အဂ္ဂဇော်
(၁)
အချိန်အားဖြင့် ၂၀၁၃ခုနှစ်ခန့်ကဖြစ်သည်။
ဘင်္ဂလားပင်လယ်အော်ကြီးနှင့် ရခိုင်ကမ်းမြှောင်ဒေသမှာ မျဉ်းပြိုင်နှစ်ကြောင်းသဖွယ် သွယ်တန်းကာတည်ရှိနေကြသည်။ ရခိုင်ကမ်းရိုးတန်းတလျှောက်တွင်တော့ တံငါကျေးရွှာကလေးများတည်ရှိကာ ရွာသူရွာသားများမှာ ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းများကိုလုပ်ကိုင်ကြသည်။ ရခိုင်ကမ်းရိုးတန်းတစ်နေရာတွင် ကံပေါက်ရွာကလေးတည်ရှိသည်။ ကံပေါက်ရွာမှာ ရွာငယ်ကလေးတစ်ခုဖြစ်ပြီး အိမ်ခြေငါးဆယ်ခန့်သာရှိကာ ရွာသူရွာသားအားလုံးလိုလိုပင် ရေလုပ်ငန်း၊ တံငါလုပ်ငန်းဖြင့်အသက်မွေးဝမ်းကြောင်းပြုနေကြသူများဖြစ်သည်။ ရွာကလေး၏ အရှေ့ဘက်တွင်တော့ ရခိုင်ရိုးမတောင်တန်းကြီးက မြင့်မားစွာတည်ရှိနေကာ ရွာကလေး၏ အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော်ကြီးက ပြာလဲ့လဲ့တည်ရှိနေပြန်သည်။
ကံပေါက်ရွာကလေးတွင် ကိုတိုက်နှင့် ကိုနှိုက်ဆိုသည့် ညီအကိုနှစ်ဦးရှိသည်။ တိုက်ဆိုသည်မှာ ရခိုင်ဘာသာအရ တစ်ကိုဆိုလိုခြင်းဖြစ်ပြီး နှိုက်ဆိုသည်မှာ နှစ်ဂဏန်းကိုဆိုလိုခြင်းပင်ဖြစ်သည်။ ကိုတိုက်မှာ မိသားစုအတွင်းပထမဆုံးမွေးဖွားလာသည့် သားကြီးဖြစ်သည်မို့ မိဘများက မောင်တိုက်ဟု နာမည်ပြောင်ခေါ်ဆိုကြရာမှာ ကိုတိုက်ဆိုသည့်အမည်ရရှိလာခြင်းဖြစ်သည်။ ကိုနှိုက်မှာလည်း ဒုတိယသားဖြစ်သည်နှင့်အညီ မောင်နှိုက်ဟုခေါ်ဆိုကြရာမှ ထိုအမည်ရရှိလာသည်။ သို့သော် ကိုနှိုက်မှာ သူ့အား ကိုနှိုက်ဟုခေါ်ဆိုသည်ကို မနှစ်မြို့သဖြင့် ရွာမှလူအတော်များများက ကိုနှိုက်အစား ကိုတူးဟုသာခေါ်ကြလေသည်။ တူးဆိုသည်မှာလည်း အင်္ဂလိပ်ဘာသာဖြင့် နှစ်ဂဏန်းကိုဆိုလိုခြင်းဖြစ်သည်။
ကိုတိုက်နှင့်ကိုတူးတို့မှာ အသက်ငါးနှစ်ခန့်ကွာခြားသည်။ ကိုတိုက်မှာ အသက်သုံးဆယ်ခန့်ရှိကာ ကိုတူးမှာတော့ အသက်နှစ်ဆယ့်ငါးနှစ်ခန့်ရှိသည်။ ကိုတူးမှာ လူပျိုဖြစ်သော်လည်း ကိုတိုက်မှာတော့ ရွာသူတစ်ဦးနှင့်အိမ်ထောင်ကျကာ သားသမီးများပင်ရရှိနေပြီဖြစ်သည်။ သို့သော်လည်း ညီအကိုနှစ်ဦးမှာ မိဘများအမွေပေးထားခဲ့သည့် အိမ်တစ်လုံးထဲမှာပင် အေးအတူပူအမျှ အတူတကွနေထိုင်ကြသကဲ့သို့ စီးပွားရှာရာတွင်လည်း တံငါလှေတစ်စီးဖြင့် ညီအကိုနှစ်ယောက်အတူတူပင် ငါးဖမ်းထွက်ကြသည်။ ညီအကိုနှစ်ဦးမှာ အတူတကွလုပ်ကိုင်စားသောက်ကြပြီး သင့်သင့်မြတ်မြတ်နေထိုင်ကြသူများဖြစ်သည်။
ယနေ့လည်း ညီအကိုနှစ်ဦးမှာ တံငါလှေကလေးကို ငါးဒိုင်ရှိကာ ဆိပ်ကမ်းဆီသို့ထိုးစိုက်လာခဲ့သည်။ လှေဝမ်းအတွင်းတွင် ပင်လယ်ငါးများအတော်များများပါလာသည်။ လှေဝမ်းအတွင်းမှ ငါးများကို ငါးဒိုင်မှလုပ်သားများက တောင်းကြီးများဖြင့်ချင်တွယ်ကာ ကတ္တားကြီးတွင် ချိန်တွယ်နေကြစဉ် ညီအကိုနှစ်ဦးမှာ ငါးဒိုင်ပိုရှင် ဦးဖိုးဝေနှင့် စကားစမြည်ပြောဆိုနေကြသည်။ ဦးဖိုးဝေက ညီအကိုနှစ်ဦးဝင်လာသည်ကိုမြင်တွေ့လိုက်သဖြင့် ရေနွေးခရားအိုးတစ်လုံးကိုချပေးလိုက်ကာ ထန်းလျက်တစ်ပန်းကန်ကိုလည်း တည်ခင်းဧည့်ခံပေးလိုက်သည်။
"ဘယ်လိုလဲ မောင်တူးရ ငါးဖမ်းရတာ အဆင်ပြေတယ်မဟုတ်လား"
မောင်တူးမှာ ထန်းလျက်ပန်းကန်ထဲမှ ထန်းလျက်ခဲတစ်ခဲကို ကောက်ဝါးလိုက်ရင်း
"ပြေတယ်လို့တော့မဟုတ်ဘူးပေါ့ဗျာ၊ ဒီလိုပါပဲ၊ ကိုယ်လုပ်နိုင်သလောက်ရတာပေါ့၊ တံငါသည်ချမ်းသာတယ်ဆိုတာ ဘယ်တုန်းကရှိခဲ့ဖူးလို့လဲ"
ဦးဖိုးဝေကပြုံးလိုက်ရင်း
"မောင်တူးကြည့်ရတာ တံငါလုပ်ရင်း သူဌေးမဖြစ်သေးလို့ စိတ်ဓါတ်ကျနေတဲ့ပုံပဲ"
ဦးဖိုးဝေက ရယ်ကျဲကျဲနှင့်ပြောလိုက်လေသည်။ ကိုတိုက်က ရေနွေးငှဲ့ရင်း
"ကံကောင်းရင်တော့ ငါးကြီးငါးကောင်းလေးမိပြီး သူဌေးဖြစ်နိုင်ပါတယ်ဗျာ"
ကိုတိုက်ပြောသည့်အခါ ကိုတူးက အကိုဖြစ်သူကို အားမလိုအားမရနှင့်ကြည့်လိုက်ရင်း
"အကိုကြီးက ရသေ့စိတ်ဖြေလုပ်နေပြန်ပါပြီဗျာ၊ ကျုပ်တို့လူမှန်းသိတတ်ကတည်းက ပင်လယ်ထဲနေခဲ့တာပဲ၊ တံငါလုပ်ရင်း ချက်ချင်းလက်ငင်းသူဌေးဖြစ်သွားတာ ဘယ်နှယောက်မြင်ဖူးလို့လဲဗျ"
"ဟ၊ ငါးဘုရင်ဆိုတာ ရှိတယ်လေ ငတူးရ၊ တို့တံငါသည်တွေရဲ့အိပ်မက်က ကိုယ့်ပိုက်ကွန်ထဲကို ငါးဘုရင်ရောက်လာဖို့ပဲမဟုတ်လားကွ"
"တော်ပါအကိုကြီးရာ၊ အဲဒါတွေက ပုံပြင်တွေ ယုံတမ်းစကားတွေပါ၊ ကျုပ်တစ်သက်မှာ ငါးဘုရင်မိတဲ့လူဆိုတာ တစ်ခါမှ မကြားဖူးသေးဘူးဗျ"
ထိုအခါ ဦးဖိုးဝေက
"ငါးဘုရင်က ပုံပြင်ယုံတမ်းစကားမဟုတ်ဘူး မောင်တူးရ၊ တကယ်ရှိတဲ့ ငါးတစ်မျိုးပဲကွ၊ မင်းတို့မမှီလိုက်ပေမယ့် ငါကတော့ ငါးဘုရင်မိသွားတဲ့လူတစ်ယောက်ကို ကောင်းကောင်းကြီးသိလိုက်မီလိုက်တယ်ကွ"
ကိုတိုက်တို့ညီအကိုနှစ်ဦးမှာ ရေနွေးသောက်ရင်း ဦးဖိုးဝေပြောသည့်အကြောင်းအရာများကို စိတ်ဝင်စားစွာဖြင့် နားထောင်နေကြလေသည်။
"လွန်ခဲ့တဲ့နှစ်ဆယ့်ငါးနှစ်လောက်တုန်းက ထင်တယ်ကွ၊ ကံသာရွာမှာ ကိုသောင်းဆိုတဲ့လူတစ်ယောက်ရှိတယ်ကွ၊ သူလည်း မင်းတို့လို ကမ်းနီးတံငါလုပ်တာပဲကွ၊ တစ်နေ့ကျတော့ သူ့ပိုက်ထဲကို ငါးဘုရင်ကြီးတိုးဝင်လာသတဲ့ကွာ၊ သူလည်း အကြိမ်ကြိမ်ဖမ်းတာ လုံးဝမရဘူးတဲ့ကွ၊ ငါးဘုရင်ဆိုတာ ဘုန်းကံရှိတဲ့ငါးကွ၊ ငါးတွေရဲ့ဘုရင်ပဲ၊ ကိုယ်နဲ့ထိုက်မှတွေ့တတ်တာမျိုးကွ၊ ဖမ်းရင်လည်း သာမန်ငါးတွေဖမ်းသလို ဖမ်းလို့မရဘူး၊ သူ့ကိုဖမ်းမယ်ဆိုရင် နောင်တစ်သက်လုံး ငါးမဖမ်းတော့ပါဘူးဆိုပြီး သစ္စာပြုပြီးမှ ဖမ်းလို့ရတာကွ၊ ကိုသောင်းက ငါးဘုရင်ကိုဖမ်းမိတော့ လာကြည့်တဲ့လူတွေမနည်းပါဘူးကွာ၊ အဲဒီငါးဘုရင်ကို ဂွမြို့က ငါးဒိုင်ချုပ်ကိုယ်တိုင်ဆင်းလာပြီးတော့ သိန်းငါးဆယ်ပေးပြီးဝယ်သွားတယ်ကွ၊ သိန်းငါးဆယ်ဆိုတာ အဲဒီခေတ်က မနည်းဘူးနော်ကွ၊ ရွှေတစ်ကျပ်သားမှ သောင်းဂဏန်းလောက်ရှိတဲ့ခေတ်ကိုး"
"ကိုသောင်းလည်း ချမ်းသာသွားပြီးတော့ ဂွမြို့ပေါ်ကို မိသားစုလိုက်ပြောင်းနေကြတာပေါ့ကွာ၊ အခုထိ ဂွမြို့မှာ ကိုသောင်းလှူထားတဲ့ဘုရားတွေ၊ ဘုန်းကြီးကျောင်းတွေရှိသေးတယ်ကွ၊ ကိုသောင်းကတော့ မရှိတော့ဘူး သေသွားတာကြာပြီ၊ သူ့သားတွေ မြေးတွေတော့ရှိအုံးမယ်ထင်တယ်"
ကိုတိုက်မှာယုံကြည်သော်လည်း ကိုတူးက မယုံကြည်သည့်ပုံစံဖြင့်
"ငါးတစ်ကောင်က သိန်းဆယ်ချီအောင်တန်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား ဦးဖိုးဝေရဲ့"
"ဖြစ်နိုင်တာပေါ့ကွ၊ ဒီငါးက တခြားငါးမှမဟုတ်တာ ငါးဘုရင်ကွ ငါးဘုရင်၊ ဒီငါးကို နိုင်ငံခြားသားတွေက ဈေးကြီးပေးဝယ်တယ်ဆိုပဲကွ၊ အထူးသဖြင့် တရုတ်တွေအဝယ်များတာ၊ ခုနက ကိုသောင်းဆီက သိန်းငါးဆယ်နဲ့ဝယ်သွားတဲ့ ငါးဒိုင်ချုပ်က ရန်ကုန်က တရုတ်သူဌေးတစ်ယောက်ကို သိန်းရာချီနဲ့ပြန်ရောင်းလိုက်တယ်လို့ကြားတယ်"
ကိုတူးက လက်ခုပ်လက်ဝါးတီးပြီး
"ဒီငါးကိုသာရလို့ကတော့ ငတူးတို့သူဌေးဖြစ်ပြီပေါ့ဗျာ"
"တကယ်သာရရင် ငါ့လာရောင်းဟေ့၊ အဲဒီခေတ်ကတောင် သိန်းငါးဆယ်တန်တယ်ဆိုတော့ အခုခေတ်ဈေးနဲ့ဆိုရင် သိန်းရာချီအောင်တန်မှာကွ"
"အဲဒါအသာထားစမ်းပါဗျာ၊ အခုလောလောဆယ်တော့ ကျုပ်တို့ဖမ်းလာတဲ့ငါးလေးတွေကို အရင်ချိန်ရောင်းပေးစမ်းပါအုံး"
"သုံးဆယ့်ငါးပိဿာဆိုတော့ ငါးထောင်ရမယ်ဟေ့"
"ငါးထောင့်ငါးရာလောက်တောင် မရဘူးလားဗျာ"
"ဒါတောင်ငါက မင်းတို့ညီအကိုကို ခင်လွန်းလို့ ပေါက်ဈေးထက်နည်းနည်းပိုပေးထားတာပါကွ၊ ငါးဈေးတွေကျနေတာ မင်းတို့လည်းသိရဲ့သားနဲ့၊ ငါကဆီဖိုးလည်း စိုက်ရသေးတယ်လေကွာ"
ညီအကိုနှစ်ယောက် ဦးဖိုးဝေဆီမှ ငွေငါးထောင်ကိုယူကာ ပြန်ထွက်လာခဲ့ကြသည်။ လှေပေါ်ရောက်သည့်အခါ ကိုတိုက်က ငွေနှစ်ထောင့်ငါးရာကို ကိုတူးထံသို့လှမ်းပေးလိုက်သည်။
"ရော့ ငတူး၊ ထုံးစံအတိုင်း တစ်ယောက်တစ်ဝက်ပေါ့ကွာ"
ကိုတူးက ငွေနှစ်ထောင့်ငါးရာကိုလှမ်းယူလိုက်ပြီးသည့်နောက် ငွေတစ်ထောင်အား အကိုဖြစ်သူကိုပြန်ပေးလိုက်သည်။
"ဒါဘာလုပ်တာလဲ ငတူးရ"
"အကိုကြီးက မိသားစုရှိသေးတယ်လေဗျာ၊ ပြီးတော့ ကျုပ်က အကိုကြီးတို့ချက်တာပြုတ်တာတွေ ကပ်စားနေရတဲ့လူဆိုတော့ အကိုကြီးပဲ ပိုပိုသာသာယူလိုက်ပါ"
ကိုတိုက်မှာ ညီဖြစ်သူပေးသည့် ငွေတစ်ထောင်ကိုလှမ်းယူကာ အိတ်ကပ်အတွင်းသို့ထည့်လိုက်ပြီး ညီအကိုနှစ်ယောက် လှေကလေးကိုစက်ဖွင့်ကာ ရွာသို့ပြန်လာခဲ့ကြသည်။
(၂)
နောက်တစ်နေ့တွင် ညီအကိုနှစ်ဦး ထုံးစံအတိုင်း ပင်လယ်အတွင်းသို့ထွက်လာခဲ့ကြသည်။ ကိုတိုက်က လှေပဲ့ပိုင်းတွင်ထိုင်ကာ လှေကိုထိမ်းကြောင်းမောင်းနှင်ရင်း ယမန်နေ့က ချထားခဲ့သည့် ငါးဖမ်းကြိုးများကို သွားရောက်ဖော်ဆောင်ကြလေသည်။ ပင်လယ်အတွင်း ငါးကြီးများကိုဖမ်းသည့်အခါ နိုင်လွန်ကြိုးရှည်များတွင် ချိတ်တပ်လျှက် မျှားထောင်ဖမ်းဆီးကြခြင်းဖြစ်သည်။ ငါးသေးငါးမွှားများကိုတော့ ပိုက်တန်းခြင်း၊ ကွန်ဖြင့်ဖမ်းယူခြင်း အစရှိသည့်နည်းလမ်းများနှင့် ဖမ်းဆီးကြသည်။
ကိုတူးက ငါးမျှားကြိုးများကို တစ်ခုပြီးတစ်ခုဆွဲတင်နေလေသည်။ သို့သော်လည်း ငါးကြီးငါးကောင်းများအရနည်းသည်၊ အချို့ငါးများမှာ ငါးမျှားကြိုးတွင်ချိတ်ထားသည့်အစာကို လှမ်းမဟပ်ဘဲ ပါးစပ်နှင့်တွတ်ကာစားသောက်ကြသဖြင့်် ငါးမဖမ်းမိသည်ကများသည်။ ကိုတူးမှာ ငါးမျှားကြိုးများကို အတော်အတန်ဆွဲယူပြီဖြစ်သော်လည်း ငါးကြီးများသိပ်မရသဖြင့် စိတ်ပျက်သွားသည်။
"ငါးက သိပ်မရဘူး အကိုကြီးရဲ့၊ ကျုပ်တော့ စိတ်ပျက်လာပြီ"
"အိုကွာ၊ ပြီးရင်ပိုက်တန်းသွားဖော်ကြည့်မယ်လေ၊ သိပ်စိတ်မညစ်ပါနဲ့ ငတူးရာ"
"ကျုပ်ဖြင့် မနေ့က ဦးဖိုးဝေပြောတဲ့ ငါးဘုရင်ဆိုတာကြီးကို မိချင်တယ်ဗျာ"
"အောင်မာ၊ မင်းကစိတ်ကူးယဉ်နေသေးတယ်၊ ငါးဘုရင်ဆိုတာ ရှားတယ်ကွ၊ တံငါတွေတစ်သက်နေလို့ တစ်ခါမြင်ရတဲ့ငါးမဟုတ်ဘူး"
"ဒါတော့ဒါပေါ့ အကိုကြီးရာ၊ ဒါပေမယ့် တံငါလုပ်ရင်း ဝုန်းခနဲဒိုင်းခနဲချမ်းသာသွားနိုင်တာ ဒီနည်းလမ်းပဲရှိတယ်မဟုတ်လား"
ကိုတူးက အဝေးတွင်လှမ်းမြင်နေရသည့် တောင်ကုန်းကလေးတစ်ခုပေါ်မှ ထုံးဖြူဖြူစေတီကလေးကိုလက်အုပ်ချီလိုက်ကာ
"အရှင်ဘုရား တပည့်တော်တို့ကို ငါးဘုရင်တစ်ကောင်လောက်သာ ပေးသနားတော်မူပါဘုရား"
ကိုတူးဆုတောင်းနေသည်ကို ကိုတိုက်က ကြည့်ကာရယ်မောနေမိသည်။
"တော်စမ်းပါငတူးရာ၊ တို့လို အကုသိုလ်အလုပ်နဲ့အသက်မွေးနေတဲ့တံငါတွေက ဘုရားကကြည့်ပါမလားကွ၊ ငါးမျှားကြိုးတွေသာ မြန်မြန်ဖော်ကွာ၊ သိပ်အချိန်ကြာလို့ မကောင်းဘူးကွ"
ထို့နောက် ကိုတူးမှာ ကျန်ရှိနေသေးသည့် ငါးမျှားကြိုးများကိုဆွဲတင်နေလေသည်။ ငါးမျှားကြိုးတစ်ခုအား ဆွဲလိုက်သည့်အခါတွင် ကြိုးမှာအလေးချိန်တစ်ခုရှိကာ လေးဖင့်နေသည်ကိုခံစားလိုက်ရသည်။
"ဟာ အကိုကြီး ငါးအကောင်ကြီးတစ်ကောင်တော့ မိနေပြီထင်တယ်"
ကိုတူးက ဝမ်းသာအားရဖြင့် ငါးဖမ်းကြိုးကိုဆွဲတင်နေမိသည်။ ကြိုးမှာဆွဲရင်းဆွဲရင်း တဖြည်းဖြည်းလေးဖင့်လာသည်။ ကိုတူးမှာ လှေဝမ်းနံရံကိုခြေဖြင့်ကန်ပြီး လက်နှစ်ဖက်ဖြင့်အားကုန်ဆွဲနေမိသည်။ မကြာခင် ကြိုးတွင်ငါးကြီးတစ်ကောင်ချိတ်နေသည်ကိုတွေ့ရသည်။ ထိုငါးကြီး၏ အကြေးခွံများမှာရွှေဝါရောင်အဆင်းရှိပြီး နေရောင်အောက်တွင် တဖြပ်ဖြပ်ဝင်းလက်နေလေသည်။ ငါးကြီး၏ ဦးခေါင်းတွင်လည်း အမောက်သဏ္ဍာန်အချွန်အတက်များကိုတွေ့ရသည်။ ငါးမှာ နှစ်တောင်ခန့်သာရှိသော်လည်း ရုန်းအားအလွန်ပြင်းကာ ကိုတူးဆွဲနေသည်ကိုပင် ခပ်ဆတ်ဆတ်ရုန်းကန်နေလေသည်။
"အကိုကြီးရေ ဒီငါးကြီးက ဘာငါးလဲတော့မသိဘူး၊ သန်တာတော့ အတော်သန်တာဗျ၊ အကိုကြီးလာကူဆွဲလှည့်ပါအုံး"
လှေပဲ့ပိုင်းတွင်ထိုင်ကာ ဆေးလိပ်ဖွာနေသည့် ကိုတိုက်မှာ ကိုတူးထံသို့လှမ်းလာခဲ့သည်။ ကိုတူးတစ်ယောက် လှေနံရံကိုခြေဖြင့်ကန်ကာ ငါးမျှားကြိုးကို လက်နှစ်ဖက်အားဖြင့် ဆွဲယူနေလေသည်။ ကိုတိုက်က ငါးကြီးကိုကြည့်လိုက်ကာ အလွန်အံ့အားသင့်သွားလေသည်။ ရေပေါ်တွင် ပေါ်လာလိုက်၊ ရေအောက်သို့ပြန်လည်နစ်မြုပ်သွားလိုက်နှင့် ရုန်းကန်လှုပ်ရှားနေသည့်ငါးကြီးကို ကိုတိုက်က ငိုင်ငိုင်ကြီးကြည့်နေမိသည်။
"အကိုကြီး ငါးမျှားကြိုးကိုဆွဲလေဗျာ ဘာလုပ်နေတာလဲ"
"င . . .ငတူးရေ တို့ငါးမျှားကြိုးမှာ မိနေတဲ့ငါးကြီးက မင်းပြောတဲ့ ငါးဘုရင်ဆိုတာကြီးလားမသိဘူးကွ"
ကိုတိုက်၏ အသံများမှာ တုန်တုန်ယင်ယင်ဖြစ်နေလေသည်။
"ဟုတ်ပါ့မလား အကိုကြီးရာ၊ ကျုပ်ကိုမနောက်ပါနဲ့ဗျာ"
"ငါတကယ်ပြောတာ ငတူးရ၊ ငါးဘုရင်ဆိုတာ တစ်ကိုယ်လုံးကိုရွှေရောင်အကြွေးခွံတွေနဲ့ဖုံးအုပ်ထားတယ်လို့ကြားဖူးတယ်၊ ပြီးတော့ သူ့ခေါင်းမှာလည်း ဘုရင်တွေသရဖူဆောင်းထားသလိုမျိုး ရွှေရောင်အတွန့်အခက် အမောက်တွေပါတယ်တဲ့ကွ၊ အခုဒီငါးကြီးကိုငါကြည့်လိုက်တော့ ဒီလိုပုံစံမျိုးတစ်ထပ်တည်းပဲ"
ကိုတူးမှာ အားတက်သွားပြီး
"ဒါဆိုဆွဲဗျာ၊ ဒီငါးဘုရင်ကိုရရင်ကျုပ်တို့ချမ်းသာပြီအကိုကြီးရ၊ အလွတ်မပေးနဲ့ဗျို့"
ညီအကိုနှစ်ယောက်မှာ ငါးမျှားကြိုးကိုအတူတကွဆွဲကြလေသည်။ ငါးကြီးမှာ ရေပေါ်သို့ပေါ်လာပြီး လှေနှင့်နီးကပ်လာသော်လည်း တစ်ခါရုန်းကန်ပြီး ရေအောက်သို့ပြန်လည်ငုပ်ဆင်းလေသည်။ ယောက်ျားရင့်မာကြီးနှစ်ယောက် ဆွဲသည့်အားကိုပင် ငါးကြီးက ရုန်းကန်နိုင်ပေသည်။ ညီအကိုနှစ်ယောက်မှာ ငါးကြီးအားဖမ်းလုနီးနီးဖြစ်လိုက် ငါးကြီးက ပြန်လည်ရုန်းကန်သွားလိုက်နှင့် ထိုနေရာတွင် တစ်နာရီခန့်မျှအချိန်ကုန်သွားသည်။ နှစ်ယောက်စလုံးလည်း ခြေကုန်လက်ပန်းကျကာ မောပန်းနေပြီဖြစ်သည်။ ထိုအခါမှ ကိုတိုက်မှာ တစ်ခုသတိရသွားသည်။
"နေအုံး ငတူးရ၊ ဒီငါးက ငါးဘုရင်မှန်တယ်ဆိုရင် ငါတို့ဒီအတိုင်းဖမ်းလို့ရမှာမဟုတ်ဘူးကွ၊ ငါးဘုရင်မှန်ရင် သစ္စာဆိုပြီးတော့မှ ဖမ်းရမယ်မဟုတ်လား"
"ဘယ်လိုသစ္စာဆိုရမှာလဲ အကိုကြီး"
"ငါကြားဖူးတာကတော့ ဒီငါးဘုရင်ကိုဖမ်းမိတဲ့လူက နောက်တစ်သက်လုံး ငါးမဖမ်းတော့ပါဘူးဆိုတဲ့ သစ္စာကို ပင်လယ်ရေပြင်ကို လက်နဲ့ထိပြီးဆိုမှ ဖမ်းလို့ရတာတဲ့"
"ဒါဆိုစမ်းကြည့်ကြမယ်အကိုကြီးရာ"
ကိုတူးမှာ လှေနံဘေးသို့ဆင်းလိုက်ရင်း ပင်လယ်ရေကိုလက်ဖြင့်ထိကိုင်လိုက်သည်။ ကိုတိုက်မှာလည်း ထိုနည်းတူစွာပင် ပင်လယ်ရေပြင်ကို လက်နှင့်ထိထားလိုက်သည်။
"ကျွန်တော်သည် ငါးဘုရင်ကိုဖမ်းမိပါက နောက်ထပ်မည်သည့်ငါးကိုမှ မဖမ်းဆီးတော့မည်ဖြစ်ကြောင်း သစ္စာဆိုအပ်ပါသည်။ ဤသစ္စာမှန်ခဲ့သည်ရှိသော် ငါးဘုရင်ကို ဖမ်းဆီးရမိပါစေသား"
ညီအကိုနှစ်ဦးမှာ ရေပြင်ကိုကိုင်တွယ်လျှက်သစ္စာဆိုပြီးသည့်အခါ ငါးဘုရင်ကြီးမှာ ရေမျက်နှာပြင်ပေါ်သို့ပေါ်ထွက်လာပြီး ခပ်ဖြည်းဖြည်းချင်းကူးခတ်လာလေသည်။ ကိုတူးမှာ ငါးမျှားကြိုးကိုဆွဲတင်လိုက်သည့်အခါ ငါးဘုရင်မှာအလိုက်သင့်ပင် ပါလာပြီး လှေပေါ်သို့ရောက်လာခဲ့သည်။ ကိုတိုက်မှာ ကော်ပုံးကြီးတစ်ခုအတွင်းသို့ ပင်လယ်ရေများခပ်ထည့်လိုက်ကာ ငါးကြီးကိုပုံးအတွင်းသို့ထည့်လိုက်လေသည်။ ညီအကိုနှစ်ဦးမှာလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အလွန်ဝမ်းသာနေကြသည်။
"အကိုကြီးရေ ကျုပ်တို့တော့ ချမ်းသာပြီအကိုကြီးရ"
"သိပ်ဝမ်းသာမစောပါနဲ့အုံး ငတူးရာ၊ ဒီငါးကြီးက ငါးဘုရင်ဟုတ်မဟုတ်မသိသေးဘူးကွ"
"ဘာပဲဖြစ်ဖြစ် ဦးဖိုးဝေဆီသွားပြကြည့်မယ်ဗျာ၊ ဟုတ်လို့ကတော့ ဌေးပြီပဲဗျ"
"အေးကွာ၊ ဘာပဲဖြစ်ဖြစ် အခုပဲသွားကြတာပေါ့"
ကိုတိုက်က စက်လှေကိုနှိုးလိုက်ကာ ငါးဒိုင်များရှိသည့် ဆိပ်ကမ်းဆီသို့ လာခဲ့ကြသည်။ ကိုတူးမှာ ငါးဘုရင်ကို အသေအချာကြည့်ရင်း
"တကယ်လို့ ဒီငါးကြီးသာ ငါးဘုရင်ဖြစ်ခဲ့ရင် ကျုပ်တို့ဦးဖိုးဝေကိုဘယ်လောက်တောင်းမလဲ အကိုကြီး"
"သိပ်အများကြီးတောင်းလို့ ဈေးလန်သွားပါအုံးမယ်ကွာ၊ ငါကတော့ သိန်းတစ်ရာလောက်ပဲတောင်းမလားလို့"
"ဟာဗျာ အကိုကြီးကလည်း လွန်ခဲ့တဲ့နှစ်ဆယ့်ငါးနှစ်လောက်တုန်းကတောင် သိန်းငါးဆယ်ရတာ၊ ခုခေတ်သိန်းတစ်ရာက နည်းတာပေါ့ဗျာ၊ သိန်းနှစ်ရာလောက်တောင်းမယ်၊ အကိုကြီးတစ်ရာ ကျုပ်ကသိန်းတစ်ရာပေါ့ဗျာ မကောင်းဘူးလား"
"အောင်မာ ငတူး၊ မင်းက တွက်ရေးကစက်သူဌေးပါလားကွ၊ သိန်းတစ်ရာမပြောနဲ့ ဆယ်သိန်းပြည့်အောင်တောင်မှ မင်းလက်ထဲမှာကိုင်ဖူးလို့လား"
"ဘာဖြစ်လဲအကိုကြီးရာ အရင်ကမကိုင်ခဲ့ဖူးလဲ၊ အခုဒီငါးကြီးရပြီဆိုတော့ ကိုင်နိုင်ပြီပေါ့ဗျာ"
ညီအကိုနှစ်ယောက် တဟားဟားနှင့်ရယ်မောကာ လှေကိုမောင်းနှင်လာခဲ့သည်။
(၃)
"ဟ၊ မင်းတို့ဟာက ငါးဘုရင်အစစ်ကြီးကွ"
ဦးဖိုးဝေထံသို့ရောက်သည့်အခါ ဦးဖိုးဝေက ငါးဘုရင်ကြီးကို ငါးဒိုင်အနောက်ဘက်ရှိ အခန်းထဲသို့ထည့်လိုက်ပြီး ကြည့်ရှုစစ်ဆေးနေလေသည်။
"ငါတပ်အပ်တော့မပြောနိုင်ပေမယ့် ငါးဘုရင်ကတော့ ငါးဘုရင်ပဲဟေ့၊ ဒီလိုလုပ်၊ ငါ ဂွမြို့က ဒိုင်ချုပ်ဆီကိုဆက်သွယ်ပြီး သူ့ကိုလာကြည့်ခိုင်းမယ်၊ တကယ်လို့သာ ငါးဘုရင်အစစ်ဆိုရင်တော့ မင်းတို့ငါ့ကိုရောင်းနော်ကွ"
"ခင်ဗျားက ဘယ်လောက်ပေးမလဲဦးဖိုးဝေရ"
ဦးဖိုးဝေမှာ တစ်ချက်တွေဝေသွားသည်။ ညီအကိုနှစ်ယောက်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကာ ကိုတူးက ကိုတိုက်ကို သိန်းနှစ်ရာတောင်းရန်အတွက် လက်ညှိုးနှစ်ချောင်းကိုထောင်ပြလိုက်သည်။ ထိုစဉ်မှာပင် ဦးဖိုးဝေက
"မင်းတို့ကို သိန်းငါးရာပေးမယ်ကွာ"
ညီအကိုနှစ်ဦးမှာ အလွန်အံ့သြသွားကြကာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြလေသည်။
"ဒီလောက်ပဲထားပေးပါကွာ၊ ငါ့ကိုခင်ရင် ဒီလောက်နဲ့ဈေးဖြတ်ပေးပါကွာ ဟုတ်ပြီလား"
ညီအကိုနှစ်ယောက်မှာ သိန်းနှစ်ရာတောင်းရန်ဆုံးဖြတ်ထားသော်လည်း သိန်းငါးရာပေးနေပြီမို့ ခေါင်းညိတ်လိုက်ကြသည်။
"ဒါပေမယ့် ကျုပ်တို့လက်ငင်းလိုချင်တယ် ဦးဖိုးဝေ"
"အေးပါ၊ လောလောဆယ် သိန်းငါးဆယ်ယူထား၊ နောက်နေ့ ငါဂွမြို့တက်ပြီး ငွေထုတ်ပြီးတော့ မင်းတို့ကိုအကြေချေမယ်ဟုတ်ပြီလား၊ ဒါပေမယ့် ငါးဘုရင်ရတဲ့အကြောင်းကို မင်းတို့လှို့ဝှက်ထားရမယ်နော်၊ လူတွေသိရင် လုတာယက်တာတွေဖြစ်လာနိုင်တယ်ကွ"
"စိတ်ချပါဗျာ၊ ကဲ အဲဒီသိန်းငါးဆယ်သာ ပေးတော့"
ညီအကိုနှစ်ဦးမှာ အလွန်ပျော်ရွှင်ကြလေသည်။ သိန်းငါးဆယ်ရပြီး အိမ်သို့ရောက်သည်နှင့် ငါးဖမ်းလှေကလေးကို အခြားတံငါတစ်ဦးအား အလကားပေးလိုက်သည်။
"သူများကိုအလကားပေးရမှာ နှမြောတော့ နှမြောစရာကြီးဗျ၊ ဒီလှေက အဖေပေးခဲ့တဲ့အမွေမဟုတ်လား"
"ပေးလိုက်စမ်းပါ အကိုကြီးရာ၊ အခုကျုပ်တို့အတွက် အဲဒီလှေမှမလိုတော့တာဗျ၊ ကျုပ်တို့ငါးဖမ်းစရာလည်း မလိုတော့ဘူးလေဗျာ"
အကျဉ်းချုပ်အားဖြင့်ဆိုရသော် ကိုတိုက်နှင့်ကိုတူးတို့မှာ ဦးဖိုးဝေထံမှရရှိသည့်ငွေများကို အညီအမျှခွဲဝေလိုက်ကြပြီး ချမ်းသာသွားကြသည်။ ညီအကိုနှစ်ဦး ငါးဘုရင်ရသည့်အတွက် ချမ်းသာသွားသည့်အဖြစ်မှာလည်း ဟိုးလေးတကျော်ဖြစ်သွားလေသည်။ တစ်ဦးလျှင် သိန်းနှစ်ရာ့ငါးဆယ်စီ ခွဲဝေယူကြပြီးသည့်နောက် ကံပေါက်ရွာကလေးတွင် မနေကြတော့ဘဲ ဂွမြို့သို့ပြောင်းရွှေ့သွားကြသည်။
ကိုတိုက်မှာ ဂွမြို့တွင်အိမ်တစ်လုံးဝယ်ယူလိုက်ကာ မိသားစုနှင့်အတူနေထိုင်လေသည်။ ညီဖြစ်သူ ကိုတူးကတော့ အကိုနှင့်အတူမနေချင်တော့ပေ။
"ကျုပ်တော့ ဒီမှာဆက်မနေချင်ဘူးဗျာ၊ အခုငွေတွေလည်းရပြီဆိုတော့ လုပ်ငန်းတစ်ခုခုလုပ်ချင်တယ်ဗျ"
"ငါ့ညီက ဘာလုပ်ချင်လို့လဲ"
"လောလောဆယ်တော့ မသိသေးဘူးပေါ့ဗျာ၊ ဒါပေမယ့် ကျုပ်ရန်ကုန်ကိုဆင်းကြည့်မယ်၊ အဲဒီက သူဌေးတွေဆီမှာလေ့လာကြည့်ပြီး လုပ်ငန်းတစ်ခုခုလုပ်မယ်ဗျာ၊ အရင်းအနှီးလည်းရှိနေပြီမဟုတ်လား"
"အကိုကြီးရော ဘာဆက်လုပ်မလဲ"
"ငါကတော့ ဒီမြို့ပေါ်မှာ ဈေးဆိုင်လေးဘာလေးဖွင့်မလားလို့စိတ်ကူးတယ်၊ လုပ်ငန်းတစ်ခုခုလုပ်မှရမှာကွ၊ ငါတို့ဆိုခဲ့တဲ့သစ္စာအရ တံငါလုပ်လို့မရတော့ဘူးလေကွာ"
ညီအကိုနှစ်ဦးတိုင်ပင်ပြီးသည့်အခါ ကိုတူးမှာ ငွေထုပ်ပိုက်ပြီးရန်ကုန်သို့ထွက်သွားလေသည်။
ကိုတူးတစ်ယောက် ရန်ကုန်ရောက်သည့်အခါ တစ်ခါမှ မမြင်ဖူးသည့် ဟိုတယ်ကြီးများတွင် တက်ရောက်နေထိုင်သည်။ အစားကောင်းအသောက်ကောင်းများစားသောက်ကာ သူဌေးဆိုသူများကိုချဉ်းကပ်ပြီး စီးပွားရေးလုပ်ရန်အတွက် အကွက်အကွင်းကောင်းရှာဖွေနေမိသည်။ သို့သော် တစ်သက်လုံးတံငါအလုပ်သာ လုပ်ဖူးပြီး အတန်းပညာအရည်အချင်းလည်းမရှိသည့် ကိုတူးမှာ ခြောက်လခန့်ကြာသည့်အခါ ငွေရင်းများတစ်ဆတစ်ဆလျော့နည်းလာလေသည်။ စီးပွားရေးလုပ်ငန်းမှာ အစပင်မလုပ်ရသေးပေ။ သူဌေးများနှင့်ပေါင်းဖက်ကာ ပျော်ပါးစားသောက်ရင်း သူဌေးဂိုက်ဖမ်းထားသော်လည်း လက်ထဲတွင်ငွေအရင်းအနှီးမကျန်တော့ပေ။
"ငါဒီငွေတွေကုန်သွားလို့ ပြန်သွားရင် အကိုကြီးကလည်း ငါ့ကိုဆူမယ်၊ ပြီးတော့ ရှက်စရာလည်းကောင်းတယ်၊ မဖြစ်ဘူး၊ ငါလုပ်ငန်းတစ်ခုခုအမြန်လုပ်မှရမယ်"
ကိုတူးက စဉ်းစားတွေးတောရင်း သူဌေးများနှင့်ဆက်လက်တိုင်ပင်ရာ တစ်နေ့တွင်တော့ ဧရာဝတီတိုင်းဘက်မှ သူဌေးတစ်ဦးနှင့် စကားဆက်စပ်မိလေသည်။ ထိုသူဌေးမှာ ငါးပိ၊ ငါးခြောက်လုပ်ငန်းဖြင့် အောင်မြင်နေသူတစ်ဦးဖြစ်သည်။
"ခင်ဗျားမှာ ငွေရင်းသိပ်မကျန်တော့ဘူးဆိုရင် ငါးကန်လုပ်ကြည့်ပါလားဗျ"
"ငါးကန်ဆိုတာ ဘာလဲဗျ"
"ဧရာဝတီတိုင်း၊ ဒီရန်ကုန်တိုင်းမှာငါးကန်တွေတူးတယ်၊ အင်းတွေကိုလေလံဆွဲတယ်ပေါ့ဗျာ၊ ပြီးတော့ အသားတိုးငါးမွေးတာပေါ့၊ ဒီလုပ်ငန်းကို လူတွေက သိမ်နုတ်တယ်လို့ထင်ကြပေမယ့် အကျိုးအမြတ်များတဲ့လုပ်ငန်းတစ်ခုဗျ"
ကိုတူးမှာ ထိုလုပ်ငန်းကိုလုပ်ကိုင်ချင်သော်လည်း ငါးဘုရင်ကြီးကိုဖမ်းမိစဉ်က ပင်လယ်ရေပြင်ကို လက်နှင့်ကိုင်ကာ ကျိန်ဆိုခဲ့ဖူးသည့် သစ္စာကိုပြန်လည်အောက်မေ့ကာ လုပ်ကိုင်ရန်ကြောက်ရွံ့နေလေသည်။ ကိုတူးစဉ်းစားနေသည်ကို ထိုသူဌေးကကြည့်ရင်း
"ခင်ဗျားက ဒီလုပ်ငန်းမလုပ်ဖူးတဲ့လူဆိုတော့ စဉ်းစားရခက်နေတဲ့ပုံပဲဗျ၊ ဒီလိုလုပ်ဗျာ၊ ခင်ဗျားရဲ့လုပ်ငန်းကို ကျုပ်က ရင်းနှီးငွေတစ်ဝက်စိုက်ထည့်ပေးမယ်ဗျာ၊ ငါးကန်ဖော်ရင် အမြတ်တွေအကုန်လုံးကိုခင်ဗျားယူလိုက်၊ ကျုပ်က ငွေရင်းပြန်ရရင်ကျေနပ်ပြီ၊ ဒါ ခင်ဗျားအတွက်ကျုပ်နောက်ဆုံးကမ်းလှမ်းချက်ပဲ၊ ဒီအတိုင်းထိုင်ပြီး သုံးဖြုန်းနေလို့ ငွေတွေကုန်သွားမှာထကက် လုပ်ငန်းတစ်ခုခုထဲရင်းနှီးလိုက်တာ ခင်ဗျားအတွက် အသင့်တော်ဆုံးပဲ"
"ဟိုလေ ကျုပ်က ငါးကန်လုပ်ပြီဆိုပါစို့၊ အဲဒီကန်ထဲက ငါးတွေကို ကျုပ်ကိုယ်တိုင်ဖမ်းရမှာလား"
ထိုအခါ သူဌေးကရယ်မောလိုက်ကာ
"ကိုတူးရာ ခင်ဗျားက တော်တော်ရယ်ရတဲ့လူပဲ၊ ကန်ပိုင်ရှင်သူဌေးက ငါးကန်ထဲဆင်းဖမ်းစရာလိုမလားဗျ၊ ဝန်ထမ်းတွေကိုဖော်ခိုင်းရုံပေါ့"
ကိုတူးမှာ တစ်ချက်တွေးနေမိသည်။
"ဘာပဲဖြစ်ဖြစ် ဒီအခွင့်အရေးက လက်လွတ်မခံသင့်တဲ့အခွင့်အရေးပဲ၊ ပြီးတော့ ငါက ပင်လယ်ရေငန်ထဲမှာ သစ္စာဆိုခဲ့တာပဲလေ၊ ရေချိုထဲမှာလုပ်တာကတော့ ဘာမှမဖြစ်လောက်ပါဘူး"
"ခင်ဗျားဘာတွေ တွေဝေနေတာလဲ ကိုတူး"
"ကျုပ်စိုးရိမ်နေတာတစ်ခုရှိတယ်ဗျ၊ တစ်ချိန်က ကျုပ်က ငါးဘုရင်ကြီးကိုဖမ်းမိရင် နောက်ထပ်ငါးဖမ်းတာတွေ ထပ်မလုပ်တော့ပါဘူးလို့ သစ္စာဆိုခဲ့တယ်ဗျ၊ ကျုပ်အခုလို ငါးကန်လုပ်တဲ့အခါ တစ်ချိန်ကဆိုခဲ့ဖူးတဲ့ သစ္စာကို ဖောက်ဖျက်ရာများကျနေမလား"
ထိုအခါ သူဌေးက ဟက်ဟက်ပက်ပက်ရယ်ပြန်သည်။
"ခင်ဗျားက တော်တော်ရိုးတဲ့လူပဲဗျ၊ ဘာလဲ ဒီခေတ်ကြီးမှာ အဲဒီသစ္စာတွေ ကျိန်စာတွေက တကယ်အသုံးဝင်တယ်လို့ခင်ဗျားထင်နေတာလားဗျ၊ အဲဒီသစ္စာတွေသာ တကယ်မှန်တယ်ဆိုရင် တရားရုံးမှာ မမှန်မထွက်ဆိုပါဘူးဆိုပြီး ကျမ်းကိုင်ကျိန်ထားပြီး လိမ်လည်ထွက်ဆိုနေတဲ့လူတွေအကုန် သေကုန်တာကြာပေါ့ဗျ"
"ခင်ဗျားပြောတာလည်း ဟုတ်သလိုလိုပဲဗျနော်"
"အဲဒီ သစ္စာစကားတွေ၊ ကျိန်စာတွေဆိုတာ ရှေးခတ်က အသိဉာဏ်ပညာနည်းတဲ့လူတွေကို ကြောက်အောင်ခြောက်ထားတဲ့အရာတွေပါဗျာ၊ တကယ်မရှိပါဘူးဗျ ခင်ဗျားကလည်း"
"အဲဒါဆိုရင်တော့ ငါးကန်လုပ်ကြစို့ဗျာ၊ ကျုပ်တို့ခပ်သေးသေးက စကြတာပေါ့"
ကိုတူးနှင့် ထိုသူဌေးမှာ ဘီယာခွက်ချင်းတိုက်ကာ ရယ်မောလိုက်ကြလေသည်။
မအူပင်ဆိုသည့် ဒေသတွင် ကိုတူးတစ်ယောက် ငါးကန်လုပ်ငန်းလုပ်ကိုင်တော့သည်။ လက်ထဲတွင်ကျန်နေသည့် ငွေပင်ငွေရင်းများအကုန်လုံးကို ငါးကန်လုပ်ငန်းအတွင်းသို့ ရင်းနှီးကာလုပ်ကိုင်ခြင်းဖြစ်သည်။ ငါးကန်အတွင်းရှိမွေးမြူရေးငါးများမှာ အတော်ဖြစ်ထွန်းသည်ဟုဆိုရမည်။ သို့နှင့်ငါးကန်ဖော်သည့်အချိန်သို့ရောက်လာခဲ့သည်။ ကိုတူးမှာလည်း ငါးကန်ဖော်ရာသို့လာရောက်ကြည့်ရှုနေလေသည်။ ပိုက်ကွန်ကြီးကိုဆွဲတင်လိုက်သည့်အခါတိုင်း ထွားကျိုင်းသန်မာလှသည့်ငါးကြီးများမှာ ကွန်အတွင်းခုန်ပေါက်နေကြသည်။
"ဘယ့်နှယ့်လဲ ကိုယ့်လူ၊ ဒီလုပ်ငန်းက ကျုပ်ပြောထားတဲ့အတိုင်း အဆင်ပြေတယ်မဟုတ်လား"
"ပြေပါတယ်ဗျာ၊ အခုကန်ဖော်တော့ အရင်းအပြင် အမြတ်ကလည်း ခေါက်ချိုးနီးပါးကျန်တာဗျ"
"ခင်ဗျားနဲ့ဒီလုပ်ငန်းနဲ့ အကျိုးပေးတယ်လို့ပြောလို့ရတယ်၊ ခင်ဗျား ဒီလုပ်ငန်းကိုသာ တစိုက်မတ်မတ် ဆက်လုပ်တော့ဗျို့"
ငါးကန်ဖော်သည့် ဝန်ထမ်းကလေးများမှာ ငါးများကိုဖော်နေသည့်အခါ ကိုတူးက နံဘေးမှကြည့်ကာ အော်ဟစ်အမိန့်ပေးလေသည်။
"ဟေ့ကောင်တွေ သေချာလုပ်နော်ကွ၊ ဟော ဟိုမှာငါးတစ်ကောင် ကွန်ထဲကခုန်ထွက်သွားပြီ လိုက်ဖမ်းလေကွာ၊ သေချာဖမ်းစမ်းပါကွ"
ကိုတူးမှာ အားမလိုအားမရနှင့်အော်ဟစ်ပြီး ကန်အတွင်းသို့ဆင်းသွားလေသည်။ တစ်ချိန်ကလည်း တံငါလုပ်ကိုင်ခဲ့ဖူးသူမို့ ငါးဖမ်းနေသည်ကိုမြင်သည့်အခါ စိတ်မထိန်းနိုင်ဘဲ မသိစိတ်မှအလိုလိုဆင်းချသွားခြင်းဖြစ်သည်။ ဝန်ထမ်းကလေးနှင့်အတူ ကိုယ်တိုင်ဝင်၍ ငါးများကိုဖမ်းနေမိသည်။ ထိုစဉ် ငါးဖမ်းပိုက်အတွင်းမှ အလွန်ကြီးမားသည့် ငါးကြင်းဖြူကြီးတစ်ကောင်က အရှိန်ဖြင့်ခုန်ထွက်လိုက်ကာ ကိုတူးထံသို့ တန်းတန်းမတ်မတ်ပျံသန်းသွားသည်။ ကိုတူးမှာလည်း ထိုငါးကြီးကိုအံ့အားသင့်ကာကြည့်နေမိသည်။ ငါးကြီးမှာ အရှိန်ဖြင့်လွင့်ထွက်လာကာ ကိုတူး၏ရင်ဝကို ဦးခေါင်းနှင့် ဘုန်းခနဲတိုက်လိုက်သဖြင့် ကိုတူးတစ်ယောက် ပက်လက်လန်ကာ ရေထဲသို့လဲကျသွားသည်။
ဝန်ထမ်းကလေးများမှာ ကိုတူးအားပြေးဆွဲလိုက်ကြပြီး ကန်ဘောင်ပေါ်သို့ဆွဲတင်လိုက်ကြသည်။ မွေးမြူရေးကန်အတွင်း ထိုမျှကြီးမားသည့်ငါးကြီးကိုတစ်ခါမှမမြင်ဖူးကြသကဲ့သို့ ထိုငါးကြီးမှာလည်း ကိုတူးအားဝင်တိုက်ပြီးသည့်အခါ ပျောက်ခြင်းမလှပျောက်သွားခဲ့သည်။ ကိုတူးမှာ တအီးအီးနှင့် ညည်းညူနေရင်း ပါးစပ်အတွင်းမှ သွေးများအန်ကျလာလေသည်။
"ဆရာကိုတူးတော့ ငါးက အရှိုက်ကိုဝင်တိုက်မိပြီး ကလီစာတွေထိသွားတာဖြစ်မယ်ဟေ့၊ ဆေးရုံပို့ကြရအောင်"
ဝန်ထမ်းများက ကိုတူးအားဆေးရုံသို့ပို့လိုက်ကြသော်လည်း ကိုတူးမှာ ဆေးရုံမရောက်ခင်လမ်းမှာပင် သေဆုံးသွားလေသည်။ ထိုသို့ထူးဆန်းစွာ သေဆုံးသွားကြသည့် ကိုတူးကို လူအများက ထင်ကြေးအမျိုးမျိုးပေးကြသည်။ သို့သော် ကိုတူးတစ်ယောက် မိမိဆိုထားသည့် သစ္စာဖောက်ဖျက်မှု၏ အကျိုးဆက်ကို ခံစားလိုက်ရသည်မှန်း မသိကြပေ။
ကိုတူးသေဆုံးပြီး ငါးနှစ်ခန့်အကြာတွင် ကိုတိုက်တို့မှာ ဘုရားဖူးထွက်လာခဲ့ကြလေသည်။ ကိုတိုက်မှာလည်း စီးပွားရေးများအဆင်ပြေကာ ကိုယ်ပိုင်ကားပင် စီးနိုင်နေပြီဖြစ်သည်။ ယခုလည်း ကားအသစ်ကလေးနှင့် မိသားစုလိုက်ဘုရားဖူးထွက်လာကြခြင်းဖြစ်သည်။ ထိုဘုရားအနီးတွင် ကြည်လင်အေးမြသည့် စမ်းချောင်းကလေးနှင့်ရေတံခွန်တစ်ခုရှိလေသည်။ ထိုစမ်းချောင်းကလေးတွင် လူအများမှာ အပန်းပြေရေဆော့ကစားကြသည်ဖြစ်ရာ ကိုတိုက်တို့မိသားစုမှာလည်း ရေကစားကြလေသည်။
ကိုတိုက်မှာစမ်းချောင်းကလေးအတွင်းရေကူးနေစဉ် ငါးသလဲထိုးကဲ့သို့ ငါးကလေးများကိုတွေ့လိုက်ရသည်။ ကိုတိုက်၏ သားသမီးများက ကလေးပီပီ ထိုငါးကလေးများကိုလက်ခုပ်နှင့်ဖမ်းယူဆော့ကစားနေလေသည်။ ကိုတိုက်မှာလည်း ကလေးများနှင့်အတူ ထိုငါးကလေးများအား လိုက်ဖမ်းလေသည်။ ငါးကလေးနှစ်ကောင်ကို လက်ခုပ်နှင့်ဖမ်းယူပြီးသည့်နောက် ကလေးနှစ်ယောက်အား ငါးကိုပြလိုက်စဉ် ကိုတိုက်၏ရင်ဝတွင် စူးခနဲတစ်ချက်ဖြစ်သွားပြီးနောက် အလွန်ထိုးအောင့်လာလေသည်။ ကိုတိုက်မှာ ရင်ဘတ်အားဖိထားစဉ် ပါးစပ်မှ သွေးများက တပွက်ပွက်နှင့်အန်ကျလာပြီး ကိုတိုက်တစ်ယောက် စမ်းချောင်းအတွင်းလဲကျသွားသည်။
ကိုတိုက်အား လူအများက စမ်းချောင်းအတွင်းမှ ဆွဲတင်လိုက်သည့်အချိန် ကိုတိုက်တစ်ယောက် အသက်မရှိတော့ပေ။ တစ်ချိန်က ငါးဘုရင်ကြီးကိုဖမ်းမိရန်အတွက် ကျိန်ဆိုထားခဲ့သည့် သစ္စာစကားကို ပေါ့ပျက်ပျက်သဘောထားကာ ချိုးဖောက်မိသည့် ကိုတူးနှင့် သစ္စာစကားကိုမေ့မေ့လျော့လျော့နေကာ အမှတ်တမဲ့ကျူးလွန်ဖောက်ဖျက်ခဲ့သော ကိုတိုက်တို့ညီအကိုနှစ်ဦး၏ ဇာတ်သိမ်းမှာ အသေဆိုးဖြင့်သေကာ မရမလှဇာတ်သိမ်းသွားကြရပေသည်။
ပြီးပါပြီ။
#အဂ္ဂဇော် #သရဲ
Keep Reading