

လူငယ်နှင့် Depression

5 mins read
Life Style
General Knowledge
Typescript
လူငယ်နှင့် Depression's photo

အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်က ရှိန်ပါ။ ပထမဆုံး ကြိုတင်အသိပေးချင်တာကတော့ ကျွန်တော်က လူငယ်တစ်ယောက်ဖြစ်တဲ့အတွက် မရင့်ကျက်သေးတဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် လူငယ်တစ်ယောက်ရဲ့ပုံစံကိုပဲ ကျွန်တော့်ရဲ့စာမူတွေမှာ မြင်ရမှာဖြစ်ပါတယ်။ လူတွေကို Motivation ပေးနိုင်လောက်တဲ့အထိ မရင့်ကျက်သေးတာမို့ နားလည်ပေးစေချင်ပါတယ်။
အဲတော့ ခေါင်းစဉ်လေးအတိုင်းပဲပေါ့နော်။ အခု ကျွန်တော် Depression ဖြစ်နေပါတယ်။ YouTube က ကိုယ်လေးစားရတဲ့ Motivation speaker တွေရဲ့ စကားတွေနားထောင်ပြီး ကိုယ့်ကိုယ်ကိုယ်လည်း အားပေးနေပေမဲ့ လုံးဝတော့ မပျောက်သေးဘူးပေါ့နော်။ ဒါပေမဲ့လည်း ကြိုးစားနေတုန်းပါပဲ။ အခုချိန်မှာ ကျွန်တော့်လို ခံစားနေရမယ့် လူငယ်တွေ အတော်များများရှိမယ်ဆိုတာသိပါတယ်။ ကျွန်တော်ကလည်း အဲထဲကတစ်ယောက်ပါပဲ။ အဲတော့ ဘာကြောင့် Depression ဖြစ်ရသလဲဆိုတဲ့အကြောင်းကို ပြောပြမယ်ပေါ့နော်။
ကျွန်တော်က အခု ထိုင်းမှာ General worker အနေနဲ့ အလုပ်လာလုပ်တာ တစ်နှစ်ကျော်ပါပြီ။ ထိုင်းစရောက်ခါစကတော့ အမျိုးတွေနဲ့အတူတူနေပေမဲ့ ၃ လလောက်နေပြီး အဆင်မပြေတော့ အပြင်မှာ တစ်ယောက်တည်း ကိုယ့်ဘာသာနေပါတယ်။ ထိုင်းမှာ တစ်ယောက်တည်းရပ်တည်ပြီး နေထိုင်စားသောက်တာက ကိုယ့်ဟာနဲ့ကိုယ် နေတတ်စားတတ်တယ်၊ အဆင်ပြေတယ်ပေါ့နော်။ Depression က ဘယ်ကလာလဲဆိုတော့ အလုပ်ကလာတာ။ အလုပ်ကလာတယ်ဆိုတော့ အလုပ်ကအဆင်မပြေလို့လားမေးပြန်ရင်လည်း အလုပ်ကအဆင်ပြေတယ်။ ဘယ်လိုပဲကြိုးစားပြီးလုပ်ရလုပ်ရ အဆင်ပြေတယ်ပေါ့နော်။ အဆင်မပြေတာက အလုပ်ကလူတွေနဲ့ပါ။ ကျွန်တော်က တော်ရုံဆို လူတွေ ကျွန်တော့်ကို ဘယ်လိုထင်လဲ ဂရုသိပ်စိုက်တဲ့သူမဟုတ်ဘူး။ ကိုယ့်ဘာသာ ကိုယ်မှန်တယ်ထင်ရင် အထူးသဖြင့် ဘယ်သူ့ကိုမှ မထိခိုက်အောင်လုပ်မနေရင် အေးဆေးပဲနေတာပေါ့နော်။ ထပ်ပြီး အသိပေးချင်တာက ထိုင်းတွေ မကောင်းကြောင်းပြောနေတာမဟုတ်ပါဘူး။ ထိုင်းမှာ တစ်နှစ်ကျော်နေလာတာ စိတ်ထားကောင်းတဲ့ ထိုင်းလူမျိုးတွေ အများကြီးတွေ့ဖူးတယ်။ အဓိကက ထိုင်းပဲဖြစ်ဖြစ်၊ မြန်မာပဲဖြစ်ဖြစ်၊ ဘယ်နိုင်ငံပဲဖြစ်ဖြစ် နိုင်ငံသားနဲ့မဆိုင်ဘူးပေါ့နော်။ ကိုယ့်မြန်မာနိုင်ငံသားတွေလည်း သူများနိုင်ငံမှာ အနေအထိုင်မတတ်တာကြောင့် ထိုင်းလူမျိုးတွေဆီက အပြောခံရတာတွေအများကြီးပါ။ လတ်တလောဆိုရင်လည်း ဒါ မြန်မာလူမျိုးတွေ ကမ်းခြေမှာ ကြယ်ငါးတွေသွားဖမ်းနေတာတို့၊ ထမင်းချိုင့်ကြီးတွေနဲ့ ကမ်းခြေမှာသွားထိုင်နေတာတို့ အမျိုးမျိုးတွေ့နေရတယ်။ Comment တွေမှာဆိုရင်လည်း ထိုင်းတွေ မြန်မာကို ပြောဆိုထားတာတွေ့ရတယ်ပေါ့နော်။ ဒါက ကိုယ်တွေ မြန်မာတွေအနေနဲ့ မနေတတ်၊ မထိုင်တတ်တာကြောင့် အပြောခံရတာဖြစ်တဲ့အတွက် ပြောတဲ့သူကို အပြစ်သွားပြောလို့မရဘူးပေါ့။ အဲလိုကိစ္စတွေ တဖြည်းဖြည်းများလာတာနဲ့တစ်ပြိုင်နက် တစ်ချို့ထိုင်းတွေကျတော့လည်း ဘာနေနေ စိတ်ထဲမထားဘဲ ဂရုမစိုက်ကြတဲ့သူတွေလည်းမြင်ဖူးတယ်ပေါ့နော်။ တစ်ချို့ထိုင်းလူမျိုးတွေကျတော့လည်း မြန်မာတွေဆို ဘယ်လိုပဲဖြစ်ဖြစ် ကြည့်မရတာမျိုးဖြစ်လာကြတယ်။ ဒါက အနေမတတ်၊ အထိုင်မတတ်တဲ့ တစ်ချို့လူတွေအတွက်ကျတော့ အပြောခံရတာ ထိုက်တန်ပေမဲ့ မဆိုင်တဲ့သူတွေပါ ရောပြီး အမုန်းခံရတာတွေကျတော့ မဖြစ်သင့်ဘူးပေါ့နော်။
အဲတော့ အခု ကျွန်တော့်ကိစ္စက ကျွန်တော် လွန်ခဲ့တဲ့ သုံးရက်လောက်က အလုပ်ထွက်လိုက်တယ်ပေါ့နော်။ အဓိကထွက်ရတဲ့အကြောင်းအရင်းက ထိုင်းကောင်တစ်ယောက်က လာပြီး ပြဿနာရှာတာ။ ပြဿနာကဘယ်လိုလဲဆိုတော့ အဲရက်ပိုင်းမှာ သူ ကျွန်တော့်ကို ဆက်ဆံတဲ့ပုံစံက အရင်ကနဲ့မတူဘူးပေါ့နော်။ ကိုယ်တွေကြားထဲမှာတော့ ဘာမှ ပြဿနာမဖြစ်ထားဘူး။ ပြီးတော့ အရင်ကလည်း သူနဲ့က ရယ်ရယ်မောမော အရမ်းခင်တယ်ပေါ့နော်။ ဒါပေမဲ့ သူက ကျွန်တော်တို့အလုပ်ထဲက မြန်မာကောင်လေးတစ်ယောက်ကိုသဘောကျနေတာ။ အဲကောင်လေးမှာကလည်း ကောင်မလေးရှိတယ်။ အဲဒါကို သူသိတုန်းကလည်း စိတ်ဆိုးပြီးတော့ အဲကောင်လေးရဲ့ဖုန်းတွေဘာတွေလွှင့်ပစ်ပြီး ပြန်ဝယ်ပေးလိုက်ရသေးတယ်ပေါ့နော်။ အဲနောက်ပိုင်း အဲကောင်လေးက သူနဲ့သိပ်ပြီး စကားမပြောတော့ဘူး။ အဲနောက်ပိုင်းဘာဆက်ဖြစ်လဲဆိုတော့ ကျွန်တော်တို့သူဌေး ပြင်သစ်လူမျိုးက သန့်ရှင်းရေးဝန်ထမ်းတွေ ဗီလာထဲဝင်ပြီးသန့်ရှင်းရေးလုပ်ရင် ဗီလာခြံစည်းရိုးတံခါးကို ပိတ်ခိုင်းထားတယ်။ လေတိုက်ရင် တံခါးရွက်တွေက နံရံနဲ့ရိုက်မိပြီး ကျိုးလို့ဆိုပြီးတော့ပေါ့။ အဲတော့ ကျွန်တော်တို့က ဗီလာထဲဝင်ရင် တံခါးပိတ်ပြီး အလုပ်လုပ်တာပေါ့နော်။ ဖြစ်ချင်တော့ သူက ကျွန်တော်တို့အလုပ်က မန်နေဂျာမလေးရဲ့သူငယ်ချင်း။ အဲမန်နေဂျာ အလုပ်ပိတ်ရက်တွေဆို အဲ့လူကို ကျွန်တော်တို့ဘာလုပ်နေလဲဆိုတာ မသိမသာလာစစ်ခိုင်းတယ်ပေါ့နော်။ အဲတော့ သူလာကြည့်တဲ့အချိန် ကျွန်တော်တို့ကအထဲမှာဆို သူကသဝန်တိုတယ်။ တကယ်တော့ သူက ဒီကုမ္ပဏီကဝန်ထမ်းမဟုတ်ဘူး။ ဒီအလုပ်ထဲကလူတွေကို ဘာလုပ်ဘာလုပ်ဆိုပြီးတော့လည်း သူအမိန့်ပေးလို့မရဘူး။ သူလာပြီဆို ဗီလာတံခါးကိုကြမ်းကြမ်းခေါက်ပြီး အော်ခေါ်တယ်ပေါ့နော်။ ကျွန်တော်တို့က တံခါးဖွင့်ပေးလိုက်ရင် ကျွန်တော်တို့ကို ဓာတ်ပုံရိုက်ပြီး ပြန်သွားရော။ အဲနေ့ကကျတော့ ကျွန်တော်တို့က နေ့လည်ဘက် မီးဖိုချောင်မှာ ပစ္စည်းတွေတင်ဖို့ စင်ဆောက်နေတာပေါ့နော်။ အဲတော့ သူခေါ်တာလည်းမကြားဘူး။ ကြားတော့လည်း သူကဘာလုပ်နေလဲဆိုတော့ ကိုယ်ဘာလုပ်နေလဲဆိုတာ သူ့ကိုပြောပြတာပဲ။ အဲဒါကို သူက အလုပ်မလုပ်ဘဲကစားနေပါတယ်ဆိုပြီး မန်နေဂျာမကိုသွားပြော။ မန်နေဂျာမကလည်း ဘာမသိညာမသိနဲ့ သူဌေးကိုသွားပြောတော့ နောက်နေ့ကျ ကျွန်တော်တို့အဆူခံရတယ်ပေါ့။ အဆူခံရတော့ ကျွန်တော်ကလည်း ဘာလုပ်နေပါတယ်ဆိုပြီး သက်သေနဲ့ပြန်ပြတော့ အဲအကြောင်းက အဲမှာတင်ပြီးသွားရော။ အဲဒါနဲ့ကျွန်တော်က ထမင်းပြန်စားပြီးတော့ တစ်ယောက်တည်း ဗီလာထဲမှာရှိတဲ့အချိန် အဲထိုင်းကောင်က ကျွန်တော့်ဆီလာပြီး ကျွန်တော့်အင်္ကျီစကိုဆွဲပြီးတော့ သူနဲ့ပြဿနာဖြစ်ချင်တာလား ဘာလဲဆိုပြီး လာလုပ်တယ်ပေါ့နော်။ အဲတော့ကျွန်တော်ကလည်းပြန်ပြောတယ် ငါမင်းနဲ့ပြဿနာမဖြစ်ချင်ဘူး။ မနေ့တုန်းက ငါတို့ကစားနေတာမဟုတ်တဲ့အတွက် ကစားနေတာမဟုတ်ကြောင်းပဲငါပြောတာဆိုပြီးပြောတော့ ကျွန်တော့်ကို သတိထားဆိုပြီး လက်ညှိုးငေါက်ငေါက်ထိုးပြီးထွက်သွားတာပေါ့နော်။ တစ်ခုခုပြဿနာဖြစ်ရင် ကိုယ်တွေပဲထိခိုက်မှာဖြစ်တဲ့အတွက် သူ့ကို ဘာမှတော့ ပြန်မလုပ်ဘူး၊ ပြန်လည်း မပြောလိုက်ဘူး။ အရင်တုန်းက အရမ်းခင်ပြီး အဲလိုဖြစ်သွားရတဲ့ အဓိကအကြောင်းပြချက်က သူ့ဘာသူသဝန်တိုနေတာရယ်။ တကယ်တော့ ကျွန်တော်လည်း ဟိုကောင်လေးကို စိတ်မဝင်စားဘူး။ သူ့အကြောင်းကို ပြန်ပြောရမလားဆိုပြီး သူ့ကို ပြဿနာရှာတယ်လို့ထင်တာရယ်။ ပြီးတော့ အဲမတိုင်ခင်တွေမှာလည်း ကျွန်တော်နဲ့ သူ့သူငယ်ချင်း မန်နေဂျာမနဲ့ သိပ်အဆင်မပြေတာလည်း ပါမယ်ပေါ့နော်။ အဲလိုပြဿနာရှာခံရတော့ စိတ်ကထပ်ပြီးတော့လည်း ပြဿနာတွေအကြီးကြီး မဖြစ်ချင်တော့တာရယ်အစကတည်းက ထွက်ဖို့ရည်ရွယ်ချက်ရှိတာရယ်ကြောင့် ချက်ချင်းပဲ မန်နေဂျာကိုပြောပြီး ထွက်ခဲ့လိုက်တယ်ပေါ့နော်။
တကယ်တော့ အဲထိုင်းကောင် ပြဿနာလာမရှာခင် နေ့လည်ပိုင်းမှာ ကျွန်တော်ရယ်၊ သူဌေးရယ်၊ မန်နေဂျာမရယ်ကလည်း စကားပြောဖြစ်ကြတယ်။ အဓိကက အဲမန်နေဂျာမနဲ့ ကျွန်တော်လည်း အဆင်မပြေလို့ပေါ့။ မန်နေဂျာကျတော့ ကျွန်တော်နဲ့မှမဟုတ်ဘူး၊ ဘယ်သူနဲ့မှ သူကအဆင်မပြေတာ။ အရှေ့မှာလည်း သူနဲ့အဆင်မပြေလို့ အလုပ်ထွက်သွားကြတဲ့သူတွေရှိတယ်ပေါ့နော်။ သူကျတော့ မန်နေဂျာအာဏာပြတာ။ သူကပုံမှန်ဆိုရင်လည်း စကားအပြောအဆိုမတတ်၊ အမြဲမျက်နှာပုတ်နေတတ်တဲ့သူကွာ။ သူ့အကြောင်းကဘယ်လိုဆိုတာ သိထားတဲ့အတွက်ကြောင့် သူနဲ့အဆင်ပြေအောင် ကြိုးစားနေတယ်။ တကယ်ကို စကားကို အချိုသာဆုံး ပြုံးပြီးပြောတယ်။ ဒါပေမဲ့ လူဆိုတာကကွာ တရားပေါက်နေတာလည်းမဟုတ်ဘူး။ အကြိမ်ရည်တွေများလာတော့ သည်းမခံနိုင်တာ ဖြစ်လာနိုင်တာပဲ။ အထူးသဖြင့် လူငယ်စိတ်နဲ့ဆိုရင်ပေါ့။ သူ့အကြောင်းကို အကျဉ်းချုပ်ပြီးပြောရရင် သူတစ်ခုခုလုပ်ခိုင်းလို့ ကိုယ်ကလုပ်လိုက်ပြီး အဲအရာကို သူဌေးကမကြိုက်ရင် သူက သူခိုင်းတာမဟုတ်ဘူးဆိုပြီး ခေါင်းရှောင်တယ်။ ကိုယ်တွေအမှားသေးသေးလေးလုပ်မိရင်လည်းကွာ သူဌေးမသိလည်း ဘာမှမဖြစ်တဲ့ကိစ္စတွေကို ပုံကြီးချဲ့ပြီး သူဌေးကို ပြန်ချွန်တယ်။ ပြီးရင် အဆိုးဆုံးက ဧည့်သည်ပါးတဲ့ရာသီတွေဆို ဗီလာမှာ ဝန်ထမ်းနည်းနည်းပဲရှိတယ်ကွာ။ အခုဆို ဗီလာလေးလုံးကိုမှ ကျွန်တော်အပါအဝင် ဝန်ထမ်းသုံးယောက်ပဲရှိတာ။ ကျွန်တော်လုပ်ရမယ့်တာဝန်က Customer Service ရယ်။ မန်နေဂျာက တစ်နေ့လုပ်ရမယ့်တာဝန်တွေပေးရင် ကျွန်တော်က အချိန်ဇယားနဲ့ သေချာအသီးသီးခွဲပေးပြီး ဝန်ထမ်းတွေကို ပြန်ပေးဖို့ရယ်။ ကိုယ်လုပ်ရမယ့်တာဝန်မှာ ကိုယ်သေချာလုပ်တယ်ကွာသိလား။ ဘယ်တုန်းကမှလည်း ဧည့်သည်တွေ complain မတက်ဖူးဘူး။ ပြီးတော့ ဗီလာမှာ ဧည့်သည်မရှိတဲ့အချိန်ဆို အခြားသူတွေကို ဝိုင်းကူဆိုလို့ ဝိုင်းကူတယ်။ အိပ်ယာခင်းတာတွေ၊ သန့်ရှင်းရေးလုပ်တာတွေကအစ ဝိုင်းလုပ်ပေးတယ်။ တစ်ခါတစ်လေ တစ်ရက်စာအလုပ်ကို တစ်ပတ်စာလောက် စုပြုံပြီးပေးတယ်။ ပြီးရင် မပြီးလို့အပြစ်ပြောတယ်။ ဗီလာတစ်လုံးကို သန့်ရှင်းရေးလုပ်ရင် အနည်းဆုံး ၃ နာရီကြာတယ်ကွာသိလား။ အိပ်ခန်း ၅ ခန်းနဲ့ Living room Kitchen တစ်ခန်းကို လူကနည်းနည်းလေးနဲ့ လုပ်ရတာ။ အဲအချိန်အတွင်းမှာ အိပ်ယာတွေခင်း၊ အိမ်သာတွေဆေး၊ Living room ရော Kitchen ရော ဖုန်တစ်စမကျန်အောင် ရှင်းခိုင်းတာ။ ပြီးရင် အမှိုက်စလေးသေးသေးလေး၊ ဖုန်လေးနည်းနည်း၊ အကွက်လေးသေးသေးလေးတွေကအစ ဓာတ်ပုံရိုက်ပြီး အလုပ်ကိုသေချာမလုပ်ဘူးဆိုပြီး မိုက်မိုက်ရိုင်းရိုင်းတွေရော၊ စကားကြီးစကားကျယ်တွေရော၊ စာအရှည်ကြီးရေးပြီးပြောတာ။ ပြောချင်တာက နားလည်မှုမရှိတာကွာသိလား။ ကောင်းတဲ့အရာတွေကို ဘယ်တော့မှ appreciate မလုပ်ဘူး။ မကောင်းရင်တော့ ပြောတာ နှစ်ပြားမတန်ဘူး။ တကယ်ဆို ဝန်ထမ်းကနည်းနည်းလေး အဲလောက်အသေးစိတ် 5 stars standard မှီချင်ရင် ဝန်ထမ်းကို သူ့နေရာသူထားကွာ။ အခုကရှိတဲ့ဝန်ထမ်းကို နယ်ပယ်အစုံမှာခိုင်းပြီး Jobs description မှာမပါတဲ့အရာတွေမှာခိုင်းပြီး အဆင်မပြေရင် ဆိုးဆိုးဝါးဝါးပြောတာကြီးကျ မဖြစ်သင့်ဘူးကွာသိလား။
အဲနေ့လည်မှာ ကျွန်တော်တို့ သူဌေးနဲ့စကားပြောပြီး ညှိနိုင်သလောက်ညှိပြီး သူ့ဘက် ကိုယ့်ဘက် အဆင်ပြေအောင်ကြိုးစားမယ်ဆိုပြီး သဘောတူလိုက်ပြီးနောက်ပိုင်းမှ အဲထိုင်းကောင် ပြဿနာလာရှာပြီး ချက်ချင်းအလုပ်ထွက်လိုက်တာပေါ့နော်။ Negative Environment ထဲက ထွက်လိုက်နိုင်လို့ စိတ်သက်သာသွားပေမဲ့ ထိုင်းတွေနဲ့အဆင်မပြေဘူးလို့ ကိုယ့်ကိုယ်ကိုယ်တွေးပြီး Depression ဖြစ်တာပေါ့နော်။ လက်တလောမှာလည်း မြန်မာအချို့ အနေအထိုင်မတတ်လို့အဆဲခံနေရတာနဲ့ပါ ပေါင်းပြီး အလုပ်လုပ်ဖို့တောင် ကြောက်လာတာ။ အပြင်သွားလို့ ဘာလူမျိုးလဲမေးရင်တောင် မြန်မာလို့မဖြေတော့ဘူး။ ဘာပဲဖြစ်ဖြစ် အလုပ်မလုပ်ရင်လည်း ငတ်မှာဆိုတော့ ကိုယ့်ဘာသာပဲ အဲအတွေးတွေကို Move on လုပ်ဖို့ကြိုးစားရမှာပဲ။ လောလောဆယ်တော့ အလုပ်အသစ်လျှောက်ဖို့ resume တွေ cover letter တွေလည်း အဆင်သင့်လုပ်ထားပြီးပြီမို့ စိတ်သက်သာသွားရင်တော့ အလုပ်ပြန်လုပ်ပါမယ်။
နောက်တစ်ကြိမ်ထပ်ပြောချင်တာက ဒါက အလုပ်ကလူတွေနဲ့အဆင်မပြေတာကို အတွေ့အကြုံကိုပြောပြတာဖြစ်ပါတယ်။ ပြောထားပြီးသလိုပဲ စိတ်ဓာတ်ဆိုတာက လူတစ်ယောက်ချင်းစီနဲ့ပဲဆိုင်ပြီး နိုင်ငံသားနဲ့မဆိုင်ပါဘူး။ လူငယ်တွေအနေနဲ့လည်း သူများနိုင်ငံတွေရဲ့ စည်းကမ်းတွေကို လိုက်နာပြီး အဆင်ပြေကြဖို့မျှော်လင့်ပါတယ်။ ဖတ်ပေးတဲ့အတွက် ကျေးဇူးပါခင်ဗျာ။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ဓာတ်ကျနေတဲ့အခါစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း