ရိန်ဇော်
စကားပြောတဲ့ သွေး
(၁)
ကျွန်တော် အလွမ်းဝတ္ထုဖတ်ရင်း ကော်ဖီခါးခါးကို တစ်ငုံသောက်လိုက်တယ်။ "ဝိုး.."ကောင်းလိုက်တဲ့ အရသာ။ ကဖင်းကို စွဲနေတဲ့ ကျွန်တော့်အတွက် တစ်နေ့တာမှာ ကော်ဖီမသောက်မိတဲ့အချိန်ဆို လူက ဘာလိုနေမှန်းမသိ။ ဂျီပီဆရာဝန်ဆိုတော့ လူနာမလာတဲ့ အချိန်လေး ဝါသနာပါရာလေး ဖတ်ရတာ။ အလွမ်းဝတ္ထုရဲ့ စာမျက်နှာတွေကို တစ်ရွက်ချင်း၊ တစ်ရွက်ချင်း လှန်ရင်း ဇာတ်လမ်းထဲက ဇာတ်ကောင်ဟာ ကျွန်တော်ကိုယ်တိုင်လားလို့ ထင်မိတဲ့ အချိန်။ ကောင်းခန်းရောက်တော့မယ်ဆို လူနာလာပြလို့ ဆန့်ငင်ဆန့်ငင်ဖြစ်ရတာ ခဏခဏ။
ဒီအချိန် လူသံတွေ ဆူညံလာတယ်။ လူအုပ်လိုက် ဝင်လာကြတာ။
"ဟာ၊ ဘာများဖြစ်လာကြတာလဲ" ကျွန်တော်လည်း မသိ။
မျက်နှာနီရဲ ဒေါသထွက်နေတဲ့ ယောက်ျားက လက်သီးကို ကျစ်အောင်ဆုပ်လို့၊ အံကို ကြိတ်လို့။ စကား ခပ်ပြတ်ပြတ် ပြောချလိုက်တယ်။
"မင်းကွာ၊ မဟုတ်လို့ကတော့၊ တောက်"
မိန်းမက သူ့ဆိုင်ကယ်ဦးထုပ်ကို ကောင်တာစားပွဲပေါ် ဒုန်းခနဲ မြည်အောင် ဆောင့်ချလိုက်တယ်။ ဝင်ခေါ်လို့ အိမ်ကနေ အမောတကော လိုက်လာပုံရတယ်။ ထဘီမှာလည်း ရေစိုလို့။ လက်မှာလည်း အိုးမဲပေနေတယ်။
"ရှင် မမိုက်ရိုင်းနဲ့"ဆိုပြီး မိန်းမက မျက်မှောင်ကြုတ်ရင်း ပြန်ပြောတယ်။
ကလေးလေးတစ်ယောက်လည်း ပါလာတယ်။ ၁၅နှစ်လောက် ရှိပြီ။ ရောက်ကတည်းက ငိုနေတော့တာပဲ။
ကျွန်တော့် ဆေးခန်းထဲမှာ ဝင်သောင်းကျန်းနေကြတာ။ အခုထိ ဘာဖြစ်မှန်းကို မသိ။
"နေကြပါဦးဗျ။ ဘာဖြစ်လဲ ပြောကြပါဦး" ကျွန်တော် ဝင်ထိန်းရတော့တယ်။ ဖတ်လက်စ အလွမ်းဝတ္ထုလေးတောင် ဘယ်ထွက်ပြေးသွားမှန်းမသိ။ စိတ်လေတယ်။
"မိန်းမဗျာ၊ ဖောက်ပြန်တယ်။ ၁၅နှစ် ပေါင်းလာတာ။ ဒီနေ့ သိတာပဲ"လို့ ယောက်ျားက ပြောချလိုက်တယ်။
"ဟာဗျာ ခင်ဗျားတို့ကလည်း ဒါက ဆေးခန်းလေဗျာ၊ တရားရုံး မဟုတ်ဘူးဗျ" ကျွန်တော် ဒေါသထွက်တာလွန်လား။
"ဒီလို၊ ဒီလိုပါ ဆရာ။ မှတ်ပုံတင်လုပ်ဖို့ ကလေးကို သွေးစစ်တာ ကလေးက အိုသွေးဖြစ်နေတာ။ အဖေက အေသွေး၊ အမေက ဘီသွေး။ ကလေးကျတော့ အိုတဲ့ဗျာ။ အဲတာနဲ့ ကျွန်တော့်ညီ လူရိုးကြီးက ဒေါကန်တော့တာပဲဗျာ"
ဘေးက ကလေးဘကြီးဖြစ်သူက ကျွန်တော့်ကို အားနာတဲ့ အမူအရာနဲ့ ဝင်ပြောမှ ဇာတ်ရည်လည်တော့တယ်။
"ဒီလိုလုပ်ပါဗျာ။ ကျွန်တော် ဆေးခန်းထဲကပဲ ထွက်ပြေးရတော့မှာလား စဉ်းစားနေတာ။ ခင်ဗျားတို့ကလည်း။ ဟုတ်ပြီ။ ဟုတ်ပြီ။ ထိုင်။ ကျုပ်ဖြေရှင်း ပေးမယ်။" လို့ ကျွန်တော် ပြောရတယ်။ ရှင်းမပြခင် ရေတစ်ငုံတော့ သောက်လိုက်တယ်။ လေရှည်ရမှာကို။
"နားထောင်၊ အဖေ၊ အမေ အေသွေး၊ ဘီသွေးပေမဲ့ ကလေးက အိုသွေး ဖြစ်နိုင်ပါတယ်"
"ဆရာ ဘယ်လိုကြီးလဲဗျာ။ ဒီလောက် ရှင်းနေတာ ဘယ်လိုဖြစ်နိုင်မှာလဲ"
ကျွန်တော် ပြောနေလည်း သူတို့ နားဝင်ပုံမပေါ်။ ဒေါပွနေတဲ့ ကလေးအဖေမို့ ကျွန်တော် သည်းခံလိုက်ပါတယ်။ ရှင်းပြဖို့က ကျွန်တော့်တာဝန်လေ။
"ကျွန်တော် ရှင်းပြမယ်။ သွေးအုပ်စု ဘယ်နှမျိုး ကြားဖူးလဲ"
"အေ, ဘီ, အေဘီ, အို"
"ဒီလေးမျိုးကို Phenotype ခေါ်တယ်။ ဆိုလိုတာ သွင်ပြင် အရ လေးမျိုးပေါ့။ အခု သွေးစစ်တာလည်း Phenotype ဒါကိုပဲ စစ်ကြတာဗျ "
"အဲတာနဲ့ ဘာဆိုင်လဲ၊ ဆရာရေ" ကလေးအဖေက ဘောက်ဆတ်ဆတ် ဝင်ပြောတယ်။
" ပြောမှာပေါ့ဗျ။ ခဏစောင့်ပါဦးဗျာ။"ကျွန်တော် မာန်လိုက်ရတယ်။ ပြီးမှ ကျွန်တော် ဆက်ပြောရတယ်။
"သွင်ပြင်အရ ၄မျိုးပဲ။ ဒါပေမဲ့ ဗီဇ အရ ၆မျိုး ရှိတယ်။ Genotype လို့ ခေါ်တာပေါ့ဗျာ"
"ရှင်းပြပါဦး ဆရာ" လို့ ဘေးကလိုက်လာသူက ဝင်ပြောတယ်။
"ဥပမာ- သွေးအုပ်စု တစ်ခု ဖြစ်ဖို့ အဖေဆီက ဗီဇတစ်ခု၊ အမေဆီက ဗီဇတစ်ခု ယူတယ်။ Allele လို့ ခေါ်တယ်။ နှစ်ခုပေါင်းပြီး သွေးအုပ်စု တစ်ခုဖြစ်တယ်။ ဆိုလိုတာက အေသွေးဖြစ်ဖို့ Allele ဗီဇနှစ်ခုပေါင်းဖို့ လိုတယ်။ ဥပမာ - အဖေဆီက အေ၊ အမေဆီက အေ ။ ကလေးက အေ။ မထူးဆန်းဘူး။ အဖေဆီက အေ။ အမေဆီက အို။ ကလေးက အေ။ ထူးဆန်းလား။ အေက သွင်ပြင်အရ လွှမ်းမိုးတယ်။ အိုက အလွှမ်းမိုး ခံရတယ်။ ဒါကြောင့် ဗီဇ နှစ်ခု ဆိုပေမဲ့ (အမေရဲ့ အို ပါပေမဲ့) ကလေးသွေးက အေ လို့ပဲ ထွက်တယ်။ သဘောပေါက်လား။ ခုထိရှင်းလား"
မိသားစုတွေရဲ့ မျက်လုံးတွေက အရောင်တောက်လာတယ်။ အာရုံစိုက်လာကြောင်း ကျွန်တော် သတိထားမိတယ်။
"ခုခင်ဗျားတို့ မိသားစုကို တွက်ပေးမယ်။
ယောက်ျားက အေသွေး။ အေသွေးလို့ ဆိုတာနဲ့ ဗီဇ နှစ်ခု မပါနိုင်ဘူးလား။ အေအေ သို့မဟုတ် အေအို။ အိုက မလွှမ်းမိုးဘူးလေ။ ရှေ့မှာပြောသလို"
ယောက်ျားဖြစ်သူက ခေါင်းငြိမ့် ထောက်ခံတယ်။
" မိန်းမက ဘီသွေး။ ဒါဆိုတော့ ဘီဘီ သို့မဟုတ် ဘီအို မဟုတ်ဘူးလား"
မိန်းမ ဖြစ်သူက မှန်ပါတယ်ဆိုတဲ့ အမူအရာ ပြတယ်။
" ဒါဆို ကလေး မွေးလာပြီပဲ ထားလိုက်။ ကလေးက အဖေဆီက ဗီဇတစ်ခု အေ သို့မဟုတ် အို။ အမေဘက်က ဘီ သို့မဟုတ် အို။ ၂ခုပေါင်းတဲ့အခါ ဖြစ်နိုင်ခြေတွေက အေအို, အေဘီ, ဘီအို, အိုအို ဆိုပြီး မဖြစ်နိုင်ဘူးလား။ ဒါကို Phenotype အရခေါ်ကြည့်။ သွေးအုပ်စု အေ၊ ဘီ၊ အေဘီ၊ အို လေးမျိုးလုံး ဖြစ်နိုင်တယ်။ ရှင်းပြီလား"
မိသားစုဝင်တွေ နားလည်သလိုလို ရှိကြပုံပေါက်တယ်။
" ခုကလေးက အဖေ့သွေးအုပ်စုက မလွှမ်းမိုးတဲ့ အိုကို ယူတယ်။ အမေ့ သွေးအုပ်စုက မလွှမ်းမိုးတဲ့ အိုကို ယူတယ်။ "အိုအို"ဆိုပြီး ဖြစ်တော့ အိုသွေးလို့ ခေါ်လိုက်တာပေါ့ဗျာ"
ကျန်တဲ့သူတွေက နားလည်သလို ရှိပေမဲ့ ကလေးအဖေက နားဝေးတယ်။ ကျွန်တော် ၃ခါမက အာပေါက်အောင် ရှင်းပြမှ မျက်နှာလေး ကြည်လာတယ်။
အဲဒီအခါကျမှ ယောက်ျားဖြစ်သူက ထပြောတယ်။
"ကျေးဇူး ဆရာ။ လွန်တာရှိလည်း တောင်းပန်ပါတယ်။ ကျွန်တော်လည်း ကိုယ့်သားကိုယ် သွေးက သိပါတယ်ဗျာ။ ဖအေတူသားမှန်း သိပေမဲ့ သွေးအဖြေကို နားမလည် ဖြစ်သွားတာ"
"ရှင် သိမယ် . . . . ဟင်း . . . . အိမ်ကျမှ သိမယ်" ဆိုပြီး မိန်းမက ယောက်ျားဗိုက်ခေါက်ကို အားနဲ့ ဆွဲထည့်လိုက်တယ်။
ကျွန်တော့် ဆေးခန်းသို့ တိုက်တိုက်ဆိုင်ဆိုင် ရောက်လာတဲ့ ဒီသွေးအမှုကို ကျွန်တော် ဖြေရှင်းပေးနိုင်ခဲ့တယ်။ ဒီမိသားစုလေးတစ်ခု ပျော်သွားတယ်။ ဒါကို ကျွန်တော် နားလည်ပေးနိုင်တာပေါ့။ အဖေအရင်း၊ အမေအရင်း၊ သားအရင်းဆိုတဲ့ ခံစားချက်ကို ဟုတ်ပါ့မလားဆိုတဲ့ သံသယ ဝင်ရာကနေ သံသယစိတ်တွေ ပျောက်သွားတဲ့ အချိန်။ သိပ်ပျော်စရာ ကောင်းမှာပါ။ လူနာတွေ ပြန်သွားတော့ ဆေးခန်းလေးက ပြန်လည်တိတ်ဆိတ်သွားပါတယ်။ ကျွန်တော့် စိတ်ထဲမှာသာ တိတ်ဆိတ်မှုတွေ ကင်းမဲ့ကုန်တာ။ အမေ့ကို သတိရလိုက်တာ။
(၂)
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဖြူဖျော့ဖျော့၊ မျက်တွင်းကျကျနဲ့ ပိုးဟပ်ဖြူလေးလို အမျိုးသမီးတစ်ယောက် နယ်ကအိမ်လေးမှာ နေတယ်။ သူဟာ ဒုတိယအရွယ်ကို ကျော်လို့ တတိယအရွယ်ထဲမှာ ရောက်နေရှာပြီ။ သူ့အိမ်ရဲ့ ဧည့်ခန်းမှာ ပုံလေးတစ်ပုံ ချိတ်ထားတယ်။ ဝါးရုံပင်ကို နောက်ခံထားလို့ အဖေ၊ အမေ၊ တစ်နှစ်အရွယ်ကလေးလေး။ အဖေနဲ့ အမေက ထိုင်ခုံလေးတွေပေါ်မှာ ခါးမတ်မတ်ထိုင်လို့။ အမေရဲ့ ပေါင်ပေါ်မှာ ထိုင်ရင်း အမေ့လက်ဖဝါးတွေနဲ့ ထိတွေ့ထားတဲ့ ကလေးလေးတစ်ယောက်ဟာ ဘယ်လောက်နွေးထွေးလိုက်ပါမလဲ။ နွေးထွေးတာ သေချာလှပါတယ်။ အခုထက်ထိ နွေးထွေးနေသေးတာ သေချာတယ်။ ဘာလို့လဲဆိုတော့ အဲဒီ ကလေးလေးဟာ ကျွန်တော်မို့ပါ။ ဒီပုံထဲက အမျိုးသမီးဟာ အခုနေမကောင်းဖြစ်နေတဲ့ ကျွန်တော့် အမေပေါ့။ ဒီပုံလေးကို လွန်ခဲ့တဲ့ ၂၅နှစ်က ရိုက်ခဲ့တာ နေမှာ။ ကျွန်တော် အခါလည်သားလေးပဲ ရှိသေးတာ။ သေချာတာက အမေက ကျွန်တော့်ကို ချစ်တယ်။ အဖေကလည်း နွေးထွေးတယ်။ ကျွန်တော့်ဘဝရဲ့ လူမှန်းသိတတ်စ အရွယ်၊ မှတ်ဉာဏ်တိုင်းမှာ အဖေနဲ့ အမေပါတယ်။ မိဘနှစ်ပါးကို ကျွန်တော် ချစ်တယ်။
အမေက ကျွန်တော့်ဆို စကားအလွန်ပြောချင်တာ။ ကျွန်တော်က အိမ်မှာမရှိတာ များတယ်လေ။ ကျွန်တော့်ကို အဖေနဲ့ အမေ မျှော်ကြတာများ လည်ပင်းတွေက သစ်ကုလားအုတ်တွေကို ဖြစ်လို့။ ကျွန်တော် မအားမှာစိုးလို့ ဖုန်းဆက်ချင်ပေမဲ့ မဆက်ကြဘူး။ အခုလို အိမ်ပြန်လာချိန်ဆို အမေက အမိအရစကားပြောတတ်တယ်။
"အမေ့သားက ငယ်ငယ်လေးကတည်းက အားကိုးရတယ်။ အမေ ဈေးကပြန်လာရင် ဈေးခြင်းတောင်းကို ကူသယ်ပေးတာ။ အား၊ ကျွတ်၊ ကျွတ်၊ ကျွတ်၊ ခါးတွေ နာတယ် သားရေ"လို့ အမေက ပြောတော့
"အမေ၊ ထိုင်တာကြာလို့ နာတာနေမယ်။ လှဲပြီးပြောလေ" လို့ ကျွန်တော်က နေရာကူရွှေ့ပေးတယ်။ ပြီးတော့ အမေ့စကားနဲ့ ဆက်စပ်ပြီး ကျွန်တော့်ငယ်ဘဝကို ပြန်မြင်ကြည့်တယ်။ လွမ်းစရာကောင်းတယ်။
ချွေးစို့နေတဲ့ အမေ့မျက်နှာကို ကျွန်တော် မှတ်မိတာပေါ့။ အမေ ဈေးပြန်ချိန် ဂျေဂျေဘောင်းဘီနဲ့ ကလေးတစ်ယောက် "အမေ့"လို့ အော်ရင်း ပြေးသွားတဲ့အခါ မောတာမေ့ပြီး ရွှင်ပြသွားတဲ့ အမေ့မျက်နှာကို ကျွန်တော် သိပ်မှတ်မိတာပေါ့။
"အမေဈေးသွားရင် သားဖို့ မုန့်ပါလာမှန်း သားသိတယ်လေ။ ဟဲဟဲ" ကျွန်တော်က ဟာသနှောလိုက်တော့
"အခုလည်း အမေ့သားလေး ရှိလို့သာ၊ အမေ့သွေးရောဂါက ပျောက်ကော ပျောက်ဦးမှာလား"တဲ့။
"အမေရယ်၊ မေးမှ မေးတတ်လိုက်တာ။ ကျွန်တော် မဖြေချင်တဲ့ မေးခွန်းကို တည့်တိုး မေးချလိုက်တာပဲ။ အဖြေကတော့ ရှိပါတယ်။ ကျွန်တော် တမင် မဖြေချင်ရုံပါ။ အမေ့ မျက်နှာက မျှော်လင့်ချက်ပါးပါးလေး ဘယ်ရိုက်ချိုးလို့ ဖြစ်ပါ့မလဲ"ဆိုပြီး ကျွန်တော့်စိတ်ထဲမှာသာ ဖြေနေခဲ့တယ်။ ဒါပေမဲ့ ပါးစပ်ကတော့
"အမေကလည်း အခုခေတ်က တိုးတက်နေပြီလေ။ ပျောက်မှာပါ" လို့
အဖြူရောင်မုသားတွေ ကျွန်တော် ပြောခဲ့မိပါတယ်။ သွေးလှူဘဏ်ကို ချောင်းပေါက်မတတ် သွားထုတ်ခဲ့တဲ့ သွေးအလုံးရေများစွာဟာ အမေ့ခန္ဓာထဲမှာ ကြာကြာ မနေနိုင်ကြပါဘူး။ အမေဟာ တစ်ခါထက် တစ်ခါ ဆုတ်ယုတ်လာခဲ့တယ်။ မျက်နှာလေး ချောင်ကျနေတာ အရိုးပေါ် အရေတင်နေပြီ။ ဆရာဝန်တစ်ယောက်ဖြစ်ရခြင်းရဲ့ ကျိန်စာလို့ပဲ ဆိုလိုက်ချင်တော့တယ်။ အမေ လူ့လောကမှာ ကြာကြာမနေရတော့ဘူးဆိုတာ ကျွန်တော် သိနေခဲ့တယ်လေ။ ဒီလိုတွေ တွေးမိတော့ ကျွန်တော့် မျက်လုံးထဲ မျက်ရည်က ဘယ်အချိန်ရောက်လာတယ် မသိ။ အမေ မြင်သွားတယ် ထင်တယ်။
"သား ငိုနေတာလား"
ကျွန်တော့် မျက်နှာကို အကဲခတ်အကျွမ်းဆုံး မိခင်တစ်ယောက်ရဲ့ စကားပါ။ ဘယ်မှားလိမ့်မလဲ။
"ဟာ၊ အမေကလည်း မျက်လုံးထဲကို အကောင် ဝင်သွားလို့ပါ" လို့ ကျွန်တော် လိမ်ပြောမိတယ်။
"သား၊ ထမင်း မစားရသေးဘူးလေ။ သားကြိုက်တဲ့ ပုစွန်စိတ် ငရုတ်သီးချက်လေး၊ ပင်စိမ်းရွက်လေးနဲ့၊ နင့်အဖေကို သွားဝယ်ခိုင်းထားတယ်"
"ဟုတ်၊ ဟုတ်"
ကျွန်တော် အမေ့ရှေ့မှာ မငိုချင်တာနဲ့ ထမင်းစားချင်ယောင်ဆောင် ထွက်ခဲ့လိုက်တယ်။ အမေက သူနေမကောင်းချိန်မှာတောင် ကျွန်တော့်အတွက် စဉ်းစားပေးနေသေးတယ်။ ကျွန်တော်စားဖို့ စီစဉ်ပေးနေသေးတယ်။ အော်၊ အမြဲစီးဆင်းနေတဲ့ စုန်ရေပါပဲလား။ ဒီလောက် သားအပေါ် ချစ်တဲ့အမေ။ ကျွန်တော် လမ်းမလျှောက်တတ်သေးတဲ့ အရွယ်ကတည်းက အတူရှိနေခဲ့တဲ့ အမေ။ ဘာလို့လဲ။ ဘာလို့လဲ။ မီးဖိုဆောင်ထဲမှာ အသံမထွက်အောင် ကျိတ်ငိုရင်း အမေ စီစဉ်ပေးတဲ့ ထမင်းပန်းကန်ဟာ မကုန်နိုင်အောင် ပြည့်လျှံနေခဲ့တယ်။
(၃)
အမေ့သွေးရောဂါကို စသိချိန် ကျွန်တော် ဟောက်ဆာဂျင်ဘဝ။ အိမ်မပြန်ဖြစ်တာကြာလို့ ပြန်သွားတုန်း အမေ ဖြူရော်ရော်ဖြစ်နေလို့ ဆေးစစ်ဖို့ ခေါ်လာခဲ့တယ်။
"ဟောက်ဆာဂျင်လေးလား၊ မင်းအမေကို သွေးသွင်းရမယ်"
ပရော်ဖက်ဆာက ဝါ့ဒ်,ရောင်းရင်း ကျွန်တော့်ကို ပြောတယ်။ သူ့ဆီမှာ ကရုဏာသက်တဲ့ အမူအရာ ပေါ်လွင်တယ်။
"ဟုတ်ကဲ့ပါ ဆရာ"
အမေကလည်း လူနာခုတင်ပေါ်မှာ ပက်လက်အနေအထားကနေ ဆရာတွေကို ကျေးဇူးတင်တဲ့ အမူအရာပြတယ်။ ဂျူတီကုတ် အဖြူရောင်ဝတ်ထားတဲ့ ဆရာဝန်အငယ်လေးတွေကြား သားဖြစ်သူ ကျွန်တော့်ကို မြင်ရတော့ ဘယ်မပျော် ရှိလိမ့်မလဲ။ သူ့အိပ်မက်လေး တကယ်ဖြစ်လာတာကို မြင်ခွင့်ရပြီလေ။ သို့သော် လူနာအဖြစ် ရှိနေခဲ့တာကိုတော့ သူ ငြင်းဆန်ခွင့်ရရင် ငြင်းဆန်ချင်မှာပါ။
"သွေးရှာပြီးရင် ဆရာ ဆွေးနွေးစရာ ရှိတယ်"
ပရော်ဖက်ဆာ ပြောစကားကြားပြီးနောက် ကျွန်တော် နင့်ခနဲ ခံစားမိခဲ့တယ်။ လူနာရှေ့မှာ မပြောချင်တဲ့ စကားဆိုတာဟာ သတင်းဆိုးဖြစ်ဖို့သာ များတယ်လေ။ တကယ်လည်း သတင်းဆိုး ဖြစ်ခဲ့တယ်။
အမေ ခံစားနေရတာက Multiple myeloma ဆိုတဲ့ သွေးကင်ဆာ။ ကိုယ်ခံအားစနစ်အတွက် အရေးပါတဲ့ "ပလက်စမာဆဲလ်"တစ်မျိုးဟာ မထိန်းနိုင်အောင် ပွားလာခြင်းရဲ့ နောက်ဆက်တွဲတွေကို ခံစားရတယ်။ သွေးအားနည်းမယ်၊ အရိုးတွေ နာမယ် စသဖြင့်။ ပျောက်ကင်းတဲ့ ရောဂါ မဟုတ်ဘူးတဲ့။ စိတ်သဘောထားကောင်းတဲ့ ကျွန်တော့်အမေနဲ့ သဘောဆိုးတဲ့ ဒီရောဂါဟာ ဘယ်လိုမှ မလိုက်ဖက်လှပါဘူးဗျာ။ အမေ၊ သား စိတ်မကောင်းဖြစ်နေဆဲပါ။
အမေ့ကို ပထမဆုံးအကြိမ် သွေးသွင်းရတဲ့ နေ့။ အဲဒီနေ့ ကျွန်တော် ဘယ်မေ့မလဲ။ ကျွန်တော့်သွေးကို အမေ့အတွက် လှူမလို့ လုပ်ခဲ့သေးတယ်။ သွေးအမျိုးအစား မတူလို့ လှူလို့ မရခဲ့ဘူး။ ဒီအဖြစ်လောက်ဆို တော်ပြီလေ။ တော်သင့်ပြီ။ အော် ကံကြမ္မာလား၊ ကျွန်တော် တားဆီးပိုင်ခွင့် မရှိခဲ့ပါဘူး။ မထင်မှတ်ထားတဲ့ အဖြစ်အပျက်က လွင်တီးခေါင်မှာ မိုးကြိုးပစ်ချလိုက်သလို။ ဘာလို့လဲဆိုတော့ ကျွန်တော့် အမေ့သွေးက အို၊ ကျွန်တော့်သွေးက အေဘီ။ အမေရဲ့ သွေးက အိုဖြစ်တဲ့ အတွက် ဗီဇအရ "အို"ဗီဇနှစ်ခုသာ ပါတယ်။ ကျွန်တော့်သွေးမှာ "အေ"ဆိုတဲ့ ဗီဇတစ်ခုရယ်၊ "ဘီ"ဆိုတဲ့ ဗီဇတစ်ခုရယ် ရောက်နေတယ်။ အမေရဲ့ ဗီဇ Allele လေးတစ်ခုတောင် ကျွန်တော့်သွေးမှာ ပါမလာခဲ့ဘူး။ ကျွန်တော်ဟာ အမေ့သားအရင်း မဟုတ်ဘူးတဲ့။ ကျွန်တော် မယုံနိုင်ဘူး။ ဘယ်လိုဖြစ်ရတာလဲဗျာ။ သွေးသွင်းရတဲ့နေ့၊ ဟုတ်တယ် အဲဒီ သွေးသွင်းရတဲ့နေ့။ ကမ္ဘာပျက်သလိုပဲ။ ကျွန်တော် အိပ်မပျော်ခဲ့ဘူး။
အမေရာ၊ ကျွန်တော့ဘဝတစ်ခုလုံး အမေ့သားအရင်းအဖြစ် ကျေနပ်နေမိတာပါ။ သားက အမေတူလေးလို့ အပြောခံရတဲ့အခါ ပျော်နေခဲ့တာပါ။ အမေ့လို အဆီပိုမရှိတဲ့ ကိုယ်ခန္ဓာကို အမွေရထားတယ်လို့ ထင်မှတ်ထားသူပါ။ သို့သော် အမေ တစ်ဘဝလုံး ဝှက်ထားခဲ့တဲ့ လျှို့ဝှက်ချက်ရှိနေမှန်း သား မသိခဲ့ဘူး။ သား မထင်ထားဘဲ သိလိုက်ရတယ်။ အမေ့သွေးက အို၊ သားရဲ့ သွေးက အေဘီ။ ဘယ်လိုဖြစ်ရတာလဲဗျာ။ကျွန်တော် တွေးမိတဲ့အကြောင်းတွေ အနန္တပဲ။ တုန်လှုပ် ခြောက်ခြားမှုတွေ အနန္တပဲ။ မေးခွန်းပေါင်းများစွာ။ အမေ ဖြေနိုင်ပါလိမ့်မယ်။သို့သော် ကျွန်တော် ဖျားနေတဲ့အမေကို ဘယ်မေးရက်ပါ့မလဲ။
(၄)
သွေးက စကားပြောတယ်။ အမေ့သွေးနဲ့ ကျွန်တော့်သွေးဟာ သားအမိ လုံးဝ မဟုတ်နိုင်ဘူးလို့ ရက်ရက်စက်စက် ဆိုတယ်။ ကျွန်တော် လုံးဝတုန်လှုပ်ခြောက်ခြားခဲ့ရတယ်။ ကျွန်တော်ရဲ့ မိဘအရင်းတွေက ဘယ်သူလဲ။ သူတို့က ကျွန်တော့်ကို မလိုချင်ဘဲ ရခဲ့တာလား။ သူတို့ ကျွန်တော့်ကို လမ်းဘေးမှာ စွန့်ပစ်ထားခဲ့တာလား။ ခိုင်နှင်းဝေဂေဟာလို တစ်နေရာရာသို့ ပိုခဲ့တာလား။ မေးခွန်းများရဲ့ နက်ရှိုင်းမှုက အမှောင်ထုတစ်ခုလိုပဲ။ အလင်းရောင် စိုးစဉ်းမျှ မမြင်နိုင်။ အမေ ဖြေနိုင်တာပေါ့။ ကျွန်တော့်ကို ဘယ်ကနေ သူတို့ ဆောင်ယူလာခဲ့တယ်ဆိုတာ။ ကျွန်တော် ခန့်မှန်းကြည့်မိတယ်။ အဖေနဲ့ အမေက လူပျိုကြီး၊ အပျိုကြီးအဖြစ် အရိုးထုတ်တော့မယ်လို့ ခံယူထားပြီးမှ ဖူးစာဆုံပုံရတယ်။ အိမ်ထောင်တစ်ခု ဖြစ်လာပြီဆိုရင် အိမ်ရဲ့ ဆည်းလည်းလေးကို မျှော်လင့်ခဲ့ကြမယ်။ ရောက်မလာနိုင်တော့ ကျွန်တော့်ကို ခေါ်လာခဲ့တာ နေမှာ။ ကျွန်တော့် အတွေးတွေက စွန့်ပစ်ခံခဲ့ရတဲ့ ကလေးလေးဖြစ်ခဲ့တဲ့ အချိန်ကို ခဏခဏ ပြန်ရောက်မိနေတာ။ ဒီအကြောင်းကိုပဲ ထပ်ခါထပ်ခါ ကြေကွဲနေတာ။ ဒါကြောင့် အမှောင်ထုထဲကို ခဏခဏ တိုးဝင်မိနေတာ။ ဟုတ်တာပေါ့။ မိဘဖြစ်ချင်သူနှစ်ယောက်နေရာမှာ ကျွန်တော်ကိုယ်စား ဝင်ကြည့်မိတယ်။ အိမ်ရဲ့ ဆည်းလည်း ကင်းမဲ့ခြင်းသည် သူတို့အတွက် မျှော်လင့်ချက် ကင်းတဲ့ အမှောင်ထု။ နို့စို့ရုံ၊ ငိုတတ်ရုံသာ တတ်တဲ့ ရင်ခွင်ပိုက်ကလေးအတွက် အားကိုးရာ တိတိပပမရှိတဲ့ ဒီအချိန်ဟာ အမှောင်ထု။ တကယ်တော့ အမေ၊ အဖေနဲ့ ကျွန်တော်ဟာ အမှောင်ထုကနေ အတူတူရုန်းထွက်ခဲ့ကြသူတွေပါ။ မိဘဖြစ်ချင်သူနှစ်ယောက်နဲ့ မိဘငတ်နေသူကလေးတစ်ယောက်ရဲ့ ဘဝလေး သိပ်လှခဲ့တာပေါ့။ ကျွန်တော် ဝမ်းနည်းသွားမှာ စိုးလို့ မွေးစားခဲ့တဲ့ အကြောင်းကို တစ်သက်လုံး နှုတ်လုံခဲ့တာ နေမှာပေါ့။
ကျွန်တော် သိချင်နေတဲ့ မေးခွန်းအကြောင်း အမေ့ကို ကျွန်တော် ဘယ်တော့မှ မေးမှာ မဟုတ်ပါဘူး။ ဘာလို့ မေးတော့မှာလဲ။ အမှောင်ထဲသို့ ဘာလို့ ခဏခဏပြန်ဝင်ရမှာလဲ။ ဒီမေးခွန်းရဲ့ အဖြေထက် အမေ့မေတ္တာနဲ့ လျှို့ဝှက်ထားတာတွေကို မသိဟန် ဆက်လက်ဆောင်နေခဲ့ပါတယ်။ နောက်ဆုံးထွက်သက်နီးတော့ အမေ့ရဲ့ မျက်ဝန်းတွေက ကျွန်တော့်ကို ကြည့်တယ်။ အဖေ့ကို ကြည့်တယ်။ အပြုံးယဲ့ယဲ့လေး ရှိနေခဲ့တာ သေချာတယ်။ အမေ့ကို နောက်ဆုံးပြောချင်တဲ့ စကား ကျွန်တော့်မှာ ရှိတယ်။ အမေ ကြားနိုင်နေဆဲချိန်မှာ ဘဝကူးကောင်းအောင်လို့ ကျွန်တော် မပြောခဲ့ဘူး။ နာရေးထုံးစံအတိုင်း အမေ့ကို ရေချိုးပေးမယ်လုပ်ကြတော့ အမေ့ခေါင်းအုံးအောက်မှာ "သားသို့" လို့ ရေးထားတဲ့ ကျွန်တော့်အတွက် စာတစ်စောင်ကို တွေ့တယ်။ ကျွန်တော် အခုထိ မဖတ်ဖြစ်သေးပါဘူး။ ။
ရိန်ဇော်
Keep Reading