မောရိသျှ
လုပ်ချင်စိတ်ပေါက်တိုင်း အလုပ်မဖြစ်ပါဘူး။ လုပ်ချင်စိတ်ရှိနေတိုင်း အလုပ်မပြီးပါဘူး။ အထူးသဖြင့် လုပ်ချင်နေပေမဲ့ တကယ်မလုပ်ဖြစ်တာပိုများပါတယ်။ ဒါကြောင့် စိတ်ကြီးသက်သက်နဲ့ ကိုယ့်ကိုယ်ကိုယ် ဖိအား တွန်းအားပေးလို့ မရပါဘူး။ အကျင့်အကြံလိုပါတယ်။ လုပ်စရှိရင် လုပ်ဖြစ်သလိုမျိုး အလုပ်လုပ်တာကို အကျင့်တခုလို ဖြစ်အောင် ပြောင်းလဲနိုင်ဦးမှလည်း အချိန်ဆွဲတဲ့အကျင့်ဆိုးကို ကုစားလို့ ရမှာပါ။
အကျင့်ဆိုတာက ထပ်ခါတလဲ လုပ်ဖြစ်ရင်း စွဲလမ်းမှုရှိသွားတဲ့ စိတ်အစွဲတခုပါ။ ထပ်ခါတလဲ လုပ်မှ ဖြစ်နိုင်တာဆိုတော့ အလုပ်ကို အမြဲလုပ်ချင်စိတ်ပေါက်လာဖို့ အမြဲလိုလို လုပ်ဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် အားပေးရပါမယ်။ အစဉ်တစိုက်လုပ်ဖြစ်နေရင် မပျင်းမိတော့ပါဘူး။ ဒါကလည်း ကိုယ်တိုင်ကိုယ်ကျ လုပ်ဖူးဦးမှ သိနိုင်တဲ့ အကျိုးဆက်ပါ။ အချိန်ဆွဲချင်စိတ် ပေါက်သွားရခြင်းရဲ့ အဓိကအချက်ကလည်း အမြဲလုပ်လေ့ မရှိလို့ ပျင်းချင်စိတ်ပေါက်တာကြောင့်ပါ။
ဒါကြောင့် ပျင်းချိန်မရခင်လေး လုပ်ဖြစ်တဲ့အကျင့်ရှိနေရင် မပျင်းမိတော့ဘဲ လုပ်စရာရှိတာကို တခါတည်း ပြီးအောင် မလုပ်ခဲ့ရင်တောင် လုပ်စရာရှိတာလေးတွေကို အနည်းဆုံးတော့ တပဲ့ဆီ တဖဲ့ဆီ လုပ်ဖြစ်သွားပါလိမ့်မယ်။ ကျင့်သားရအောင်သာ လုပ်ဖြစ်အောင်လုပ်ပါ။ အချိန်တန် အကျင့်ကောင်းမှန်မှန် ရှိသွားရင် အချိန်ဆွဲတဲ့အကျင့်လည်း တဖြည်းဖြည်းချင်း ပျောက်သွားပါလိမ့်မယ်။ လွယ်တော့ မလွယ်ပေမဲ့ အချိန်ပေးပြီး ဖြစ်ချင်စိတ်မွေးထားရင် မဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး။ ကိုယ့်ကိုယ်ကိုယ်သာ အားပေးတတ်ပါစေ။
အလုပ်ဖြစ်နည်းတွေကို ကျွန်တော် လေ့လာဖြစ်တယ်။ အလုပ်ဖြစ်အောင် လုပ်နိုင်ရင် အကျိုးရှိတဲ့ဘဝကို ရနိုင်တယ်လို့ လက်ခံထားလို့ပါ။ အဲတာထက် သာမှန်လူတွေထက် ပိုပြီး အလုပ်ဖြစ်အောင် လုပ်နိုင်မှတော့ သူများထက်ပိုပြီး ဘဝတိုးတက်ရာ တိုးတက်ကြောင်း ကြိုးစားပြီးသားဖြစ်လိမ့်မယ်လို့လည်း ယုံကြည်ထားပါတယ်။ ဒါကြောင့် လေ့လာစရာရှိတာကို အမြန်လေ့လာတယ်၊ လုပ်စရာရှိလာရင် အမြန်လုပ်တယ်၊ သေချာတယ်၊ ကျွန်တော်ယုံထားတယ်၊ ရစရာရှိရင် သူများထက်ပိုပြီး ကြိုရမှာပဲ။
အလုပ်ဖြစ်နည်းအကြောင်းပြောမှတော့ မဖြစ်မနေ ထည့်ပြီးဆွေးနွေးရမယ့်ကိစ္စက ထိရောက်တဲ့ အလုပ်ဖြစ်နည်းနဲ့ အလုပ်လုပ်တတ်ရေးပဲ။ အလုပ်ဖြစ်အောင်လုပ်တာက အလုပ်ကို ပြီးအောင်လုပ်တာလောက်ပဲ တတ်နိုင်တယ်၊ ထိထိရောက်ရောက် အကျိုးရှိရှိ အကျိုးဖြစ်ဖြစ် လုပ်နိုင်တယ်လို့ အပြည့်အဝ မဆိုလိုဘူးဗျ။ အလုပ်တော့ ပြီးပါရဲ့ ပြီးသလောက် အကျိုးမဖြစ်တာမျိုးလည်း ရှိတယ်။ တနေကုန်လုပ်တာချင်းတူပေမဲ့ အလုပ်ပြီးမြောက်မှု ရလဒ်မတူတာမျိုုးဖြစ်တာကို ဆိုလိုတာပါ။
ဒါကြောင့် ထိရောက်စွာ အလုပ်ဖြစ်အောင် လုပ်တဲ့နည်းနဲ့ လုပ်နိုင်ဦးမှလည်း လုပ်ရကျိုးနပ်သလို၊ ပင်ပန်းရကျိုးနပ်မှာဖြစ်ပါတယ်။ တကယ်လို့ ကိုယ်ဟာ အလုပ်ဖြစ်အောင်လုပ်ချင်တဲ့ စိတ်အားထက်သန်မှုလည်း ရှိနေမယ်၊ သူများထက် ပိုပြီးလည်း ရချင်မယ်၊ အဓိပ္ပါယ်ရှိတဲ့ဘဝမျိုးကိုလည်း တည်ဆောက်ချင်မယ် ဒါမှမဟုတ် ကိုယ့်အတွက် အကျိုးပိုဖြစ်နိုင်တာတွေကိုပဲ လုပ်ချင်တယ်ဆိုရင် ဘာပဲလုပ်လုပ် အကျိုးဖြစ်တာ သေချာမယ့် ထိရောက်တဲ့ အလုပ်ဖြစ်နည်းနဲ့ အလုပ်လုပ်မှ ရမှာပါ။ သို့မဟုတ်ရင်တော့ အလုပ်တော့ လုပ်နေပါလျက်နဲ့ အလုပ်ဖြစ်သင့်သလောက် မဖြစ်ဘဲ ချာချာလည်နေတတ်ပါတယ်။
ကြည့်လိုက်ရင်တော့ အလုပ်ရှုပ်နေတာပဲ။ ဒါပေမဲ့ ဘာမှ ထူးမသွားဘူး။ တနေ့နဲ့တနေ့ အလုပ်တာဝန် ဝတ္တရားတွေ အများကြီးနဲ့ လက်မလည်ဖြစ်နေတာပဲ၊ ဒါပေမဲ့ ထူးပြီး တိုးတက်တာမျိုး မရှိဘူး။ တာဝန်တွေ အများကြီး ယူထားပေမဲ့ ဘဝတိုးတက်ရာတိုးတက်ကြောင်း လမ်းကြောင်းမရှိဘူး။ ပေါ်မလာဘူး။ အဲတော့ အလုပ်ဖြစ်ပေမဲ့ အလုပ်မတွင်တဲ့ဘဝမှာ ချာချာမလည်အောင် လမ်းဖော်တတ်ဖို့ လိုတယ်ဗျ။
#မောရိသျှ
Keep Reading