Leo Nann
လူရယ်လို့ဖြစ်လာရင်
အရွယ်ရောက်ပြီးသားအမျိုးသားနဲ့အမျိုးသမီးတွေကြားမှာ အဖိုအမ သဘာဝအရ
ချစ်ခြင်းကြိုက်ခြင်းဆိုပြီးဖြစ်လာတတ်ပါတယ်။ ထိုမှတစ်ဆင့် အိမ်ထောင်တစ်ခုကိုထူထောင်ကြ၊ကလေးတွေမွေးကြပြီး မိဘဆိုတဲ့တာဝန်ကိုယူလာရတာပေါ့။
ကမ္ဘာပေါ်မှာ လူတချို့ကတော့
အိမ်ထောင်ကျကံမပါလာကြပေမဲ့
အများစုဟာ ချစ်ရသူတွေနဲ့အိုးအိမ်တစ်ခုကိုထူထောင်ကြတာများပါတယ်။
မိဘချင်းသဘောတူလို့ပဲဖြစ်ဖြစ်၊လူငယ်ချင်းမေတ္တာမျှ၍ပဲဖြစ်ဖြစ်
အိမ်ထောင်မှုဆိုတဲ့ခေါင်းစဉ်အောက်မှာ
အခြေချနေထိုင်လာကြတာကတော့မဆန်းကြယ်တဲ့ ကိစ္စရပ်တစ်ခုပါပဲ။
စာဖတ်သူလေးတို့ကရော အိမ်ထောင်ပြုဖို့စိတ်ကူးရှိတဲ့သူတွေလား။
အိမ်ထောင်ပြုပြီးနောက် သားသမီးရင်သွေး မရှိသေးတဲ့ကာလမှာလား။
ဒါမှမဟုတ် forever aloneဘဝနဲ့အရိုးထုတ်မယ့်သူလေးတွေလား။
ဘယ်လိုအခြေအနေတွေမှာပဲရှိနေတဲ့လူငယ်တွေဖြစ်နေပါစေ၊"တာဝန်ယူနိုင်စွမ်းမရှိဘဲကလေးမမွေးပါနဲ့"ဆိုတဲ့ အချက်လေးကို သေချာဆန်းစစ်ကြည့်စေချင်ပါတယ်။
ဒီနေ့ခေတ်မှာ အပြစ်မရှိဘဲ ဒုက္ခများနေရတဲ့ ကလေးသူငယ်တွေအများကြီးရှိနေတာကို မိမိတို့ပတ်ဝန်းကျင်မှာသာမကဘဲ
social mediaတွေမှာပါ ခဏခဏမြင်တွေ့နေရပါတယ်။
ဒီနောက်ပိုင်းမှာ "မင်္ဂလာပွဲဟေ့"ဆိုလို့ကြည့်လိုက်ရင် အသက် ၁၅၊၁၆ဝန်းကျင် လူငယ်လေးတွေချည်းဖြစ်နေတာတွေ့လာရပါတယ်။ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်မှုပြုကြတဲ့အခါ အတွေ့အကြုံနုနယ်သေးတာကြောင့်
လောကဓံရဲ့ရိုက်ချက်တွေမှာ ခံနိုင်ရည်မရှိကြတာကများပါတယ်။(အားလုံးကိုမဆိုလိုပါ)
အဆိုးဆုံးပြဿနာတစ်ရပ်ကတော့ သားသမီးတွေရလာတဲ့အချိန်မှာ ကြုံတွေ့ရမယ့်အခြေအနေပါပဲ။
လက်ထပ်ပြီးခါစ ၁နှစ်၊၂နှစ်လောက်မှာ
အိမ်ထောင်ရေးရဲ့ ရိုက်ခတ်မှုဒဏ်ကိုသိပ်မခံရသေးတာကြောင့်
ကြည်နူးစရာအချိန်လေးတွေ ပိုင်ဆိုင်စဲကာလဖြစ်တာမို့ "ပြဿနာတွေလာကြစမ်းပါစေ၊ရင်ဆိုင်ပစ်မယ်ဟဲ့"ဆိုပြီး မြောက်ကြွကြွဖြစ်နေကြဦးမှာပါ။စီးပွားရေး အဆင်ပြေနေရင်တော့အကြောင်းမဟုတ်ပါဘူး။အိမ်ထောင်သက်တမ်းလေးလည်းရှည်လာ၊စီးပွားရေးကလည်း သိပ်မကောင်းဆိုရင်တော့ ပြဿနာ စရှိလာပါပြီ။အထူးသဖြင့် အရွယ်ငယ်ငယ် အိမ်ထောင်ရှင်အများစုဟာ အရွယ်ရောက်ပြီး အိမ်ထောင်ရှင်များလောက် အတွေ့အကြုံ၊စဉ်းစားဆုံးဖြတ်နိုင်စွမ်းနဲ့ ပြဿနာတစ်ခုအပေါ်ဖြေရှင်းနိုင်စွမ်းတို့မရင့်သန်တာကြောင့် အိမ်ထောင်ရေး အကွဲအပြဲကိစ္စအဖြစ်ပိုများကြပါတယ်။(ဘယ်အရွယ်မှာပဲဖြစ်စေ နားလည်မှု၊ဖြေရှင်းနိုင်စွမ်းတွေမရှိရင် ပြဿနာကတော့ရှိမှာပါပဲ။)
စားဝတ်နေရေးကြပ်တည်းမှုနဲ့ကြုံရတဲ့အခါ တစ်ဦးနဲ့တစ်ဦးကြားမှာ ပဋိပက္ခလေးတွေအစပြုလာတတ်ပါတယ်။
ဒီအခါ လူငယ်လူရွယ်သဘာဝအရ တဇွတ်ထိုးရန်ဖြစ်ကြ၊တစ်ဦးနဲ့တစ်ဦးအချင်းပွားကြတဲ့အခြေအနေမျိုးတွေအထိ ရောက်သွားနိုင်တာကို ဂရုပြုရပါမယ်။ဒါတင်မကသေးပါဘူး။အချိန်မတန်သေးဘဲ ကလေးယူမိတဲ့အခါ ဒုက္ခနဲ့နဖူးတွေ့ဒူးတွေ့ရင်ဆိုင်လာရတော့မှာပါ။
ဒီအခါရင်သွေးငယ်လေးတွေကို
မြေစာပင်မဖြစ်စေဖို့ အထူးဂရုထားရပါမယ်။
အမြဲရန်ဖြစ်နေတဲ့မိဘတွေကိုပိုင်ဆိုင်ထားရတဲ့ သားသမီးတွေဟာ အနည်းနှင့်အများဆိုသလို စိတ်ဒဏ်ရာတွေရလာတတ်ပါတယ်။မိဘဆိုတာ မိဘတာဝန်ကို ထမ်းနိုင်စွမ်းရှိနေရပါမယ်။ကိုယ့်သားသမီးရဲ့
ကိုယ်ခန္ဓာကျန်းမာရေးအပြင် စိတ်ကျန်းမာရေး
ကိုပါ အလေးထားရမှာကလည်း မိဘတို့ရဲ့တာဝန်တစ်ခုပါပဲ။အထူးသဖြင့်
ကိုယ့်ကလေးတွေရှေ့မှာ အချင်းချင်း စကားများ ရန်လိုမနေကြဘဲ နွေးထွေးမှုအပြည့်ရှိနေပေးဖို့လည်း လိုပါသေးတယ်။ ဒါမှသာ မိမိတို့ရဲ့ကလေးငယ်ဟာ စိတ်လုံခြုံမှုရှိပြီး ပျော်ရွှင်အေးချမ်းတဲ့ဘဝအသိုက်အဝန်းလေးကိုပိုင်ဆိုင်လာမှာပါ။
နောက်ပြီး မိဘတွေရဲ့ ကြပ်တည်းမှုဟာ သားသမီးရဲ့ ပညာရေးအပေါ်ဆိုးကျိုးများစွာသက်ရောက်စေနိုင်ပါတယ်။ဒါကြောင့် သားသမီးမယူခင်က "ငါတို့ဟာ ကလေးတစ်ယောက်ကို ကျွေးမွေးစောင့်ရှောက်နိုင်တဲ့အထိ အဆင်သင့်ဖြစ်ပြီလား။လူချင်းတူစွာနဲ့ လူတစ်လုံးသူတစ်လုံးဖြစ်အောင်ထားနိုင်မယ့်အရည်အချင်းရောရှိပြီလား"ဆိုပြီးသေချာစဥ်းစားခဲ့ကြဖို့လိုပါမယ်။ကိုယ်တိုင်က ကိုယ့်ဝမ်းကိုတောင် မကျောင်းနိုင်ဘဲ သားသမီးတွေကို ဘဝထဲခေါ်ကြဖို့ စိတ်မကူးပါနဲ့။
နောက်ပြီး လောကမှာ သိမ်ငယ်စရာအကောင်း
ဆုံးအရာတစ်ခုရှိနေပါတယ်။ဒါဟာဘာလဲဆိုရင် ဆင်းရဲတဲ့သူအပေါ်ကြည့်တဲ့ လူတွေရဲ့အကြည့်ပါပဲ။တွေးကြည့်ကြပါ။
ကိုယ့်ကလေးကို ဘယ်မိဘက ဒီလိုအကြည့်တွေနဲ့ကြည့်တာခံချင်ပါ့မလဲ။ဒါဆို ဒီကလေးကို လောကထဲ ခေါ်မယူလာခင်ကတည်းက မကြိုးစားသင့်ခဲ့ဘူးလား။ဒီအချက်ကို မဖြစ်မနေတွေးပေးဖို့လိုပါမယ်။ကိုယ်မကြိုးစားခဲ့ရင် ကိုယ့်ကလေးကိုလူအနှိမ်ခံရမယ်ဆိုတာ ဖေဖေ၊မေမေတွေအနေနဲ့ စွဲစွဲမြဲမြဲခေါင်းထဲထည့်ထားရပါမှာ။
ဒါဟာ အိမ်ထောင်သည်ဘဝမှာ ရင်သွေးရတနာလေးတွေကို လိုလိုလားလား ခေါ်ယူကြမဲ့ မိဘတို့အတွက် ပေးချင်တဲ့ထင်မြင်ချက်လေးပါပဲ။
ဒါ့အပြင် ပတ်ဝန်းကျင်မှာ မြင်ရ၊ကြားရ အများဆုံးဖြစ်တဲ့
သန္ဓေသားဖျက်ချခြင်းနဲ့ပတ်သက်ပြီးလည်း လီယို့အမြင်ကို နည်းနည်းလောက်မျှဝေချင်ပါသေးတယ်။
လောကထဲကိုဝင်လာမဲ့ ကလေးဟာ ဘာအပြစ်မှမရှိပါဘူး။
တို့တတွေဟာလူသားတွေဖြစ်တာကြောင့် လူသားဆန်နေရပါမယ်။
ကိုယ်ဝန်ဖျက်ချတယ်ဆိုတာ တကယ်ကို လူမဆန်တဲ့လုပ်ရပ်ပါပဲ။အမျိုးသားကပဲ
ကလေးမလိုချင်လို့ဖြစ်စေ၊အမျိုးသမီးကပဲ မလိုချင်လို့ဖြစ်စေ အစတည်းက မိမိတို့ကိုယ်တိုင်ထိန်းသိမ်းခဲ့ကြဖို့လိုပါမယ်။
ကိုယ်ဝန်ရှိလာမှ ဖျက်ချတယ်ဆိုတာ သာမန်လူ့အတွေးအခေါ်နဲ့ တွေးတောတာမဖြစ်နိုင်တော့ပါဘူး။
တိရိစ္ဆာန်တွေတောင် သူတို့ရဲ့ကလေးနဲ့ပတ်သက်ပြီး မိဘဆိုတဲ့အသိရှိနေပါတယ်။
မမွေးချင်ရင် အစတည်းက ဆင်ခြင်ကြပါ။ကိုယ်ဝန်မရအောင် ကာကွယ်ဖို့နည်းလမ်းတွေအများကြီးရှိပြီးသားပါ။တားဆီးမရခဲ့၍ ကိုယ်ဝန်ရခဲ့သည်ရှိသော် ဖခင်က မလိုချင်စေကာမူ ဒီကလေးကို တာဝန်စောင့်ရှောက်ယူဖို့ မိခင်ဖြစ်သူမှာ တာဝန်အပြည့်ရှိနေပါတယ်။ကိုယ်ဝန်ဖျက်ချတာဟာ လူသတ်တာနဲ့အတူတူပါပဲ။လူ့အသက်တစ်ချောင်းကို လွယ်လင့်တကူ ဖျက်စီးမပစ်လိုက်သင့်ပါဘူး။
ကိုယ့်အတွက်ကြောင့်နဲ့ အပြစ်မရှိတဲ့ကလေးကို မြေစာပင်မလုပ်မိပါစေနဲ့။ကိုယ်မလိုချင်ဘဲ ရရှိလာခဲ့ရင်တောင် တာဝန်ယူမှု၊တာဝန်ခံမှုအပြည့်ရှိနေရပါမယ်။
ဒါကြောင့် ဘဝမှာ ဒီလိုအမှားမျိုးလုံးဝမလုပ်မိကြစေဖို့ တိုက်တွန်းလိုပါတယ်။
လူဆိုရင် လူအသိရှိရပါမယ်။
မိမိကို ကိုယ်ဝန်ဖျက်ချလိုသူတစ်ဦးဦးက
တိုင်ပင်လာခဲ့ရင်လည်း 'မဖျက်ချဖို့'နဲ့'အသက်တစ်ချောင်းဟာ မည်မျှ တန်ဖိုးရှိကြောင်း 'သေချာရှင်းပြပြီး
အကြံပေးရပါမယ်။
လူပီသကြပါ။ ကိုယ့်တာဝန်ကိုယ်ယူပါ။ ကိုယ့်ကိုကိုယ်ထိန်းသိမ်းပါ။
-------------------------------------------------
ကိုယ်တိုင်က ကလေးမယူဖြစ်ခဲ့ရင်တောင်
အထက်မှာဖော်ပြခဲ့တဲ့အချက်တွေကို အသိတရားတစ်ခုအနေနဲ့ မှတ်သားထားသင့်ပါတယ်။
-------------------------------------------------
အဆုံးထိဖတ်ပေးခဲ့ကြတဲ့ စာဖတ်သူတစ်ဦးတစ် ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်နော်။ ဖတ်ပြီးသွားတဲ့အခါ စာဖတ်သူလေးတွေအနေနဲ့ လီယိုပေးချင်တဲ့ messageလေးတွေကို သေချာပါက်ရခဲ့လိမ့်မယ်လို့လည်းထင်ပါတယ်။ အားလုံးကိုအစဉ်လေးစားလျက်... Leo Nann
Keep Reading