Author's Profile Photo

ညဉ့်ယံထက်[ Nyint Yan Htet ]

15/03/2025

*ပစ်တိုင်းထောင်* အပိုင်း ( ၁၇ )

10 mins read
Novel
Fiction
Entertainment
*ပစ်တိုင်းထောင်*
အပိုင်း ( ၁၇ )'s photo

"ထွက်ပြေးရမယ်..."

ဟူဂို့ဆီက ကြားခဲ့ရတဲ့စကား။ သူပဲနားမလည်တာလား။ ကျွန်မကပဲ သူ့ကိုလှည့်စားနေမိတာလားဆိုတာ ကျွန်မနားမလည်တော့ဘူး။ ဟူဂိုနဲ့ ကျွန်မနဲ့က လမ်းမတူဘူး။ ကျွန်မသူ့ကိုအကြိမ်ကြိမ်ပြောပြခဲ့ဖူးပါတယ်။ သူက အမှောင်ထဲက တိုးထွက်ချင်တဲ့သူ။ ကျွန်မကတော့ အမှောင်ထဲမှာပဲ အသက်ရှင်နိုင်အောင်ကြိုးစားချင်တဲ့သူ။ ကျွန်မ သိတော့သိချင်မိတယ်။ ကျွန်မသာ အမှောင်ထဲကတိုးထွက်မယ်ဆိုရင် ကျွန်မလုပ်ခဲ့တဲ့အရာတွေအတွက် ပေးဆပ်ရမှာမလားဟင်...   

မှန်ထဲမှာ မြင်နေရတဲ့မိမိရဲ့ပုံရိပ်က အတိတ်ကနဲ့တခြားဆီပဲ။နီရဲနေတဲ့ဆံပင်၊ နီရီနေတဲ့ နှုတ်ခမ်းနီတို့က မာယာဆိုတာကို ထင်ထင်ရှားရှားကြီး သိသာစေတယ်။ ...

ဆံပင်ကစ အနီရောင်ဆိုးခဲ့တာက အကြောင်းအရင်းရှိတယ်။ အမြဲသွေးထွက်သံယိုဖြစ်နေခဲ့တဲ့ ဒီနေရာက စရောက်ခါစကျွန်မအတွက် ကြောက်လန့်စရာ၊ သွေးပျက်စရာဖြစ်နေခဲ့ရှာတာ။ သွေး ဒါမှမဟုတ် အချည်ရည်တွေ၊ ဆို‌ဆေးတွေမြင်ရင်တောင် မျက်လုံးထဲမှာ မြင်လာတဲ့ပုံရိပ်က အတိတ်ကခရေပင်ကြီးနဲ့ထိုလူ။ အဲ့တာကြောင့် အဲ့လိုအတွေးတွေကို ရင်ဆိုင်နိုင်ဖို့အတွက် ကျွန်မတစ်ခေါင်းလုံးကို အနီရောင်တွေဆိုးခဲ့မိတာ...

အဲ့နောက်ပိုင်း ဆံပင်နီနီ၊ နှုတ်ခမ်းနီနီက မာယာဆိုတဲ့ကျွန်မရဲ့သင်္ကေတဖြစ်လာသလို အနီရောင်တွေကိုကြောက်နေတတ်တဲ့ကျွန်မလည်း အရင်ထက်စာရင်စိတ်သက်သာရာ ရလာခဲ့တယ်။ ဒါပေမယ့် ဘယ်လိုမှမသက်သာခဲ့တာက အိမ်မက်တွေ။ အဲ့လူ...အဲ့လူရဲ့ပုံရိပ်တွေက ကျွန်မကို ခုထိခြောက်လှန့်နေတုန်းပဲ။ ညဘက်မျက်လုံးလေးမှိတ်ပြီး မှေးကနဲအိပ်ပျော်သွားရင်တောင် ကျွန်မမက်တဲ့အိမ်မက်က အဲ့ခရေပင်ကြီးနဲ့ လည်ပင်းကြီးပျက်လုမတက်ဖြစ်နေတဲ့ ထိုလူ ...

ဒေါက်! ဒေါက်!

"မာယာ...ငါတို့သွားရမယ့်အချိန်ရောက်ပြီ..."

တံခါးခေါက်သံနဲ့အတူ ကျွန်မရဲ့တာဝန်စလာပြီဆိုတာကို ကျွန်မသိလိုက်ပါပြီ။ ကျွန်မရဲ့ ခန္ဓာကိုယ်က ပစ္စည်းသဖွယ်ဖြစ်နေနှင့်ပြီလေ။ ဒီနေရာက မိန်းကလေးအားလုံးက ဖောက်သည်တွေအတွက်တော့ ပျော်တော်ဆက်သက်မဲ့ပစ္စည်းတွေပဲ မဟုတ်ပါလား။ မုန်းတာပေါ့။ ကျွန်မဒီဘဝကို မုန်းတာပေါ့။ ဒါပေမယ့် ဘာတတ်နိုင်မှာလဲ။ ကျွန်မရဲ့ ကံကြမ္မာကိုက ဒီလိုဖြစ်လာခဲ့တာပဲလေ။ ကျွန်မလုပ်နိုင်တာက ရောက်ရာနေရာမှာဆက်ပြီး အသက်ရှင်နိုင်အောင်ကြိုးစားဖို့ပဲပေါ့...

မှန်တင်ခုံရှေ့မတ်တပ်ထရပ်လိုက်တာနဲ့ ဆံပင်အနီရောင်တွေနဲ့အညီ ဖိတ်ဖိတ်တောက်အောင်နီရဲနေတဲ့ အနီရောင်အလက်လက်ထနေတဲ့ဝတ်စုံ။ ရှိုက်ကြီးဖိုငယ်အသွယ်သွယ်ကို တင်းတင်းရင်း‌ရင်းဖော်ပြထားပုံက တကယ်ကို သိက္ခာမဲ့ပြီးရွံရှာဖွယ်ကောင်းလွန်းတယ်...

နောက်ဆုံး‌အနေနဲ့ ရေမွှေးကို လက်ကောက်ဝတ်ပေါ်ဖျန်းကာ ဂုတ်နားကိုပွတ်လိမ်းပြီးတာနဲ့ ခြေလှမ်းတွေက အခန်းအပြင်ဘက်ကို ဦးတည်လိုက်တယ်...

အင်ဖာနိုက မာယာမပါရင် မပြည့်စုံဘူးလေ...

_________

"ဝိုး!!!!! ဟိုး!!!!!"

‌ဆူညံလွန်းလှတဲ့ သီချင်းသံတွေနဲ့အတူ စင်ပေါ်မှာ ကပြဖျော်ဖြေနေတဲ့ လှပလွန်းတဲ့ မိန်းကလေးငယ်လေးတွေ...

"ဟူဂို...ဟိုဘက်ခြမ်း သွားကူလိုက်ဦး..."

"ဟုတ်ကဲ့..."

"မင်းပါလိုက်သွား..."

"ဟုတ်...ဂျာကြီး...သွားမယ်..."

ဟူဂို ဂျာကြီးရဲ့စကားဆုံးတာနဲ့ ချက်ချင်းပဲဘေးက တစ်ယောက်နဲ့အတူ တကယ့်VIPတွေချည်းရှိတဲ့ အခြမ်းကို အမြန်ပဲပြေးသွားလိုက်တယ်...

"မြန်မြန်လာကွ..."

"မလောစမ်းပါနဲ့ကွာ မင်းလက်ထဲကဗန်းသာ မမှောက်ကျအောင်သတိထား..."

"အေးပါ..."

ဟူဂို အေးအေးဆေးဆေးဖြစ်လွန်းနေတဲ့သူငယ်ချင်းကြောင့် စိတ်မရှည်စွာကိုယ့်ဟာကိုယ်ပဲအမြန် ခပ်သုတ်သုတ်သွားလိုက်တယ်။ ဒီအလုပ်ကို မုန်းပေမယ့် ကြိုးစားရမယ်။ ဖားသင့်ရင် ဖားရမယ်။ အဲ့ကြမှအောက်စိုက်ရပြီး ဒီကနေပြေးဖို့ ငွေစုနိုင်မှာ။ သေချာတွက်ကြည့်ရင် တစ်ယောက်စာလုံလောက်နေပြီဆိုပေမယ့် သူမကိုပါအပါခေါ်ရမှာမို့ သူနှစ်ဆကြိုးစားရမယ်...

ဟူဂို VIP တွေရှိတဲ့နေရာကိုရောက်တာနဲ့ မတူညီတဲ့သောက်စရာတွေချက်ချင်းငှဲ့ထည့်ပေးကာ မျက်နှာချိုသွေးနေရတယ်...

"ဟာ!!!!!!!!!!"

"What...."

"They are coming...."

ရုတ်တရက်ဆိုသလို အင်ဖာနိုတစ်ခုလုံးမှောင်မဲပြီးသွားကာမှ မိနစ်ပိုင်းတောင်မကြာလိုက်ခင်မှာပဲ ခုနကဖျော်ဖြေနေတဲ့ စင်ပေါ်ကို ဦးတည်ကာထိုးလိုက်တဲ့ မီးမောင်းတွေ...

"..."

စင်ပေါ်ကိုအာရုံရောက်နေတုန်း အနောက်ကနေမသိမသာတွန်းခံလိုက်ရတာကြောင့် လှည့်ကြည့်‌တော့ ပြောင်စပ်စပ်မျက်ခုံးတွန့်ပြနေတဲ့ သူငယ်ချင်းဖြစ်သူဖြစ်နေတာမို့ ဟူဂို မျက်နှာရိပ်မျက်နှာကဲပြကာ ဆက်မနောက်ရန် ခေါင်းခါပြလိုက်တယ်။ မျက်နှာကိုအတတ်နိုင်ဆုံးတည်ထားပေမယ့် ရင်ထဲမှာတော့ သူမပေါ်လာတော့မယ်ဆိုတဲ့အသိက အရူးမီးဝိုင်း‌ဖြစ်နေစေတယ်ဆိုတာ သူမကတော့ဘယ်သိပါ့မလဲနော်...

"ဝိုး!!!"

ရုတ်တရက် အားပေးသံတို့နဲ့အတူ ပေါ်လာတဲ့ မိန်းကလေး။ အနီရောင် ဆံကေသာတို့ကို ကပိုကရိုချထားပြီး မလုံ့တလုံအနီရောင်အဝတ်အစားက သူမကိုဘယ်လောက်ထိ ဆွဲ‌ဆောင်မှုရှိစေလည်းဆိုတာ သူမသိပါ့မလား။ ရုတ်တရက် ဆိုသလို တီးခက်လိုက်တဲ့စန္ဒယားအသံနဲ့အတူ စတင်လှုပ်ခါလာတဲ့ သူမရဲ့ခန္ဓာကိုယ်လေး...

"ဟဲ့ရောင် သွားရည်ကျနေပြီလား..."

"ဟာ..."

ဟူဂို အနောက်ကနေ ဆက်တိုက်လိုက်စနေတဲ့ကောင်ကြောင့် ပြုံးစိစိဖြစ်နေရပေမယ့် ကိုယ်အရက်ငှဲ့ပေးရမယ့် လူတွေကပါ မာယာ့ကို သွားရည်မကျရုံတမယ် တနှာမျက်လုံးတွေနဲ့ကြည့်နေတာကို မြင်လိုက်ရတာကြောင့် ဖန်ခွက်တွေအပြည့်ပါတဲ့ ဗန်းကိုကိုင်ထားရတဲ့လက်တွေက အလိုလိုတင်းနေအောင် ဆုပ်ထားမိတယ်...

ကိုယ်ချစ်ရ၊မြတ်နိုးရတဲ့ မိန်းကလေးတစ်ယောက်က ခုလိုမျိုးရှာဖွေစားသောက်နေရတာကိုမြင်တိုင်း ရင်ထဲမှာတစ်ဆစ်ဆစ်နာကျင်လာမိတယ်။ ခနနေရင် အခြားယောက်ျားတွေရဲ့ရင်ခွင်ထဲ ရောက်တော့မယ်ဆိုတာတွေးမိပြန်တော့ ကိုယ့်ကိုယ်ကိုအတော်အသုံးမကျတာပဲဆိုပြီး ဒေါသကထွက်မိပြန်ရော...

ဟူဂို စိတ်ပိုင်းဖြတ်ထားပြီးသားဆိုပေမယ့် ခုလိုမြင်ရတိုင်းပိုလို့တောင် သေချာသွားခဲ့ပြီ။ သူမာယာ့ကို ကယ်ထုတ်မယ်။ မာယာဟာ သူတစ်ယောက်ထဲပိုင်ဆိုင်ရမယ့် တန်ဖိုးရှိတဲ့အမျိုးသမီးလေးဖြစ်ရမယ်...

__________

"ရော့..."

နားနေခန်းမှာထိုင်နေတုန်းရှိသေး ရုတ်တရက်ဆိုသလို အရှေ့ကမှန်တင်ခုံပေါ်ရောက်လာတဲ့ ‌ကတ်တစ်ကတ်...

" အခန်းနံပါတ် ၃၅..."

"ကောင်းပြီလေ..."

မာယာ လာပေးတဲ့သူဆီက အခန်းနံပါတ်ကြားလိုက်တာနဲ့ အရှေ့ကကတ်ကို ဆွဲယူကာ အခန်းတွေရှိရာကို တက်သွားဖို့ပြင်လိုက်တယ်...

"မာယာ... ဒီနေ့လည်း မင်းကြေးအများဆုံးပဲ..."

မာယာ ထိုလူ့ရဲ့စကားကြောင့် ခြေလှမ်း‌တွေရပ်ကာ ငွေအကြောင်းတွေးမိတယ်။ ဒီနေ့လည်း သူကကြေးအများဆုံးရပြန်ပြီတဲ့လား။ သူဒီရောက်နေတဲ့သုံးနှစ်အတောအတွင်း နှစ်နှစ်ကျော်လောက်က ငွေကောင်းကောင်းရှာပေးနိုင်ခဲ့တာပဲ။ ဒါဆို...

"သွားလေ မာယာ...မင်းဘာတွေတွေးနေတာလဲ..."

"သွားပြီ..."

မာယာ အနောက်ကလူတဲ့စကားကြားမှပဲ အသိဝင်ကာ လက်ထဲကကတ်ကို ဆုပ်ပြီးအခန်းတွေရှိရာကို သွားလိုက်တယ်...

မကျဲလွန်းတဲ့ခြေလှမ်းတွေကို လှမ်းရင်း မာယာ့ခေါင်းထဲမှာ အတွေးပေါင်းများစွာတွေးနေမိတယ်။ နှစ်နှစ်ကျော်သုံးနှစ်လုံးလုံးငွေတွေအများကြီးရှာပေးခဲ့တယ်ဆိုတော့ သူ့တို့ကိုအတင်းလက်မှတ်ထိုးခိုင်းခဲ့တဲ့စာချုပ်က အကြွေးတွေကျေလောက်ပြီမလား။ ဒါဆို ခုနက သူ့ကိုစင်အောက်ကနေ မျက်စိပျက်မျက်နှာပျက်ကြည့်နေတဲ့ ဟူဂို့ကို ဒီကနေထွက်သွားနိုင်အောင်ကူညီပေးပြီး သူကိုယ်တိုင်လည်း ဒီကလွတ်မြောက်ဖို့ အခွင့်အရေးရှိနေပြီပေါ့။ ဒါပေမယ့် လွတ်မြောက်သွားပြန်ရင်လည်း သူ့ကိုမြင်ပြီးစုံစမ်းတဲ့အခါ ဟိုကိစ္စကိုသာ ဖော်ထုတ်မိသွားကြရင် သူထောင်ထဲရောက်သွားမှာပေါ့...

အတွေးပေါင်းများစွာက နှိပ်စက်နေပြန်တော့ လျှောက်လမ်းကြီးကပဲ ရေလှိုင်းသဖွယ်တွန့်လိမ်နေသယောင်...

"ဟူး..."

မာယာ စိတ်ကိုအတတ်နိုင်ဆုံးထိန်းကာ လေပူတွေကို မှုတ်ထုတ်လိုက်ပြီး သွားရမယ့် အခန်းစီကိုသာ ဦးတည်လိုက်တယ်...

"သုံးဆယ့်ငါး..."

ဒေါက်! ဒေါက်!

မာယာ တံခါးပေါ်က 35ဆိုတဲ့နံပါတ်ကို တွေ့တာနဲ့ ချက်ချင်းပဲ တံခါးနှစ်ချက်လောက်ခေါက်ပြီး အခန်းထဲကို ဝင်သွားလိုက်တယ်။

အထဲရောက်တဲ့အချိန် ဘယ်သူ့မှမတွေ့ရပေမယ့် ရေချိုးခန်းထဲက အသံကြားနေရတာမို့ မာယာမှန်တင်ခုံရှေ့က ထိုင်ခုံလေးမှာသာ ထိုင်ပြီးမှန်ထဲကမိမိပုံကို ပြန်ကြည့်ကာ သေသေချာချာလေး ပြင်ဆင်နေလိုက်တယ်။ ခပ်မှိုင်းမှိုင်းဖြစ်နေပြီး ဈေးကြီးတဲ့ ခံစားချက်ရနေတဲ့ ဒီအခန်းက အကြိမ်ကြိမ်ရောက်‌နှင့်နေပြီးသားမို့ မာယာ့အတွက် ဘာမှထူးခြားတာမျိုးတော့ရှိမနေပါဘူး။ လူကတော့ရောက်တိုင်းမတူဘူးပေါ့လေ...

ကျွီ...

ရုတ်တရက်ဆိုသလို ကြားလိုက်ရတဲ့ရေချိုးခန်းတံခါးဖွင့်သံကြောင့် မာယာထိုင်ရာကနေချက်ချင်းထကာ အကြည့်တွေကိုဆွဲဆောင်မှုပြင်းစွာပြင်လိုက်ပြီး အသံလာရာဘက်ကို ခပ်ညုညုလှည့်ကြည့်လိုက်တယ်...

"ဒါဆို မင်းက မာယာပေါ့..."

"..."

မာယာ သူ့ရှေ့မှာရှိနေတဲ့သူဆီက ကြားလိုက်ရတဲ့စကားကြောင့် နည်းနည်းတော့အံ့ဩမိသား။ ပုံမှန်ဆို သူတွေ့ရတဲ့သူတွေထဲ နိုင်ငံခြားသားတွေများတယ်လေ...

"ကျွန်မက မာယာပါ။ ဒီည အကိုကြီးကို ဖျော်ဖြေပေးရမယ့်သူပေါ့..."

သေချာပေါက် ‌အသက်ငါးဆယ်ဝန်းကျင်လောက်ရှိနေပြီဆိုပေမယ့်လည်း တစ်ဖက်လူသဘောကျအောင် အကိုကြီးလို့ခေါ်ကာ ဖြည်းဖြည်းချင်းအနားကိုလျှောက်သွားလိုက်တယ်။ မာယာ ထိုလူ့အနားရောက်တာနဲ့ ထိုလူ့ခန္ဓာကိုယ်ကိုပွတ်သတ်လိုက်ပြီး ရေချိုးဝတ်စုံကို အသာလေးချွတ်ပေးကာ ဒီညအတွက်အဖော်ပြုပေးဖို့ အကောင်းဆုံးပြင်လိုက်တယ်...

ဒီလိုညတွေကို မုန်းခဲ့ဖူးတဲ့ကျွန်မအတွက်  ဒီလိုညတွေကိုပဲထပ်တလဲလဲဖြတ်သန်းနေရတာကြောင့် ခုဆိုခံစားချက်မဲ့စွာပဲ ထုံနေခဲ့ပြီလေ။ ဒီညကလည်း ကျွန်မဘဝရဲ့ ရွံစရာကောင်းတဲ့ညတွေထဲက တစ်ညပဲပေါ့...

__________

မနက်ခင်းစောစော ဝေလီဝင်းလင်းချိန်ဟာ အင်ဖာနိုရုံကြီးရဲ့ အလုပ်နားချိန်ဖြစ်ပေမယ့်လည်း ယောက်ျားလေးလုပ်သားတွေအတွက်တော့ နားချိန်ဖြစ်မနေခဲ့ဘူး...

"အဟွတ်!"

"ဟဲ့ရောင်တွေ မင်းတို့ကို ‌အလေးချိန်သေချာချိန်ပြီး ထုတ်ခိုင်းတာနော်။ ရှူခိုင်းနေတာမဟုတ်ဘူးကွ!"

ဖြောင်း!

"အလုပ်ကို သေချာလုပ်စမ်း!"

"ဘန်..."

"ဘာလဲ..."

ဆက်တိုက်ဆိုသလို လူနဲ့မတူအောင်အလုပ်‌လုပ်နေရပေမယ့်လည်း နည်းနည်းလောက်နားတာနဲ့ ရိုက်နှက်နေတာမို့ ဟူဂိုသတိထားကာ ဘန်ဆိုတဲ့သူအနားချဉ်းကပ်သွားလိုက်တယ်။ ထိုလူက ဒီနေရာမှာရောက်နေတာ ဆယ်နှစ်ကျော်ပြီဖြစ်သလို ဒီနေရာရဲ့ရေမြေအကုန်လုံးကိုလည်း သိနေပြီလေ။ သူဒီကနေ လွတ်ဖို့အတွက် လမ်းစကလည်းဘန့်စီမှာပဲ ရှိတာလေ...

ဘန့်စီမှာ လမ်းစရှိနေပေမယ့် ဘန်ကိုယ်တိုင်ဘာလို့ထွက်မပြေးတာလဲဆိုပြီး သူတွေးခဲ့ဖူးတယ်။ နောက်ပိုင်း သူသိလိုက်ရတာက ဘန်ကဒီရောက်မလာခင်ကတည်းကဆေးစွဲနေတာတဲ့လေ။ သူဒီရောက်လာတာကလည်း အလုပ်ရှာရင်းလူကုန်ကူးခံရလို့မဟုတ်ဘဲ ဆေးဖိုးမဆပ်နိုင်လို့ ရောင်းခံလိုက်ရတာတဲ့။ ရေငတ်တုန်း ရေတွင်းကျသလိုပဲ ဘန့်အတွက်ဒီနေရာက သုခဘုံဖြစ်နေခဲ့တာ...

"ကျွန်တော် ပိုက်ဆံပြည့်တော့မယ်။ ခင် များ ပြောတဲ့အတိုင်း..."

ဟူဂို လက်ကလဲဘိန်းမှုန့်အချို့ကို အိတ်ထဲထည့်ကာ အဆက်မပျက်အလုပ်လုပ်နေရင်း ဘန့်ကိုမသိမသာ စကားကပ်ပြောနေမိတယ်။ အစောင့်တွေကြည့်ရင်တော့ ချက်ချင်းအလုပ်ကို အာရုံစိုက်ဟန်ဆောင်ရတာပေါ့...

"ခင်များ ပြောတဲ့အတိုင်း ကျွန်တော်နဲ့ကျွန်တော့်ကောင်မလေးထွက်ပြေးလို့ရမယ့်နည်း သိလို့ရမလား..."

"ဘယ်လောက်စုပြီးပြီလဲ..."

"လောလောဆယ် ဆယ်ဂဏန်းလောက်ရှိတော့မယ်..."

ဟူဂို ပျော်ပျော်ရွှင်ရွှင်ပဲပြောလိုက်တယ်။ သူ့မှာဟိုကောင်တွေဆီက ရတဲ့လက်‌တောက်လောက်လစာအပြင် လောင်းကစားကရတာရော ပြီးတော့ အချို့ဧည့်သည်တွေဆီက နည်းနည်းလောက်ချူပြီးရလာတာတွေရော ဖွက်ထားတာ ခုဆိုဆယ်ဂဏန်းပြည့်တော့မယ်...

"မရဘူး..."

"ဟာ...ကျွန်တော်ဟိုဘက်ရောက်ရင် ကျန်တာပြန်ဆပ်ပါ့မယ်..."

"မင်းဟိုဘက်ရောက်ပြီဆိုမှတော့ ငါကမင်းကို ဆက်သွယ်လို့ရပါတော့မလား..."

ဘန့်ရဲ့စကားကြောင့် ဟူဂို စိတ်ပျက်မိသွားပေမယ့် သူဆိုတဲ့ကောင်ကလည်း လွယ်လွယ်အရှုံးပေးတဲ့ကောင်မှမဟုတ်တာ...

ဟူဂို ဘေးပတ်ဝန်းကျင်ကိုကြည့်ကာ ချက်ချင်းဘဲလျှာအောက်ကနေ အခဲအချို့ကို ထုတ်ကာယူလိုက်ပြီး ဘန့်ရဲ့လက်ထဲကို မသိမသာထည့်ပေးလိုက်တယ်...

"ဒါက..."

"အဲ့တာ စိန်အစစ်တွေပဲ..."

"ဘာ..."

__________

"မင်းနာမည်က မာယာပေါ့..."

မာယာ အဝတ်အစားအချို့ကိုပြန်ဝတ်နေရင်း ခပ်မဲ့မဲ့ပြုံးမိတယ်...

"အကိုကြီး...ညတုန်းကလည်း အဲ့မေးခွန်းပဲမေးတာနော်..."

"သေချာအောင်ပါ..."

"ဟုတ်ပါတယ်။ ကျွန်မက မာယာပါ...သိချင်တာလည်း သိရပြီဆိုတော့ ခွင့်ပြုပါဦး။ အချိန်လည်းပြည့်သွားပြီလေ..."

"ခနနေဦး..."

မာယာ အခန်းတံခါးဖွင့်ဖို့ပြင်တုန်းရှိသေး ‌အနောက်ကခေါ်သံကြောင့် သက်ပျင်းချကာ လှည့်ကြည့်လိုက်တယ်။ ဒီလိုမျိုးစွဲလမ်းနေတာမျိုးက မာယာဆိုတဲ့ကိုယ့်အတွက်တော့ ပုံမှန်ပဲလေ...

"ပြောပါ...မြန်မြန်လေးတော့ပြောနော်။ ကျွန်မနားချင်နေလို့..."

"ဘာမှမဟုတ်တော့ဘူး။ ဒီတိုင်း စိတ်ကူးလေးတစ်ခုပေါ်သွားလို့။ ခုတော့ ကိုယ့်အတွက်တန်မတန်ပြန်စဉ်းစားလိုက်ဦးမယ်။ နောက်မှတွေ့ကျတာပေါ့..."

မာယာ ထိုလူကြီးရဲ့စကားကြောင့် စိတ်ထဲတောင်နည်းနည်းမအီမသာ ဖြစ်မိတယ်။ စကားပြောတာတောင် တန်မတန်ရှိသေးရတယ်လို့...

"မသေချာပေမယ့် ပြန်တွေ့ချင်လည်း တွေ့မှာပေါ့လေ..."

မာယာ ‌ခပ်ဆက်ဆက်ပြောပြီးသာ ထိုအခန်းထဲက ထွက်လာလိုက်တယ်။ သူနားချင်လှပြီ။ ဒါပေမယ့် မာယာသတိမထားခဲ့မိတာက အခန်းထဲမှာကျန်ခဲ့တဲ့ လူကြီးရဲ့အဓိပ္ပာယ်အပြည့်ပါတဲ့ အကြည့်တွေနဲ့ သူမရဲ့နောက်တစ်ကြိမ်ပြောင်းလဲတော့မယ့် ကံကြမ္မာကိုပေါ့...

__________

"ဟူး...ပင်ပန်းလိုက်တာ..."

မာယာအခန်းထဲရောက်တာနဲ့ မွေ့ယာပါးလေးသာ ခင်းထားတဲ့ကြမ်းပြင်‌ပေါ် ပစ်လှဲကာအပန်းဖြေမိတယ်...

"ကျစ်...အလုပ်သာသေအောင် လုပ်နေရတာ...နေရတော့ ကျောတစ်ခင်းစာ အလုံပိတ်အခန်းလေးနဲ့....တကယ်စိတ်ကုန်တယ်..."

တစ်ညလုံးရွံစရာကောင်းနေခဲ့တဲ့ခန္ဓာကိုယ်ကြီးကို တစ်ခါတည်းဆေးကြောလာပေမယ့်လည်း ပင်ပန်းတာတွေကတော့မပျောက်သေးဘူး။ အဲ့ကြားထဲ နံစော်နေတဲ့အခန်းမှာလာလှဲနေရသေးတယ်...

ကျွီ...

"မာယာ...ညီမ..."

မာယာလှဲနေတုန်းရှိသေးတယ်။  ရုတ်တရက်ကြီးအခန်းထဲကို အရေးကြီးသုတ်ပျာဝင်လာတဲ့ အမတစ်ယောက်ကြောင့် ချက်ချင်းထထိုင်ကာ ဘာပြောမလဲစောင့်နေမိတယ်...

"ညီမရေ...အမ်မာ့ရဲ့သတင်းရလာတယ်..."

"အမ်မာ...မအမ်မာလား အမ..."

"အေး ဟုတ်တယ်..."

မာယာ အရှေ့ကအမရဲ့စကားကြားတော့ ရင်ထဲထိတ်မိတယ်။ အမအမ်မာ...အမအမ်မာဆိုတာ သူ့ကိုဒီနေရာမှာ ဘယ်လိုအသက်ရှင်ရမလဲဆိုတာ သင်ပေးသွားတဲ့သူလေ။ အမြဲဘုနဲ့ဘောက်ပြောပေမယ့် သူ့ကိုညီမအရင်း‌တစ်ယောက်လိုစောင့်ရှောက်ပေးပြီး ငွေကိုရရင်ရသလိုစုတတ်တဲ့အမမဟုတ်လား။ အမြဲတမ်းလည်း သူ့အိမ်မှာကျန်ခဲ့တဲ့သားလေးအကြောင်းပြောလေ့ရှိတယ်။ နောက်ဆုံးသူတို့တွေ့တာက လွန်ခဲ့တဲ့တစ်နှစ်ကျော်ကပဲ။ အဲ့တုန်းက အဲ့အမက ဒီနေရာကနေ အခြားနေရာကို အပြောင်းခံလိုက်ရတာလေ။ သူ့အကြွေးကလည်း ကျေတော့မယ်ဆိုလား။ အဲ့ဘက်ပြောင်းသွားပြီးနောက်ပိုင်း ဘာသတင်းမှမကြားရတော့တာပဲ...

"မာယာ..."

"ရှင်..."

"အမပြောတာ ကြားရဲ့လား..."

"ကြားပါတယ်။ အမအမ်မာရဲ့ သတင်းကြားရတယ်ဆို...သူအဆင်ပြေတယ်တဲ့လား။ သူ့သားလေးနဲ့ရော ပြန်တွေ့ပြီတဲ့လား..."

"မဟုတ်ဘူး မာယာ။ အမလည်း အဲ့လိုသတင်းကြားရဖို့မျှော်လင့်တာ။ ခုတော့..."

မျက်ရည်တွေဝဲလာကာ စိတ်မကောင်းဖြစ်သွားပုံပေါ်တဲ့အမကြောင့် မာယာ့ စိတ်ထဲလေးလံလာတော့တယ်...

"ပြောလေအမရယ်..."

မာယာစိတ်မရှည်စွာ အော်မိတယ်။ စိတ်လေးရတဲ့ထဲ ငိုနေသေးတယ်။ နားထောင်တဲ့သူကဆက်တငန့်ငန့်ဖြစ်နေပြီ...

"သေသွားပြီတဲ့..."

"ရှင်..."

"ဟုတ်တယ်။ ဧည့်သည်တစ်ယောက်က ဒေါသတကြီးရိုက်နှက်ရင်း လက်လွန်ပြီးသေသွားတာတဲ့ဟာ။ ပြီးတော့လေ သူသေတာ တစ်နှစ်တောင်ကျော်ပြီတဲ့။ ဒီကပြောင်းသွားပြီး တစ်လကျော်ကျော်လောက်ကတည်းက သေသွားတာတဲ့..."

"မဖြစ်နိုင်တာ။ မဒမ်က သူသေရင် ကျွန်မတို့ကို အကြောင်းကြားမှာပေါ့..."

မာယာ ကြားလိုက်ရတဲ့စကားကြောင့် မယုံနိုင်ဖြစ်ကာ ရင်ထဲစို့နင့်လာတော့တယ်။ မဖြစ်နိုင်ဘူး။ သူ့သားလေးနဲ့ပြန်တွေ့ရတော့မှာလေ...

"ဖုံးထားတာဟဲ့။ ခုတောင် အဲ့နေရာကသူ ဒီဘက်ရွှေ့ခံလိုက်ရလို့ စကားစပ်မိကြရင်း သိတာ။ နင်က အမြဲတစ်ယောက်တည်း သီးသန့်ကြီးနေနေတာကို...ငါကြောက်တယ် မာယာရယ်။ ငါရော တစ်နေ့အဲ့လိုအရိုက်ခံရပြီးသေရင် ဘယ်လိုလုပ်မလဲ။ အကြွေးကျေရင်လွှတ်ပေးမယ်သာပြောတာ။ သုံးနှစ်ကျော်ပြီ။ ဒီဘဝက မကျွတ်သေးဘူး။ ငါတော့ မျှော်လင့်ချက်မရှိတော့ဘူး..."

မာယာ သူ့ရှေ့မှာ ငိုနေသူကို စိုက်ကြည့်နေရုံကလွဲ ဘာပြောရမှန်းမသိတော့ဘူး။ သူကိုယ်တိုင်လည်း မျက်ရည်တွေကျနေမိတယ်။ အမအမ်မာကို အားလုံးကလွတ်သွားပြီထင်နေခဲ့တာ။ တကယ်တော့...သေသွားတာတဲ့လား...

"ပြီးတော့လေ ဟိုတစ်လောက အသစ်တစ်ယောက်သေသွားတယ်မလား။ ထွက်ပြေးလို့သတ်ပစ်လိုက်တာဆိုပြီးတောင် ငါတို့ကိုပြပြီး မဒမ်ကိုယ်တိုင်ခြိမ်းခြောက်သွားသေးတယ်လေ..."

မာယာ ထိုအမရဲ့စကားကို ခေါင်းညိတ်ကာ မှတ်မိကြောင်းထောက်ခံလိုက်တယ်...

"အေး...အဲ့တာကလည်း ဧည့်သည်က ရိုက်နှက်လို့ဖြစ်လောက်တယ်ဆိုပြီး ပြောကုန်ကျပြီ။ သူနဲ့တစ်သုတ်ထဲရောက်လာ‌တဲ့သူတွေပြောတာတော့ သေသွားတဲ့တစ်ယောက်က တစ်ခါမှထွက်ပြေးဖို့မပြောခဲ့ဘူးတဲ့။ သူမသေခင်ညကလည်း သူ့ဘေးအခန်းတွေက ပစ္စည်းတွေပြုတ်ကျတဲ့အသံကြားတယ်‌တဲ့။ အကုန်လုံးက ကိုယ့်ဧည့်သည်နဲ့ကိုယ်ဖြစ်နေတော့ သူ့အခန်းကို သတိမထားမိဘူးတဲ့လေ။ ခုမှတဖြည်းဖြည်း ပေါ်လာတာ။ ငါတော့ ဘာပြောရမှန်းကို မသိတော့ပါဘူးဟယ်။ ငါဒီဘဝက ကျွတ်ချင်လှပြီ..."

အရှေ့ကအမရဲ့စကားကြောင့် နောင်ရေးနဲ့ပတ်သတ်ပြီး မသေမချာဖြစ်လာတော့တယ်။ အရင်ကတည်းက ဘဝပျက်နေပြီဆိုတာ သိပေမယ့် ဒီလိုဒုစရိုက်နယ်မြေကထွက်ရင် ရဲတွေကျွန်မကိုဖမ်းမိပြီး ထောင်ချမှာစိတ်ပူနေခဲ့မိတာ။ အဲတာကြောင့်လည်း ဒီမှာကြိတ်မှိတ်သည်းခံပြီး နေ‌နေခဲ့တာ။ ခုတော့ ကျွန်မရဲ့ခေါင်းထဲမှာ ဘာမှမတွေးနိုင်တော့လောက်အောင် ပူထူနေပြီ။ ကျွန်မဘာဆက်လုပ်ရမလဲ။ ဒီအတိုင်းကြီးတစ်သက်လုံးနေသွားလို့မှမရတာ။ ကျွန်မလည်း အမအမ်မာလို အရိုက်အနှက်ခံရပြီး သေသွားနိုင်တယ်မလား...

ခနတာချီးကျုးမှု‌တွေကို အဟုတ်ကြီးထင်ခဲ့မိတာ။ အမှန်တော့ ကျွန်မတို့ဘယ်လောက်ပဲ ဈေးရနေပါစေ။ ပြည့်တန်ဆာက ပြည့်တန်ဆာပဲ။ ဒီနေရာရဲ့ အသုံးချခံတွေချည်းပဲ။ အမအမ်မာ ဒီကမသွားခင်ကလည်း ကျွန်မလို နာမည်ကြီးခဲ့တာပဲလေ။ ကျွန်မ ခနတာကိုကြည့်ပြီး စိတ်အေးနေခဲ့မိတာပဲ။ ဘာလုပ်ရတော့မလဲ။ ဘာဆက်လုပ်ရတော့မလဲ။ ကျွန်မထောင်လည်းမကျချင်သလို သေလည်းမသေချင်ဘူး...

ကျေးဇူးပြုပြီး တစ်ခါလောက်တော့ ကျွန်မကိုသက်ညှာပေးပါဦး လောကကြီးရယ်...

___________

‌မူးဝေနေတဲ့ခေါင်းနဲ့အတူ လေးလံလွန်းနေတဲ့ခန္ဓာကိုယ်ကြောင့် ကျွန်မရဲ့မျက်လုံးတွေကို ကြိုးစားပြီးအားတင်းကာဖွင့်နေမိတယ်။ နောက်ဆုံးတော့ ကျွန်မျက်လုံးတွေကို ဖွင့်နိုင်ခဲ့ပြီ။ ဒါပေမယ့် မြင်လိုက်ရတဲ့ မြင်ကွင်းက...

"...."

သွေးတွေရွှဲပြီးတွဲလဲကြီးဖြစ်နေတဲ့ခေါင်းကြီးနဲ့ မျက်နှာနားစိုက်ကြည့်ကာ ပြုံးပြနေတဲ့ ဟိုလူ။ ကျွန်မကြိုးစားပြီးရုန်းနေပေမယ့် ဘယ်လိုမှလှုပ်မရတဲ့အပြင် ထိုလူ့လက်ကြီးကလည်း အပေါ်သို့မြှောက်လာပြီး ကျွန်မရဲ့လည်ပင်းတည့်တည့်ကို သူ့လက်ထဲက ဆံထိုးကြီးနဲ့ချိန်ထားသေးတယ်....

"..."

ကျွန်မကယ်ကြပါဦးလို့အော်ချင်နေပေမယ့် လည်ချောင်းကလည်း အသံမထွက်သလို သူ့ကိုတွန်းထုတ်ဖို့လည်း ခန္ဓာကိုယ်က လှုပ်လို့မရဖြစ်နေတယ်။ ကျွန်မ ကြောက်တယ်။ အရင်ကဆို ဒီလိုအိမ်မက်ကို စံပယ်ပင်ကြီးအောက်မှာပဲ မက်ခဲ့တာ။ ခုတော့...ခုတော့ အိမ်မက်လားလက်တွေ့လား မခွဲခြားနိုင်တော့ဘူး။ ဘာလို့လဲဆိုတော့ ခုက ကျွန်မအခန်းထဲမှာ ကျွန်မအိပ်နေတာလေ...

ကျွန်မ ခေါင်းကိုတွင်တွင်ခါကာ မလုပ်ဖို့ပြောချင်နေတာတောင် ပြောခွင့်မရှိဘူး။ သူ့လည်ပင်းက သွေးတွေက ကျွန်မမျက်နှာ‌အပေါ်ဆက်တိုက်ဆိုသလို စီးကျနေပြန်ပြီ။ ထိုသွေးတွေက ကျွန်မမျက်လုံးထဲထိ စီးကျလာတာမို့ ကျွန်မအမြင်အာရုံတွေကစ ဝေဝါးကာ သွေးရောင်သမ်းနေခဲ့ပြီ။ ကျွန်မကြောက်လန့်နေစဉ်မှာပဲ ရုတ်တရက်ဆိုသလို ကျွန်မလည်ပင်းတည့်တည့်ကို အရှိန်ပြင်းစွာထိုးစိုက်လိုက်တဲ့ ဆံထိုး...

"မာယာ~~~မာယာ~~~မာယာ~~~"

"မလုပ်ပါနဲ့! မလုပ်..."

"ရှုး...မာယာ~~~"

ကျွန်မရုတ်တရက်လှုပ်လို့ရသွားတာနဲ့ တန်းထကာ ဘေးနားကလူကို တွန်းထုတ်ပစ်လိုက်ပြီး အော်ဖို့ပြင်လိုက်ပေမယ့် အံ့ဩစရာကောင်းစွာပဲ ကျွန်မရှေ့မှာရှိနေသူက ဟိုလူဟုတ်မနေခဲ့ဘူး...

"ဟူဂို..."

ဟုတ်ပါတယ်။ ကျွန်မရှေ့မှာ ရောက်နေသူက ဟူဂို...သူကဘယ်လိုလုပ်ပြီး...

"ငါမင်းကို လာခေါ်တာမာယာ...သွားကြရအောင်..."

"ဘာ...ခနနေပါဦး။ ဘယ်ကို သွားမှာလဲ"

လက်ကို အတင်းဆွဲကာခေါ်နေတဲ့ ဟူဂိုကြောင့် အလန့်တကြားပဲ လက်ကိုလွှတ်ချကာ မေးလိုက်တယ်။ ဒါပေမယ့်လည်း ကျွန်မလက်ဖဝါးကို သူ့လက်နှစ်ဖက်နဲ့ဆုပ်ကိုင်ကာ သူ့ဆီက ထပ်မံကြားလိုက်ရတဲ့စကားက...

"ငါတို့ ဒီနဲ့ဝေး‌ရာကို ထွက်ပြေးပြီး ဘဝသစ်စကြရအောင် မာယာ..."

*ပစ်တိုင်းထောင်*


//////////

{ ၁၅.၃.၂၀၂၅ }
{ ည ၉:၂၂ }

Keep Reading

ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးမမေ့ချင်ဆုံး အမှတ်တရ (သို့) ဒုတိယမြောက် Grade-12 ကျောင်းသာဘဝ (Episode-2)"သွားပါ...ကလေးငယ်"မေတ္တာမဏ္ဍိုင်မျက်နှာကို တော်တော်တည် ထားသည်ပျင်းတာနဲ့ အချိန်ဆွဲတဲ့ အကျင့်ကို ဘယ်လိုဖျောက်မလဲ မမေ့ချင်ဆုံး အမှတ်တရ (သို့) ဒုတိယမြောက် Grade-12 ကျောင်းသားဘဝ (Episode-1)ရှန်ဂရီလာ"သည်မိုး"တစ်ကျွန်းစံ၏အပြန်လမ်း