Kaung Set Lwin
တစ်နေရာကနေ တစ်နေရာကို သွားချင်တယ်။ နည်းနည်းလေးတော့ ဝေးတယ်။ ဒါပေမယ့် လမ်းလျှောက်သွားမယ်ဆိုတော့လည်း အချိန်လည်း ကုန်၊ ခြေလည်း ညောင်း။ အဲဒါဆိုရင်တော့ ပေါ့ပေါ့ပါးပါး စက်ဘီးလေးစီးသွားပေါ့။ မြန်လည်း မြန်တယ်၊ ဘီးနှင့်လှိမ့်သွားရတာဆိုတော့ လမ်းလျှောက်တာလောက် ခြေထောက်လည်း မညောင်းတော့ဘူးပေါ့။ ဟုတ်ပါပြီ၊ ဒါကတော့
ဒီနေ့ခေတ်ကျွန်တော်တို့ရဲ့ လွယ်ကူအဆင်ပြေနေတာလေးတွေ၊ အဲဒီလိုကျွန်တော်တို့ကို အဆင်ပြေနေအောင် စက်ဘီးကို တီထွင်ပေးခဲ့တဲ့ ပညာရှင်ကရော ဘယ်သူလဲ?
၁၉ရာစုရဲ့အစ၊ ၁၈၁၇ခုနှစ်တုန်းက ဂျာမနီနိုင်ငံသား
Baron Von Draisက ဘီးနှစ်ဘီးပါတဲ့ စက်ဘီးကို တီထွင်ခဲ့ပါတယ်။ ဒါပေမယ့် ပထမအစ ထွင်ခဲ့တဲ့ သူရဲ့ စက်ဘီးမှာတော့ ခြေနင်းပြားမပါသလို ဘီးတွေဟာလည်း ယခုခေတ်စက်ဘီးလို မဟုတ်ပါဘူး။ ဘီးတွေဟာ သစ်သားဘီးတွေဖြစ်ပြီး ခြေနင်းမပါတဲ့အလျောက် မြေကြီးကို ခြေထောက်နဲ့ကန်အားပြုပြီးသွားရပါတယ်။
၁၈၃၉ခုနှစ်အရောက်မှာတော့ စကော့တလန်လူမျိုး
Kirkpatrick Macmillarက ခြေနင်းပြားပါတဲ့ စက်ဘီးကို ဆန်းသစ်တီထွင်ခဲ့ပါတယ်။ ဒါပေမယ့် သူရဲ့ စက်ဘီးဟာ ပုံမှာပြထားတဲ့အတိုင်း ရှေ့ဘီးမှာ ခြေနင်းကို တပ်၊ နောက်ဘီးကို ချိတ်ဆက်ထားတဲ့ပုံစံကြောင့် စက်ဘီးဟာ နင်းရတာက များ၊ သွားတာက နှေးနေပါတယ်။
၁၈၆၅အရောက်မှာတော့ ပြင်သစ်လူမျိုး Pierre Lallementက ခြေနင်းပါတဲ့ရှေ့ဘီးကို အကြီးကြီးလုပ်လိုက်ပါတော့တယ်။ ဘီးကိုလည်း ပေါ့ပါးတဲ့သတ္တုတစ်မျိုးနဲ့ လုပ်ထားပါတယ်။ ဒါပေမယ့် စက်ဘီးရဲ့ ပုံသဏ္ဌာန်အနေအထားအရ စက်ဘီးစီးတဲ့သူဟာ တော်တော်လေးကျွမ်းကျင်ဖို့လိုအပ်ပြီး မဟုတ်ရင်တော့ လဲကျသွားနိုင်ပါတယ်။
၁၈၈၅ခုနှစ်မှာတော့ အင်္ဂလန်နိုင်ငံသား John Kemp Starleyက ခြေနင်းကို နောက်ဘီးနားမှာထားပြီး ချိန်းကြီးနဲ့ ချိတ်ဆက်ထားတဲ့ ပုံစံသစ်နဲ့ စက်ဘီးကို အဆင့်မြှင့်ပြုပြင်ပြောင်းလဲခဲ့ပါတယ်။ ဘီးတွေဟာလည်း ရော်ဘာဘီးတွေဖြစ်ပြီး လုံခြုံစိတ်ချ၊ စီးရလွယ်ကူတဲ့ စက်ဘီးတွေ ဖြစ်လာပါတော့တယ်။
ဒါကတော့ စက်ဘီးတီထွင်ခဲ့ပုံနှင့် အဆင့်မြှင့်ပြုပြင်ပြောင်းလဲခဲ့ပုံတွေဖြစ်ပြီး စာဖတ်သူတို့လည်း ဗဟုသုတတွေ ရရှိ၊ ကောင်းကောင်းကြီးသိသွားကြပြီလို့ထင်ပါတယ်။ နောက်ထပ်သုတဆောင်းပါးတွေ ရေးသွားဦးမှာဖြစ်လို့ တင်ရင်သိရအောင် Followလုပ်ခဲ့ဖို့မမေ့ကြပါနဲ့နော်။
Keep Reading