တင်ညွန့်
ကျွန်တော့်အိမ်ထဲကို မောင်ကျော်စွာတစ်ယောက် ရောက်လာသည်။
“ဆရာ ဘာတွေ ချက်နေသလဲ”
“ဒီနေ့တော့ ဂေါ်ဖီနဲ့ ကြက်ဥလေး ကြော်မလို့ကွာ”
“ဆရာ ကြက်ဥတစ်လုံး ၅၀၀ တောင်ဖြစ်နေပြီဆို”
“အေးကွ ... ကြက်ဥတစ်လုံး ၄၅၀ ... ဘဲဥက တစ်လုံး ၆၀၀ တောင်ဖြစ်နေပြီ”
“စိတ်ပျက်ပါတယ်ဆရာရယ် ... ဘာလုပ်ကြမလဲ။ ကန်စွန်းရွက်တစ်စည်းက တစ်ထောင်တဲ့”
“နေပါဦး ... မင်းလက်ထဲက လေးခွကြီးက ဘာလုပ်မလို့လဲ”
“သွားရင်းလာရင်း ... ငှက်လေးဘာလေးတွေ့တော့ ပစ်မလို့ဆရာ ... ဒီမှာ စာကလေး နှစ်ကောင် ရလာတယ်”
မောင်ကျော်စွာက သူ့ခါးပုံထဲက စာကလေး အသေနှစ်ကောင်ကို ထုတ်ပြသည်။
“မောင်ကျော်စွာရယ် အကုသိုလ်များလိုက်တာ။ ငှက်ကလေးတွေကို မသတ်ပါနဲ့ကွယ်။ သနားပါတယ်”
“ဆရာရေ ... ဒီကောင်တွေက စပါးတွေ လိုက်ကိုက်နေတာ ... သူတို့ကို သတ်မှဖြစ်မှာပေါ့”
“မင်းက စာကလေးတွေ စပါးနှံလောက်ကိုစားတာပဲ မြင်တာကိုးကွယ့် နောက်ဆက်တွဲ ကောင်းတာလေးတွေမှ မမြင်နိုင်တာ”
“ဘာကောင်းတာများ ရှိလို့လဲဆရာ”
“သဘာဝတရားကြီးက သူ့နေရာနဲ့သူ ဖြစ်တည်ခွင့်ပေးထားတာပါကွာ။ ဖြစ်တည်မှုကို နားမလည်ဘဲ ငါခေါင်းဆောင်ဆိုပြီး လုပ်စေသတည်းလို့ အမိန့်ပေးအမှားတွေကြောင့် ပျက်စီးခဲ့ရတာတွေလည်း ရှိခဲ့တယ်ကွ”
“ပြောပြပါဆရာ”
“စီလုတ်ပြည်မှာ ၁၉၅၈ ခုနှစ်နဲ့ ၁၉၆၂ ခုနှစ်တွေအတွင်းက သတ်လေးသတ်ဆိုပြီး ကွန်မြူနစ်ခေါင်းဆောင် မော်စီတုံးက လုပ်ခဲ့ဖူးတယ်”
“သတ်လေးသတ်ဆိုတာ ဘာလဲဆရာ”
“ခြင် ... ကြွက် ... ယင် ... စာကလေးတွေကိုသတ်လို့ ပြောတာကွ။ ခေါင်းဆောင်ကြီးပြောတာ ဘုရားစကားလောက်ထင်ပြီးတော့ အဲဒီခေတ်က စီလုတ်နိုင်ငံမှာ ခြင်၊ ကြွက်၊ ယင်၊ စာကလေး နှိမ်နင်းရေး တွေကို ပြည်သူ့လှုပ်ရှားမှု အသွင်နဲ့ လုပ်ကြတော့တာပဲ”
“အဲဒီ သတ္တဝါတွေကို သုတ်သင်တာ မကောင်းဘူးလားဆရာ”
“ခြင်ကိုသတ်တာ ငှက်ဖျားမဖြစ်အောင်၊ ယင်ကောင်ကို သတ်တာ ဝမ်းရောဂါဘေး ကာကွယ်ရအောင်၊ ကြွက်ကတော့ ပလိပ်ရောဂါအတွက် ကာကွယ်တဲ့ အနေနဲ့ သတ်တာ ဟုတ်ပါတယ်ကွယ်။ မော်စီတုံးက စာကလေးတွေကို ဘာကြောင့်မှန်းမသိ သတ်စေလို့ အမိန့်ချလိုက်တော့ စာကလေးတွေကို စီမံချက်နဲ့ လိုက်သတ်ကုန်တော့တာပဲ”
“စာကလေးတွေက ဂျုံတွေ စပါးတွေ ဖျက်ဆီးလို့ နေမှာပေါ့ဆရာ”
“ဟုတ်တော့ ဟုတ်ပါတယ်ကွယ် ဒါပေမဲ့ စာကလေးတွေက သီးနှံတွေကို ဖျက်ဆီးတဲ့ ပိုးမွှားလေးတွေကို စားသောက်တာကိုလည်း ထည့်တွက်ရမယ်ကွ။ နှံကောင်တွေနဲ့ အခြား သီးနှံဖျက်ပိုးကောင်လေးတွေကိုလည်း သူတို့က စားသောက်လို့ ကာကွယ်ပေးတာတွေလည်း ရှိတယ်လေ”
“ဟုတ်တယ်နော်ဆရာ ကျွန်တော် အဲဒါကို မထည့်တွက်မိဘူး”
“မော်စီတုံး စည်းရုံးရေးကောင်းလိုက်တာ စီလုတ်တွေ စာကလေးတွေကို စစ်ဆင်ရေးအနေနဲ့ လိုက်သတ်တာ တစ်ပတ်အတွင်းကို စာကလေးပေါင်း သန်း နှစ်ထောင်လောက် မျိုးပြုတ်ကုန်တယ်လို့ သိရတယ်”
“ဟာ များလိုက်တာ ဆရာရယ်”
“အဲဒီခေတ်တွေတုန်းက ခေါင်းဆောင်ကြီးပြောသမျှ ကောင်းလှပါတယ်ဆိုပြီး အကုန်လိုက်လုပ်ကြတာကို ... အဲဒီ့အတွက် အကျိုးဆက်က ကြီးတယ်”
“ဘာတွေများလဲဆရာ”
“နောက်ပိုင်း ကျိုင်းကောင်တွေ ပေါလာပြီး သီးနှံတွေကို ဖျက်ဆီးလိုက်တာ စီလုတ်နိုင်ငံကြီးလည်း အငတ်ဘေးနဲ့ ရင်ဆိုင်ရတော့တယ်။ တစ်နိုင်ငံလုံး အငတ်ဘေးကြောင့် လူပေါင်း သန်း ၂၀ ကနေ ၄၀ လောက်ကို သေကုန်သတဲ့။ အတော်လေးကြီးတဲ့ တန်ဖိုးကို ပြည်သူ့အသက်တွေနဲ့ ရင်းလိုက်ရတာ”
“မတန်လိုက်တာ ဆရာရယ်”
“ခေတ်ပြောင်းတော်လှန်ရေးဆိုပြီး ကိုယ်ထင်ရာ ကိုယ်ပြောင်း အမိန့်တွေ ဆောင်ပုဒ်တွေကြားမှာ ပြည်သူပေါင်း များစွာကတော့ တကယ့်ကို အသက်ပေးကြရတာပေါ့ကွာ။ မှားလို့ ပြန်ပြင်တယ်ဆိုရင်တောင် အသက်တွေ အများကြီး ပေးခဲ့ရတာနဲ့ မတန်ဘူးပေါ့”
“ကျွန်တော်နားလည်ပါပြီဆရာ ... နောက် စာကလေးတွေကို မပစ်တော့ပါဘူး”
“အေးပါကွာ တစ်ယောက်ချင်း အသိတရားကနေ အားလုံးသိအောင် တဖြည်းဖြည်းလုပ်ကြရမှာပါ။ ကိုယ်ကစပြင်ကြတာပေါ့။ သဘာဝအတိုင်း ထားသင့်တာကိုထား၊ စောင့်ရှောက်သင့်တာကို စောင့်ရှောက်၊ မျှဝေသင့်တာကို မျှဝေ၊ အားလုံး ကောင်းဖို့ပဲလေဆိုတဲ့ စိတ်ထားရှိရင် လောကကြီး သာယာနေမှာပဲ”
“ဟုတ်ကဲ့ပါဆရာ”
တင်ညွန့်
၁၀.၃.၂၀၂၅
Keep Reading