Author's Profile Photo

တင်ညွန့်

18/03/2025

အလှဆုံးတိုင်းပြည်ဆိုသည်မှာ

1 min read
Life Style
Education
General Knowledge
အလှဆုံးတိုင်းပြည်ဆိုသည်မှာ's photo

စူလ်တန်မင်းကြီးသည် သတင်းတစ်ခုကြားလိုက်ရသည်။

“အရှင်မင်းကြီး … ဈေးတွင် အလွန်တန်ဖိုးကြီးသော ကျွန်မိန်းကလေးတစ်ယောက် လေလံတင်ရန်ရှိ နေကြောင်း သတင်းရပါသည်”

“အဘယ်မျှဈေးကြီးသနည်း”

“အခြားကျွန်မိန်းကလေးများထက် အဆ ၁၀၀ ဈေးကြီးပါသည်”

“ဤမျှဈေးကြီးသော ကျွန်ဆိုသည်ကား ထူးခြားလှပေ၏။ ရှေ့တော်မှောက်သွင်းစေ”

ဤသို့ဖြင့် ကျွန်မိန်းကလေးသည် စူလ်တန်မင်းကြီးရှေ့မှောက်ရောက်လာသည်။

“အသင် ကျွန်မိန်းမ သင်သည် အဘယ်ကြောင့် အခြားမိန်းကလေးများထက် ဈေးနှုန်း အဆ ၁၀၀ မြင့်ရသနည်း”

“ကျွန်တော်မျိုးမသည် အခြားသောမိန်းကလေးများနှင့်မတူ … ထူးခွန်ထက်မြက်သောဉာဏ်ပညာ ရှိသောကြောင့်ဖြစ်ပါသည်”

“ကောင်းပြီ … ဉာဏ်ရှိသည်ဆိုလျှင် သင့်ကို ငါမေးခွန်းမေးမည်။ သင်ဖြေနိုင်လျှင် သင့်ကို ကျွန်အဖြစ်ကလွှတ် မည်။ မဖြေနိုင်လျှင် သင့်ကို သတ်မည်”

“မေးပါအရှင်”

“အကောင်းဆုံး အဝတ်အစားသည် အဘယ်နည်း”

“အမွှေးဆုံး ရနံ့သည် အဘယ်နည်း”

“အရသာအရှိဆုံး အစားအစာသည် အဘယ်နည်း”

“အနုညံ့ဆုံး အိပ်ရာသည် အဘယ်နည်း”

“အလှဆုံးတိုင်းပြည်သည် မည်သည့်တိုင်းပြည်နည်း”

စူလ်တန်မင်းကြီးက ကျွန်မိန်းကလေးကို မေးခွန်း ၅ ခု မေးလေသည်။

မိန်းကလေးက တည်ငြိမ်စွာဖြင့်

“ကျွန်တော်မျိုးဖြေနိုင်လျှင် လွှတ်မည်လော”

“ငါ့စကားတည်အံ့”

“ဤသို့ဆိုလျှင် အကျွန့်တိုင်းပြည်ကိုပြန်ရန် မြင်းကိုပြင်ပေးပါအရှင်”

“ဖြေပါဦး … ဖြေနိုင်မှ လွတ်မည်ပ”

“ပထမမေးခွန်းကို ဖြေပါမည်။ အကောင်းဆုံး အဝတ်အစားဆိုသည်မှာ ဆင်းရဲသားတွေ၏ အဝတ်အစားသာဖြစ် သည်။ တစ်ထည်တည်းသာရှိသော ထိုဆင်းရဲသားတို့သည် နွေ၊ မိုး၊ ဆောင်း ထိုတစ်ထည်တည်းကိုသာ ဝတ်ဆင် နေရသောကြောင့် မည်မျှစုတ်ပြတ်ညစ်နွမ်းသည်ဖြစ်စေ သူတို့အတွက် အကောင်းဆုံးဖြစ်သည်”

“ဒုတိယမေးခွန်းကို ဖြေပါမည်။ အမွှေးဆုံးရနံ့သည် အိမ်ထောင်ရှင်မများထံတွင်သာရှိသည်။ မီးဖိုချောင်ထဲက မထွက်ရသဖြင့် သူတို့ကိုယ်တွင် စွဲနေသော မီးခိုးနံ့ ဟင်းနံ့များသည်သာ အိမ်တစ်အိမ်အတွက် အမွှေးဆုံး ရနံ့များ ဖြစ်သည်”

“တတိယမေးခွန်းကိုဖြေပါမည်။ အရသာအရှိဆုံး အစားအစာဆိုသည်မှာ ဆာလောင်နေချိန်တွင် စားလိုက်ရသော အစားအစာဖြစ်သည်။ ဆာလောင်နေချိန်တွင် မှိုတက်နေသော ပေါင်မုန့်သည်ပင် အရသာရှိ ပါလိမ့်မည်”

“စတုတ္ထမေးခွန်းကို ဖြေပါမည်။ အနုညံ့ဆုံးအိပ်ရာဆိုသည်မှာ လူတစ်ယောက်အတွက် ငြိမ်းချမ်းစွာဖြင့် အိပ်စက် ရသောအိပ်ရာဖြစ်သည်။ ရွှေခုတင်ပေါ်တွင် အိပ်စက်ရသည်ဖြစ်စေ ပူပင်သောကဖြင့် မငြိမ်းချမ်းသော နေရာ၌ အိပ်ရသောအခါ ထိုအိပ်ရာသည် ဆူးအိပ်ရာသာဖြစ်မည်။ မြေပြင်ပေါ်တွင် အိပ်ရသည်ဖြစ်စေ ငြိမ်းချမ်းနေလျှင် မွေ့ရာနှင့်မလဲနိုင်ပါ”

ကျွန်မိန်းကလေးသည် ထိုသို့ဖြေပြီးနောက် နန်းတော်တံခါးပေါက်ကို လျှောက်သွားလေသည်။ စူလ်တန် ဘုရင်က

“မိန်းကလေး သင်နောက်ဆုံးမေးခွန်းကိုဖြေရန်ကျန်သေးသည်။ မလွတ်မြောက်သေး”

ကျွန်မိန်းကလေးက နောက်ပြန်လှည့်လိုက်ပြီး

“အရှင်မင်းကြီး အလှဆုံးတိုင်းပြည်ဆိုသည်ကား လွတ်လပ်သောတိုင်းပြည်၊ အရူးတွေအုပ်ချုပ်ခြင်းမှ ကင်းဝေးသော တိုင်းပြည်ဖြစ်သည်”

စူလ်တန်ဘုရင်ကြီးက ကျွန်မိန်းကလေးအဖြေတွေကို နားထောင်ပြီးနောက်

“ကောင်းပေစွ … သင်သည်ကား ဉာဏ်ပညာနှင့် ပြည့်စုံလှပေသည်တကား” ဟု မှတ်ချက်ပြုသည်။

မိန်းကလေးသည် မြင်းပေါ်တက်ပြီး သူ့တိုင်းပြည်ကို ပြန်သွားသည်။

စူလ်တန်လည်း

“ငါကအရူးမှမဟုတ်တာ” ဟုဖြေသိမ့်ကာ ကျန်ခဲ့သည်။

(Ref: The Most Beautiful Country)

တင်ညွန့်

၁၈.၃.၂၀၂၅

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)