Hein Htet Ko Ko
အ.ထ.က.(၄) ပျဥ်းမနားရှိ စိုးကမ္ဘာ သုံးထပ်ကျောင်းဆောင်တွင် နေရပါသည်။G12 ကို နှစ်ခန်းသာထားရှိပါသည်(A1 A2)။ A1 အခန်း၏အတန်းပိုင်မှာ အင်္ဂလိပ်စာဆရာမဖြစ်၍ A2 အခန်း၏အတန်းပိုင်မှာ မြန်မာစာဆရာမဖြစ်ပါသည်။ကျွန်တော်တို့အဖွဲ့သည် A1 သို့ ရောက်ရှိခဲ့ကြပါသည်။ထိုထဲမှ မခင်သန္တာသူဆိုသော သူငယ်ချင်းမှာ A2 အတွင်းသို့ ရောက်ရှိခဲ့ပါသည်။A1 အခန်း၌ အသင်းခေါင်းဆောင်မှာ စာရေးသူကျွန်တော်နှင့် မနှင်းဝသုံဦးတို့ ဖြစ်ပါသည်။A2 တွင်မူ မခင်သန္တာသူ နှင့် မောင်အောင်သုခ တို့မှာ အတန်းခေါင်းဆောင်များဖြစ်ကြလေသည်။အသင်းဇယားနှင့် အချိန်ဇယားကို အတန်းပိုင်လေးမှ ကျွန်တော်တို့တပည့်များနှင့်အတူရေးဆွဲပြီး အတန်းပိုင်လေး၏လက်စွမ်းကြောင့် ကျွန်တော်တို့အခန်း၏ အသင်းဇယားနှင့် အချိန်ဇယားမှာ သပ်ရပ်လှပနေပါတော့သည်။
စာရေးသူသည် စာသင်ခန်း၏ညဘက်အခြမ်း ရှေ့ဆုံးခုံ၌ မောင်စံတိုးလွင် ၊မောင်ဖြိုးမင်းခန့် နှင့်စာရေးသူတို့ ၃ဦးတို့အတူထိုင်ကြ၏။ကျွန်တော်တို့သည် ကျောင်းမှာသာမက စာသင်ဝိုင်းမှာပါစာကို အပတ်တကုတ် ကြိုးစားခဲ့သည်မှာ အမှန်ဖြစ်ပါသည်။သို့သော် ကျွန်တော်တို့အဖွဲ့သည် အလွန်ချမ်းကြသူများဖြစ်ပါသည်။မမှားသင့်သည်ကိုမှား၍ မှားသင့်သည်ကိုလည်း မှားကြပါသည်။အထူးသဖြင့် အင်္ဂလိပ်စာပါ။သင်္ချာကတော့ ဆရာမကိုကြောက်၍သော်လည်းကောင်း၊ နားမလည်မှာဆိုသည်ကိုကြောက်၍လည်းကောင်း ဖိလုပ်ဖြစ်ကြ၏။ရူပဗေဒမှာ အားအနည်းဆုံးဘာသာဖြစ်သည့်အလျောက် လုပ်ဖြစ်ကြပါသည်။ မြန်မာစာတွင်မူ ဆရာမ၏အစွမ်းပကားဖြင့် ကျက်စရာမလိုတော့ပါ။၁မှတ်တန်၊ခက်ဆစ်၊အလင်္ကါ၊ရေသည်ပြဇာတ် များကိုထပ်တလဲလဲ လေ့ကျင့်ပေးနေသည့်အတွက် အမြဲတဆေ ပိုင်နိုင်နေပါသည်။ဓာတုဗေဒတွင်လည်း ဆရာမ၏ရှင်းပြချက်များသည် နားလည်လွယ်စေခဲ့ပါသည်။ဘောဂဗေဒတွင်မူ ဆရာမ၏တိုက်တွန်းနှိုးဆော်မှုကြောင့် မကျက်သူမရှိ။ထိုကြောင့် စာရကြ၏။ဘောဂဗေဒဆိုင်ရာအတွက်များတွင်လည်း ဆရာမ၏စွမ်းဆောင်ရည်ကြောင့် အတန်းတွင်း၌ အတွက်မရသူမရှိပေ။A1 A2 သည်အပြိုင်စာလုပ်ကြပါသည်။ဆရာမများသည်လည်း စိတ်အားတက်ကြွစေရန် တိုက်တွန်းနှိုးဆော်ပေးကြပါသည်။အားမရလျှင်လည်း မရကြောင်း ပွင့်ပွင့်လင်းလင်းပြောပါသည်။
သည်လိုဖြင့် ကျောင်းကောင်စီရွေးချယ်ပွဲသို့ ရောက်ရှိလာခဲ့လေသည်။ ထိုနေ့မတိုင်မီတစ်ရက်တွင် သင်္ချာဆရာမသည်အခန်း(၂)မှ ကျပန်းရွေး၍ ၂ပုဒ်အလွတ်တွက်ခိုင်းလေသည်။ထိုအခါ ကျွန်တော်ဘေးမှ ထိုင်သော မောင်စံတိုးလွင်သည် ၂မှတ် ၊ မောင်ဖြိုးမင်းခန့်သည် ၁မှတ် နှင့် စာရေးသူ၏ရမှတ်မှာ 'ဥမကွဲသိုက်မပျက်' ရှိနေခဲ့လေသည်။အလားတူပင် A2 မှ မခင်သန္တာသူသည်လည်း အလားတူ ၀မှတ် ရခဲ့လေသည်။ထို့ကြောင့်ဆရာမအား မျက်နှာမပြရဲခဲ့ကြပေ။ထိုကဲ့သို့ ကျွန်တော်တို့သည် ချမ်းရုံသာမက ခိုက်ခိုက်တုန်နေခဲ့ကြသည်။ ကျွန်တော်တို့ ပိုကြိုးစားခဲ့ကြပါသည်။နောက်တစ်နေ့တွင် သင်္ချာအချ်န်ရောက်မည်ကို စိုးရွံ့နေမိသည်။ထိုအချိန် ရုံးခန်းမှ ကျောင်းကောင်စီအတွက် လူရွေးပွဲသို့လာရန် စာရေးသူအားခေါ်လေသည်။
စာရေးသူသည် Grade-12 နှစ်ခန်း၏ အတန်းကိုယ်စားလှယ်အဖြစ်တာဝန်ယူရသည်။A2မှ မခင်သန္တာသူသည်လည်း တစ်ကျောင်းလုံး၏ အတွင်းရေးမှူး(ကျောင်းသားများထဲ၌ ရာထူးအကြီးဆုံး)ဖြစ်ခဲ့ကြပါသည်။ကျန်သူငယ်ချင်းများမှာ အတန်းတွင်း၌သာ ပျော်ကြသူများဖြစ်၍ အနော်ရထာအသင်းခေါင်းဆောင်များအဖြစ် မောင်စံတိုးလွင်နှင့် မရတီပွင့်ဦး ၊ကျန်စစ်သားအသင်းခေါင်းဆောင်အဖြစ် မောင်ဖြိုးမင်းခန့်နှင့် မပြည့်ပြည့်ဖြိုး ၊ဘုရင့်နောင်အသင်းခေါင်းတောင်အဖြစ် မောင်လင်းထက်ကျော်နှင့် မမြတ်နိုးခင် ၊အလောင်းဘုရားအသင်းခေါင်းဆောင်အဖြစ် မောင်လွင်နိုင်းအောင်နှင့် မကျော့ကေခိုင် ၊ဗန္ဓုလအသင်းခေါင်းဆောင်အဖြစ် မောင်ကောင်းညီခန့်နှင့် မသက်ထားမွန်တို့မှ တာဝန်ယူကူညီဆောင်ရွက်ပေးခဲ့ကြပါသည်။
ပြီးနောက် ပထမအကြိမ်စာမေးပွဲ ဖြေရမည့်အချိန်သို့ ရောက်ရှိလာခဲ့ပါပြီ။ဖြေဆိုကြရာတွင် ကျွန်တော်တို့သူငယ်ချင်းများသည် အမှတ်များကောင်းနေခဲ့ကြသည်။သို့သော် ကျွန်တော်တို့ Grade-12 ကျောင်းသားများအဖို့ ရင်ခုန်စရာမဟုတ်ခဲ့ပါ။အကြောင်းမှာ ၂၅မှတ်ဖိုးဖြေရသောကြောင့်ဖြစ်ပါသည်။စာလုပ်လိုက် ၊နားလိုက် ၊စကားများလိုက် ဖြင့် အိမ်မှကျောင်း ၊ကျောင်းမှစာသင်ဝိုင်း ၊စာသင်ဝိုင်းမှအိမ်သို့ သံသရာလည်နေခဲ့ပါသည်။သံသရာလည်နေရင်းဖြင့် သီတင်းကျွတ် အာစရိယပူဇော်ပွဲသို့ ရောက်ရှိလာခဲ့ပါတော့သည်။
#Heinhtet.
#Sarphat
Keep Reading