တင်ညွန့်
လမ်းလျှောက်က ပြန်လာသော ဦးလှဖေကို မြေးဖြစ်သူက ခြံထဲမဝင်မီ ဆီးကြိုပြီး
“ဘိုးဘိုး အဖေနဲ့ အမေ ရန်ဖြစ်တယ်”
“ဘာဖြစ်လို့လဲကွယ်”
“အမေက ဈေးဖိုး ပိုတောင်းတာ အဲဒါစကားများကြတာပဲ”
“ဟုတ်လား။ လာ အိမ်ထဲဝင်ကြရအောင်”
ဦးလှဖေက အိမ်ထဲဝင်ပြီး အဝတ်အစားလဲကာ
“သမီးရေ လာဦး” ဟု ခေါ်လိုက်သည်။
သမီးဖြစ်သူက လာပြီး
“အဖေ ဘာခိုင်းမလို့လဲ”
“သမီးတို့ ရန်ဖြစ်ကြတယ်ဆို”
“မဖြစ်ပါဘူး အဖေ”
“အဖေကြားပြီးပြီ ဈေးဖိုးပိုတောင်းလို့ ရန်ဖြစ်ကြတယ်ဆိုတာ ဟုတ်သလား”
“ဘယ်သူပြောလဲအဖေ ... မဟုတ်ပါဘူး”
“သမီးရေ ... မလောက်ရင်လည်း အဖေ့ဆီက တောင်းပါကွယ်။ သူလည်း သူတစ်နေ့ ရှာနိုင်သလောက်ထဲက ပေးနေတာပဲ မဟုတ်လား။ သူ့မှာ သောက်စားတာလည်း မရှိဘဲကို။ ခုတစ်လော အဆင်မပြေလို့ နေမှာပေါ့”
“အဖေရေ ဆန်လေး ဝယ်ထားချင်လို့ ပိုတောင်းမိတာပါ။ အဲဒါကို ရန်လုပ်နေလို့”
“သမီးရေ ... ဒီမှာ ငါးသောင်း”
“ဘာလုပ်ဖို့လဲအဖေရယ်”
“ဆန်သွားဝယ်လိုက်ကွယ်။ ရသလောက်ပေါ့။ အိမ်ရှေ့ပူ အိမ်နောက် မချမ်းသာဆိုသလို ရန်တော့ မဖြစ်ကြပါနဲ့။ ရန်ဖြစ်တယ်ဆိုတဲ့ အသံကြားရင် စိတ်မကောင်းဘူး။ အိမ်တွင်းရေးကိစ္စ လူသိရှင်ကြားဖြစ်အောင် ဘယ်တော့မှ မလုပ်နဲ့။ အဆင်မပြေတာကို အားလုံး မျက်နှာချင်းဆိုင်ပြီး အေးအေးဆေးဆေး ပြောပြ။ အခက်အခဲတွေ ဖြစ်နေတဲ့ကာလမှာ အားလုံးမျှဝေပြီး ဖြေရှင်းကြတာပေါ့”
“အဖေ့ကို အဖေ့မြေး လာတိုင်တာ မဟုတ်လား”
“တိုင်တော့ ဘာဖြစ်သလဲကွယ်။ သူပြောလို့ အဖေသိရတာပဲ”
“အဖေ့ပိုက်ဆံ မယူပါဘူး။ ညနေကျရင် အဆင်ပြေသွားမှာပါ”
“သမီးကိုရော ... မြေးကိုရော ပုံပြင်လေးတစ်ခုပြောမယ် နားထောင်ကြ”
လောကမှာ လူသုံးမျိုးရှိတယ်ကွယ့်။ အဲဒါကို ပြောပြချင်တာ။
ဟိုးရှေးရှေးတုန်းက ပညာရှိကြီးတစ်ယောက်ဟာ သူဌေးကြီးရဲ့ သားဖြစ်သူ မွေးနေ့အလှူကို ရောက်လာသတဲ့။ သူများတွေ မွေးနေ့လက်ဆောင်အဖြစ် တန်ဖိုးရှိတာတွေ ပေးနေချိန်မှာ ပညာရှိကြီးကတော့ အရုပ်လေး သုံးရုပ်ကို လက်ဆောင်ပေးတယ်။
သူဌေးသားက လူပျိုအရွယ်ဖြစ်နေတော့ သူဌေးကြီးကို
“ဆရာကြီးရယ် ကျွန်တော့်အရွယ်နဲ့ ဒီလို ကစားစရာ အရုပ်နဲ့ ကစားရမှာလားခင်ဗျာ။ ကျွန်တော် ကလေးမှ မဟုတ်တော့တာ” လို့ ပြောတယ်။
ပညာရှိဆရာကြီးက
“အမောင် ဒီအရုပ် သုံးရုပ်ပေးရတာ အကြောင်းရှိပါတယ်” လို့ပြန်ပြောတယ်။
သူ့အဖေရဲ့ ဆရာဖြစ်နေတာကြောင့် ရိုသေစွာနဲ့
“ဒီအရုပ်တွေက ဘာများလဲခင်ဗျာ” လို့ ပြန်မေးတော့ ဆရာကြီးက
“အမောင် ပထမ ဒီအရုပ်နားထဲကို ဟောဒီ ကောက်ရိုးလေး ထိုးထည့်လိုက်ပါကွယ်” လို့ပြောလိုက်တယ်။
သူဌေးသားကလည်း အရုပ်နားထဲကို ကောက်ရိုးလေး ထိုးထည့်လိုက်တယ်။
ကောက်ရိုးမျှင်ဟာ တစ်ဖက်နားထဲကနေ ထိုးထည့်လိုက်တာ နောက်နားတစ်ဖက်ကနေ ပြန်ထွက်လာတယ်။
“ကဲ အမောင် ... ဒီအရုပ် နားထဲကိုလည်း ကောက်ရိုးတံလေ ထိုးကြည့်ပါကွယ်” လို့ ဒုတိယအရုပ်ကို ပေးလိုက် တယ်။
သူဌေးသားကလည်း နားတစ်ဖက်ကနေ ကောက်ရိုးမျှင်ကို ထိုးထည့်လိုက်တာ ကောက်ရိုးက ပါးစပ်က ထွက်လာတယ်။
ဆရာကြီးက တတိယအရုပ်ကို ပေးလိုက်ပြီး
“ဒီအရုပ်နားထဲကိုလည်း ထိုးထည့်ကြည့်ပါဦးကွယ်” လို့ပြောလိုက်တယ်။
သူဌေးသားက တတိယအရုပ်နားထဲကို ကောက်ရိုးထိုးထည့်လိုက်တော့ အဲဒီကောက်ရိုးမျှင်က ဘယ်ကမှ ထွက်မလာတော့ဘူး။
“ဘိုးဘိုး ဘာကို ဆိုလိုချင်တာလဲဟင်”
“ပြောမယ်လေ မြေးလေးရယ်”
“နားတစ်ဖက်က ဝင်ပြီး နားတစ်ဖက်ကနေ ပြန်ထွက်လာတဲ့ အရုပ်က ဘာကိုပြောသလဲဆိုရင် တချို့သော ကိစ္စတွေဟာ ကိုယ့်နားထဲကို ဝင်လာရင်၊ တခြားတစ်ဖက်ကနေ ပြန်ထုတ်ပစ်လိုက်တာ။ ဘာကိုမှ မှတ်မထားဘူး ဆိုတဲ့သဘော”
“နောက်တစ်ရုပ်ကတော့ နားထဲကို ထိုးလိုက်တာ ပါးစပ်ကထွက်တယ်နော်။ အဲဒါ ဘာကို ပြောသလဲဆိုတော့ တချို့ကလေ ကိုယ့်နားထဲ ဝင်လာတာကို ပါးစပ်က သိပ်ပြီးတော့ကို ထုတ်ပြောချင်ကြတာ။ ပြောသင့် မပြောသင့် မစဉ်းစားတော့ဘူး။ ထုတ်ပြောလိုက်ကြရော”
“နောက်တစ်မျိုးကတော့ နားထဲ တစ်ဖက်က ဝင်လာတာတွေကို နောက်တစ်ဖက်ကလည်း မထုတ်ဘူး။ ပါးစပ်ကလည်း မထုတ်ဘူး။ ရင်ထဲမှာပဲ သိမ်းထားလိုက်တာ။ မပြောသင့်ဘူးထင်ရင် ထုတ်ကို မပြောတော့ဘူး”
“လောကမှာ အဲဒီလို လူသုံးမျိုးရှိတယ်ကွယ်။ သမီးနဲ့ မြေးလေးတို့လည်း ဆင်ခြင်ကြပါ။ စကားဆိုတာ အမှတ်မထားသင့်ရင် မထားနဲ့၊ ထုတ်ပြောသင့်မှပြော၊ သိမ်းသင့်ရင်သိမ်း သိလား။ နေရာတိုင်း လူကြီးတွေက မသိချင်တော့ဘူး။ သိလို့ ကိုယ်ဖြေရှင်းပေးနိုင်တဲ့ ကိစ္စဆိုရင် ကိစ္စမရှိဘူး။ ကိုယ်က မဖြေရှင်းပေးနိုင်ရင် မှီခိုစား နေရတဲ့ဘဝမှာ သိပ်ပြီးတော့ အားငယ်တယ်ကွယ်။ အဖေစိတ်ဆိုးလို့ ပြောနေတာ မဟုတ်ဘူး။ အိမ်တွင်း ပြဿနာ လူသိရှင်ကြား မလုပ်ကြနဲ့နော်။ ကိုယ့်မရှိတာ ကိုယ်ပဲသိပါစေ။ တိုးတိုးတိတ်တိတ်ပေါ့။ အဖေရေ ပိုက်ဆံရှိလား ရှိရင်ခဏလောက် ပေးပါဦးလို့ ပြောရင်လည်း ပြီးတာပဲကွယ်။ ငွေရှာနေရတဲ့သူကိုလည်း ကိုယ့်နှုတ်ကနေ ထုတ်ပြောသင့်၊ မပြောသင့် ချင့်ချိန်ကြ။ တစ်ယောက်နဲ့ တစ်ယောက်စိတ်ခုလောက်အောင် မပြောကြနဲ့။ ရော့ ... ဆန်မရှိဘူး မဟုတ်လား။ သွားဝယ်ထားလိုက်”
ဦးလှဖေက ပိုက်ဆံ တစ်သောင်းတန် ငါးရွက်ကို သမီးရှေ့တိုးပေးပြီး
“အိမ်တွင်းကိစ္စကိုအဖေလည်း အိမ်သားတစ်ယောက်အနေနဲ့ မျှဝေခံစားခွင့်ရှိတယ် မှတ်ထားနော်” ဟု ပြောလိုက်သည်။
တင်ညွန့်
Keep Reading